
ရန်ကုန် – ရှေ့နေဦးကိုနီကိုလုပ်ကြံမှုတွင် ပါဝင်ပတ်သက်သူဟု ယူဆကာ ဖမ်းဆီးခံထားရသူ ဇေယျာဖြိုးသည် နိုင်ငံသားလက်မှတ်အတုများ ပြုလုပ်ကိုင်ဆောင်မှုဖြင့် ရန်ကုန်တိုင်းဒေသ ကြီး မြို့နယ်နှစ်ခုတွင် အမှုဖွင့်ခံထားရသူဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု တရားလိုရှေ့နေက အောက်တိုဘာ ၂ဝ ရက်နေ့ ရုံးချိန်းအပြီးတွင် ပြောသည်။
ဇေယျာဖြိုးနေထိုင်ရာ တာမွေမြို့နယ်၊ ဝင်္ကပါလမ်းနေအိမ်သို့ ဖေဖော်ဝါရီလ ၄ ရက်နေ့က သွားရောက်ရှာဖွေခဲ့ရာ နိုင်ငံသားစိစစ်ရေးကတ် ၁၁ ခုကို သိမ်းဆည်းရရှိခဲ့သည့်အနက် ၄ ခုမှာ လူဝင်မှုကြီးကြပ်ရေးက တရားဝင် ထုတ်ပေးထားခြင်းမရှိဘဲ ဇေယျာဖြိုး ကိုင်ဆောင်သည့်ကတ်များ ဖြစ်သည်ဟု ရှာဖွေ သိမ်းဆည်းရာတွင် ပါဝင်ခဲ့သူ တာမွေမြို့မရဲစခန်းမှ ရဲအုပ် ဇော်ဇော်ထွန်းက ထွက်ဆိုခဲ့သည်ဟု ရှေ့နေဦးခင်မောင်ဌေးက ပြောသည်။
ဇေယျာဖြိုး၏ရှေ့နေ ဒေါ်ပပဝင်းက ကတ် ၄ ခုမှာ ယခု အမှုနှင့်သက်ဆိုင်မှု မရှိသည့်အတွက် ပြန်လှန်မေးခွန်းထုတ်ခြင်းမရှိကြောင်း ပြောသည်။ တာမွေနှင့် ဗဟန်းတို့တွင် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေဖြင့် အမှုရင်ဆိုင်နေရခြင်း ရှိမရှိဟူသော မေးခွန်းကိုမူ ၎င်းအမှုသည်၏ ခွင့်ပြုချက်အရသာ ဖြေဆိုနိုင်မည်ဖြစ်သည်ဟု တရားခွင်မှ အထွက်တွင် ပြန်လည်ဖြေကြားသည်။
၁၉၈၂ မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ(၂၁) တွင် “မည်သူမဆို နိုင်ငံသားလက်မှတ် အတုပြုလုပ်လျှင်ဖြစ်စေ၊ ထိုသို့ပြုလုပ်ရန် အားပေးကူညီလျှင်ဖြစ်စေ ထောင်ဒဏ် ၁၅ နှစ်နှင့်ငွေဒဏ် ကျပ်ငါးသောင်းကို ကျခံစေရမည်” ဟု ပါရှိသည်။
ဇေယျာဖြိုးနေအိမ်မှ သိမ်းဆည်းသည့် ပစ္စည်းများထဲတွင် ရဲအရာရှိများနှင့်အတူ ဗီယက်နမ်နိုင်ငံတွင် ရိုက်ကူးထားသည့်ပုံအပါအဝင် ဓာတ်ပုံ ၂ဝ၊ သူနှင့် ဇနီးသည် ဒေါ်သီတာလွင်တို့၏ နိုင်ငံကူးလက်မှတ်များ၊ လိပ်စာကတ် ၈၁ ခု၊ “တရားမျှတမှုဖွေရှာ အမေရိကန်မှ ရိုဟင်ဂျာ” အမည်ရှိ စာအုပ်တစ်အုပ်တို့ ပါဝင်ကြောင်း ထွက်ဆိုခဲ့သည်။
ဗဟန်းမြို့နယ် ဆရာစံရပ်ကွက်ရှိ ဇေယျာဖြိုး ကုမ္ပဏီရုံးခန်းသို့ သွားရောက်ရှာဖွေရာတွင် အဖြူရောင်နှင့် အနက်ရောင် သေနတ်အိတ်နှစ်အိတ်၊ စကားပြောစက်နှစ်လုံးနှင့် ဘက်ထရီအပို ခြောက်လုံး၊ ‘မစိုးရိမ် ဂန္ထဝင်တရားတော်များ တရားခွေတို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု ပြီးခဲ့သည့် သီတင်းပတ်ရုံးချိန်းတွင် စစ်ဆေး ပေါ်ပေါက်ခဲ့သည်။
လေဆိပ်လုပ်ကြံမှုနှင့်ပတ်သက်ပြီး ဖမ်းဆီးခံထားရသူ အသက် ၄၁ နှစ်အရွယ်ရှိ ဇေယျာဖြိုးမှာ တပ်မတော်အရာရှိဟောင်းတစ်ဦးဖြစ်ပြီး တပ်မတော် သတင်းစုဆောင်းရေးသင်တန်း ကျောင်း နည်းပြဟောင်းတစ်ဦး ဖြစ်သည်။
တပ်မတော် သတင်းစုဆောင်ရေးသင်တန်းကျောင်းမှ အနားယူပြီးနောက် ဇေယျာဖြိုးကုမ္ပဏီအမည်ဖြင့် ဆောက်လုပ်ရေးလုပ်ငန်းများကို လုပ်ကိုင်ခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဆက်စပ် သည့် ဆောက်လုပ်ရေး လုပ်ငန်းများကို လုပ်ကိုင်ခဲ့သောကြောင့် ရဲချုပ်ဆုနှင့် ဂုဏ်ပြုမှတ်တမ်းများကိုလည်း ရရှိခဲ့သူဖြစ်သည်ဟု ၎င်း၏ရှေ့နေက တရားခွင်တွင် ထွက်ဆိုခဲ့ဖူး သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီမှာ ယခုနှစ်အစောပိုင်းက နိုင်ငံခြားခရီးစဉ်တစ်ခုမှအပြန် ရန်ကုန်လေဆိပ်သို့အရောက်တွင် သေနတ်သမားတစ်ဦး၏အနီးကပ် ပစ်ခတ် လုပ်ကြံမှုကို ခံခဲ့ရသည်။