
၂၀၁၉ ခုနှစ်အတွင်းက မြန်မာစစ်တပ်ထံ တရားမဝင် စစ်သင်္ဘောလွှဲပြောင်းရောင်းချခဲ့မှုအပေါ် တောင်ကိုရီးယားရဲတပ်ဖွဲ့က သက်ဆိုင်ရာ ကုမ္ပဏီများနှင့် ကာကွယ်ရေးဝန်ကြီးဌာနကို ကနဦး စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း သိရသည်။
မြန်မာရေတပ်အတွက် အကြီးဆုံးဖြစ်သော စစ်သင်္ဘောကို တည်ဆောက်ရောင်းချရာတွင် တောင်ကိုရီးယားနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု အက်ဥပဒေကို ချိုးဖောက်သည်ဆိုသော စွပ်စွဲချက်ဖြင့် Posco International ကုမ္ပဏီ၊ သင်္ဘောတည်ဆောက်ရေးကုမ္ပဏီ Daesun နှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ကို ရဲတပ်ဖွဲ့က စတင် စစ်ဆေးနေခြင်းဖြစ်သည်။
မြန်မာစစ်တပ်က မုတ္တမ (UMS Mottama) အမည်ဟု အမည်ပေးထားသည့် အကြီးစားစစ်သင်္ဘောကို ကိုရီးယားနိုင်ငံပိုင် သွင်းကုန်ထုတ်ကုန်ဘဏ်က အများစုပိုင်ဆိုင်သည့် Daesun ကုမ္ပဏီက တည်ဆောက်ပေးကာ Posco က ကြားဝင်ဆောင်ရွက်ပေးခြင်းဖြစ်သည်။
အဆိုပါ ကမ်းတက်စစ်သင်္ဘော တင်ပို့ရောင်းချရန် Daeson ကုမ္ပဏီက ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် ကနဦး လျှောက်ထားခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။ ထိုနှစ် ဇွန်လတွင် မြန်မာရေတပ်မှ ဗိုလ်မှူးချုပ်ဇော်ဝင်းက ရောင်းချခွင့်ပြုရန် ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနထံ စာရေးသားတောင်းဆိုခဲ့သည်။
စစ်သင်္ဘောကို သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ဆိပ်ကမ်းမရှိသော ဒေသများသို့ လယ်ယာထွက်ကုန်ပစ္စည်းများ တင်ပို့ရန် အသုံးပြုမည်ဖြစ်ကြောင်း မြန်မာစစ်တပ်က အကြောင်းပြခဲ့သည်။
ထို့နောက်တွင် မြန်မာစစ်တပ်နှင့် ပတ်သက်ဆက်နွှယ်ရှိသော Posco International ကုမ္ပဏီက သင်္ဘောတည်ဆောက်ရေးကုမ္ပဏီနှင့် ပူးပေါင်း၍ အရပ်ဘက်သုံးသင်္ဘောအဖြစ် တည်ဆောက်မည်ဖြစ်ကြောင်း အစီအစဉ်သစ်တင်ပြခဲ့သည်။

မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အကျိုးစီးပွားများကို ဖော်ထုတ်နေသော Justice For Myanmar (JFM) ထံ ပေါက်ကြားလာသော အထောက်အထားများအရ Posco ကုမ္ပဏီနှင့် စစ်လက်နက်ပစ္စည်းဝယ်ယူရေးညွှန်ကြားရေးမှူးရုံးတို့ သီးခြားဆွေးနွေးခဲ့ပြီး Posco Daewoo ဟု လူသိများခဲ့သည့် ကုမ္ပဏီက သင်္ဘောဝယ်ယူရေးကို အဆိုပြုခဲ့သည်ဟု သိရသည်။
နောက်ပိုင်းတွင် သင်္ဘောတည်ဆောက်ရေးကုမ္ပဏီက သင်္ဘောဆိုင်ရာ အသေးစိတ်ဖော်ပြချက်များအရ အရပ်ဘက်သုံးသင်္ဘောဖြစ်အောင် အမြန်ပြုပြင်တည်ဆောက်ခဲ့သည်။ သို့သော် စက်သေနတ်နှင့် အမြောက်တပ်ဆင်မည့် အသေးစိတ်အချက်အလက်များကို ဖျောက်ကာ တင့်ကားထားမည့်နေရာကိုလည်း ‘K-Deck’ ဟု အမည်ပြောင်းလိုက်သည်။
စစ်သင်္ဘောမှာ Landing Platform Dock (LPD) အမျိုးအစားဖြစ်သော်လည်း နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုကို ရှောင်လွှဲနိုင်ရန် အရပ်ဘက်သုံးခေါင်းစဉ်အောက်တွင် စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်ဟု ထိုစစ်သင်္ဘောတွင် တာဝန်ထမ်းဆောင်ခဲ့သူ ရေတပ်မှ တပ်ကြပ်ကြီးမြတ်မင်းသူက ပြောသည်။
ရေတပ်အတွက် အလွန်အရေးပါသည့် မဟာဗျူဟာမြောက်သင်္ဘောဖြစ်ပြီး တပ်မတစ်ခုလုံး ပြောင်းရွှေ့ကာ စစ်ဆင်နိုင်ကြောင်း၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံအထိပင် အကြီးစားစစ်ဆင်ရေးများပင် လုပ်နိုင်ကြောင်း စစ်တပ်ကို စွန့်ခွာကာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့သူ ရေတပ်အရာရှိဟောင်းက ဆိုသည်။
“တကယ်တမ်းတော့ စစ်သင်္ဘောပဲလေ။ ဂျူတီက Sea Lift Duty လို့ခေါ်တယ်။ ရေတပ်မှာ Sea Lift ဆိုတာ အဓိက သယ်ယူပို့ဆောင်ရေးပေါ့။။ တပ်တွေကို ပို့လို့ရတယ်။ အရမ်းကို အရေးကြီးတဲ့ သင်္ဘောမျိုးပဲ။ တခြားသင်္ဘောတွေ သူ့လောက် မစွမ်းနိုင်ဘူး” ဟု တပ်ကြပ်ကြီးမြတ်မင်းသူက ပြောသည်။
ထိုစစ်သင်္ဘော တည်ဆောက်ရေးအတွက် Posco ကုမ္ပဏီနှင့် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတတ်တို့ ၂၀၁၈ ခုနှစ်တွင် စာချုပ်ချုပ်ဆိုခဲ့ကာ ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် လွှဲပြောင်းပေးခဲ့သည်။ ထိုနှစ် ဒီဇင်ဘာလအတွင်း ၇၂ နှစ်မြောက် ရေတပ်နှစ်ပတ်လည်နေ့တွင် မုတ္တမစစ်သင်္ဘောအဖြစ် တပ်တော်ဝင်ခဲ့သည်။
လက်ရှိ မြန်မာရေတပ်တွင် အကြီးဆုံးဖြစ်သော ထိုစစ်သင်္ဘောပေါ်တွင် ရဟတ်ယာဉ်သုံးစီးအထိ ရပ်နားနိုင်ပြီး သင်္ဘောဝမ်းဗိုက်တွင် သံချပ်ကာယာဉ်လေးစီး၊ ကုန်း/ရေ နှစ်သွယ်သွား အပေါ့စားတင့်ကား ၁၂ စီး၊ ၁၆ တန် အလေးချိန်ရှိ ထရပ်ကား ၁၅ စီးအထိ တင်ဆောင်နိုင်သည်ဟု သိရသည်။
ထို့ပြင် အမြန်သွားရေယာဉ်ငယ်များ၊ ကမ်းထိုးရေယာဉ်များနှင့် စစ်သား ၅၅၇ ဦးအထိ ထားရှိနိုင်သည့် လူနေခန်းများလည်း ပါရှိပြီး သင်္ဘောကုန်းပတ်ပေါ်တွင် လူ ၁၀၀ ကျော် တင်ဆောင်နိုင်ကြောင်း၊ သင်္ဘောမှာ အလျားပေ ၄၀၀၊ အနံ ၇၂ ပေကျော်ရှိသည်။
တောင်ကိုရီးယားရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုအပေါ် ကြိုဆိုကြောင်း၊ ကိုရီးယားအစိုးရရှေ့နေအနေဖြင့် မြန်မာစစ်တပ်ထံ စစ်သင်္ဘောလွှဲပြောင်း ရောင်းချရာတွင် တာဝန်ရှိသူများကို အမြန်ဆုံး စွဲချက်တင်စေလိုကြောင်း JFM နှင့် မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံသည့် တောင်ကိုရီးယားအရပ်ဘက်အဖွဲ့အစည်းများ (KCSSDM) တို့က ပူးတွဲထုတ်ပြန်ထားသည်။
“ဒီကိစ္စမှာ Posco International ပါဝင်ပတ်သက်နေတဲ့အကြောင်း သံသယရှိပါတယ်။ ဘာလို့ဆို သူတို့က မြန်မာစစ်တပ်နဲ့ ကာလရှည် ပူးပေါင်းဆက်ဆံရေး သမိုင်းကြောင်းရှိပါတယ်” ဟု KCSSDM အဖွဲ့ဝင် Kinam Kim က ပြောသည်။
မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများ ကျူးလွန်ရာတွင် အသုံးပြုနိုင်သော ထိုစစ်သင်္ဘောလွှဲပြောင်းရောင်းချရာတွင် တောင်ကိုရီးယားအစိုးရအနေဖြင့် Posco နှင့် Daesun ကုမ္ပဏီတို့ကို ခွင့်ပြုပေးခဲ့ခြင်းအပေါ် လက်သင့်မခံနိုင်ဖွယ်ရာဖြစ်ကြောင်း JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကလည်း ပြောသည်။
“ကိုရီးယားအစိုးရအနေနဲ့ မြန်မာစစ်တပ်ထံ ငွေကြေး၊ စစ်လက်နက်နဲ့ အထောက်အကူပစ္စည်းတွေ စီးဆင်းနေတာကို ရပ်တန့်နိုင်ဖို့ ခိုင်ခိုင်မာမာ ဆောင်ရွက်ရပါမယ်။ မြန်မာစစ်တပ်နဲ့ သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေကိုလည်း ပစ်မှတ်ထားအရေးယူရပါမယ်”
ပြီးခဲ့သည့် ဇွန်လအတွင်းက ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ရေးတင်းမာနေချိန် အာဏာသိမ်းစစ်တပ်က မုတ္တမစစ်သင်္ဘောကို အသုံးပြုကာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် လူသူလက်နက်အင်အား ဖြည့်တင်းခြင်းများ ဆောင်ရွက်ခဲ့သည်။
လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီနှင့် AA တို့အကြား တစ်ကျော့ပြန်တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)