သတင်း

ဦးကိုနီအမှုမှ လိုအပ်သည့်သက်သေ စစ်ခွင့်မရသေးသဖြင့် ရှေ့နေ အားမရ

ရန်ကုန်လေဆိပ် လုပ်ကြံသတ်ဖြတ်မှု၏ အဓိကတရားခံဖြစ်သည့် ဒုတိယဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင် ဖမ်းမိရေးအတွက် လိုအပ်သည့် သက်သေများကို စစ်ဆေးခွင့် မရသေးသဖြင့် ကျေနပ်အားရမှုမရှိကြောင်း အမှုတွင် လိုက်ပါ ဆောင်ရွက်နေသူ ရှေ့နေကြီး ဦးနေလက ဇူလိုင် ၇ ရက်နေ့တွင် ပြောလိုက်သည်။

“တရားခံပြေးအမှုမှာ သူ့ကို ကွင်းဆက်ကောက်နိုင်လောက်အောင် ဒါမှမဟုတ်ရင် တရားရုံးကနေပြီးတော့ သူ့ကို ရှာဖွေဖမ်းဆီးနိုင်လောက်တဲ့ အခြေအနေမရှိဘူးလို့ ဆုံးဖြတ်နိုင်လောက်အောင် လိုအပ်တဲ့ သက်သေတွေအားလုံးကို တရားရုံးက ခေါ်ယူစစ်ဆေးဖို့ တာဝန်ရှိတယ်” ဟု ဦးနေလက ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှ အထွက်တွင် ပြောသည်။

“တာဝန်ရှိတဲ့အပိုင်းနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ တင်ပြဖို့ ကြိုးစားပေမဲ့ အဲဒီတင်ပြချက်ကို ဥပဒေရုံးက တရားရုံးကို တင်မပေးဘူး” ဟု ဦးနေလက သတင်းထောက်များကို ပြောသည်။

ထွက်ပြေးလွတ်မြောက်နေသည့် ဒုတိယဗိုလ်မှူးကြီးဟောင်းကို နေပြည်တော်ရှိ ပရဆေးဥယျာဉ်အနီး နောက်ဆုံးတွေ့လိုက်ရသည်ဟု သတင်းထွက်လာသည်မှာ လအတန်ကြာလာပြီ ဖြစ်သော်လည်း ၎င်းကို ပြန်လည်ခြေရာခံမိပြီဟူသော သတင်း ထွက်ပေါ်မလာသေးပေ။

တရားခံရှေ့နေ

ဇူလိုင် ၇ ရက်နေ့ တရားခွင်ရှိ ခရိုင်တရားသူကြီးသုံးဦး ရှိနေသည့် နေရာ၏ ဘေးတစ်ဖက်တစ်ချက်တွင် တရားခံရှေ့နေ ၄ ဦး၊ တရားလိုရှေ့နေ ၄ဦးတို့ နေရာယူထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီ ရန်ကုန်လေဆိပ်အထွက်တွင် အနီးကပ်ပစ်ခတ်သော သေနတ်သမား ကြည်လင်းကို လိုက်လံဖမ်းဆီးခဲ့သူ ရဲအုပ်အေးမင်းသူလည်း တရားခွင်သို့ လာရောက်ထွက်ဆိုသည်။

တရားခံရှေ့နေ ဦးအောင်ခိုင်က သူ၏အမှုသည်များဖြစ်သော အောင်ဝင်းထွန်း၊ အောင်ဝင်းဇော်တို့ ညီအစ်ကိုနှစ်ဦးနှင့် ပတ်သက်ပြီး ရဲအုပ်ကို မေးမြန်းသည်။

အခင်းဖြစ်ပွားသည့်နေရာတွင် သေနတ်သမားကြည်လင်းအပြင် အခြားတစ်ဦးတစ်ယောက် ထွက်ပြေးသွားခြင်း၊ လိုက်လံဖမ်းဆီးရခြင်း ရှိ၊ မရှိ ဟူသော မေးခွန်းများကို ရဲအုပ်အေးမင်းသူက မရှိကြောင်း၊ သတိမထားမိကြောင်း ပြန်လည် ဖြေကြားသည်။

နောက်ပိုင်းတွင် တရားခံရှေ့နေ ဦးအောင်ခိုင်က သူ့အမှုသည်တို့ အောင်မှတ် ၂ မှတ် ရပြီဟု သတင်းထောက်များကို ပြောသည်။

“အခု ထွက်ဆိုသွားတဲ့ သက်သေနှစ်ယောက်အထိတော့ (အမှုသည်တွေကို) ထိခိုက်ပြီးတော့ ထွက်ဆိုသွားတာ မရှိသေးဘူး။ ဘယ်သက်သေကျမှ ကျွန်တော့်လူတွေကို လာထိခိုက်ပြီး ထွက်ဆိုမယ်ဆိုတာတော့ မသိသေးဘူး” ဟု သူက ပြောသည်။

နောက်တိုးတရားခံများ ထပ်မံတင်သွင်းလာမည်ဆိုပါကလည်း သူ့အနေဖြင့် ကန့်ကွက်မည်မဟုတ်ကြောင်း၊ အမှန်တရားပေါ်ပေါက်ရန်အတွက် ကြိုဆိုသွားမည်ဖြစ်ကြောင်း ရှေ့နေက မှတ်ချက်ပေးသည်။

“သို့သော်လည်း လုပ်ပေးရမယ့်အဖွဲ့အစည်းကို ပြောတဲ့အခါမှာတော့ ဥပဒေမဲ့တော့ ပြောလို့မရဘူး။ ဒီတရားခံဟာ ဒီပြစ်မှုမှာပါတဲ့အကြောင်း သက်ဆိုင်ရာ ပြည်ထဲရေးဝန်ကြီး၊ သက်ဆိုင်ရာရဲတပ်ဖွဲ့တို့ကို တင်ပြနိုင်ရင် ဒီတပ်ဖွဲ့အဖွဲ့အစည်းတွေက မလုပ်ပေးနိုင်ဘူးဆိုရင်တော့ တစ်မျိုးပေါ့ဗျာ” ဟု ရှေ့နေက ပြောသည်။

လက်ဖက်ရည်ဆိုင်တွေ့ဆုံမှု

ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက ထောက်လှမ်းရေးဗိုလ်ကြီးဟောင်း ဇေယျာဖြိုး၊ ဒုတိယဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်၊ လွှတ်တော်အမတ် ဦးလင်းဇော်ထွန်းတို့ ရန်ကုန်၊ တာမွေမြို့နယ် မော်ဒန်လက်ဖက်ရည်ဆိုင်တွင် တွေ့ဆုံစဉ် ဦးကိုနီနှင့် ပတ်သက်ပြီး မကျေမနပ်ပြောဆိုဆွေးနွေးကြရာမှ လုပ်ကြံသတ်ဖြတ်မှု ပေါ်လာခြင်းဖြစ်သည်ဟု လေဆိပ်လုပ်ကြံမှု ၂လအကြာတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့က လွှတ်တော်အမတ်ကို စစ်ဆေးမေးမြန်းခဲ့ကြောင်း၊ သို့သော်လည်း ဦးကိုနီလုပ်ကြံခံရမှုနှင့် ပတ်သက်မှုမရှိဟု တွေ့ရကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောသည်။

Show More

Related Articles

Back to top button