အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်သိုနီဘလင်ကန်နှင့် တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချောင်အီယောင်တို့သည် မြန်မာအရေးအပါအဝင် ကမ္ဘာတစ်ဝန်း ဒီမိုကရေစီတိုက်စားမှုအကြောင်း ယနေ့ (မတ်လ ၁၈) ဆွေးနွေးခဲ့ကြသည်။
“မြန်မာနိုင်ငံမှာ စစ်တပ်က ဒီမိုကရေစီနည်းကျရွေးကောက်ပွဲရလဒ်တွေကို ပြောင်းပြန်လှန်ဖို့ ကြိုးစားနေပြီး ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေကို ရက်ရက်စက်စက် နှိမ်နင်းနေပါတယ်။ တိုင်းပြည်အနာဂတ် အတွက် ဆန္ဒပြတောင်းဆိုတာလုပ်နေတဲ့ လူငယ်လေးတွေကို ပစ်သတ်နေတာပါ” ဟု ကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ပြောသည်။
ထို့အပြင် တောင်ကိုရီးယားသို့ရောက်ရှိနေသော အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက “ကျွန်တော်တို့အနေနဲ့ အခြေခံအခွင့်အရေးနဲ့ လွတ်လပ်ခွင့်တောင်းဆိုနေကြတဲ့ပြည်သူတွေဘက်က ရပ်တည်ပေးရမှာ ဖြစ်ပြီး သူတို့အပေါ် ဖိနှိပ်တဲ့သူတွေကို ဆန့်ကျင်ရပါမယ်” ဟု မြန်မာပြည်သူများနှင့်အတူ ရပ်တည် ကြောင်းဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။
ထို့အပြင် ဘလင်ကန်က တရုတ်အစိုးရအကြောင်းကိုလည်း ထည့်သွင်းပြောဆိုပြီး ထိုင်ဝမ်၊ ဟောင်ကောင်၊ တိဘက်၊ ရှင်းကျန်းအရေးအပါအဝင် တောင်တရုတ်ပင်လယ်အရေးကိစ္စများကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။
“မြန်မာနိူင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းလုံးမှာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးတွေ နောက်ပြန်လိမ့်နေတဲ့ အချိန်မျိုးမှာ ပီကင်းရဲ့လုပ်ဆောင်ချက်တွေက ကျွန်ုပ်တို့ရဲ့မဟာမိတ်တွေ အကြားဘုံချဉ်းကပ်မှု တစ်ခု ပေါ်ပေါက်စေဖို့ အရေးအကြီးဆုံးပါပဲ” ဟု ဘလင်ကန်က တရုတ်နိုင်ငံအပေါ် တိုက်ရိုက်ရည်ညွှန်း၍ ပြောကြားခဲ့သည်။
ဘလင်ကန်နှင့် အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်ဒ်အော်စတင်သည် မတ်လ ၁၆ ရက်ကလည်း ဂျပန်နိုင်ငံသို့ ရောက်ရှိစဥ် အာရှမဟာမိတ်များနှင့် ဆွေးနွေးရေး သီတင်းပတ် စတင်မှုအဖြစ် ဂျပန် နိုင်ငံခြားရေးဝန်ကြီး မိုတီဂီ၊ ဂျပန်ကာကွယ်ရေးဝန်ကြီး ကီရှီတို့နှင့် တွေ့ဆုံစဥ် မြန်မာအရေး၊ မြောက်ကိုရီးယားနျူအရေးနှင့် တရုတ်ကြီးစိုးမှု ထိန်းချုပ်ရေး အပါအဝင် အခြားအရေးကြီးကိစ္စများ ဆွေးနွေးခဲ့ကြသည်။
စစ်အာဏာသိမ်းမှုအပေါ်ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာ၊ ရဲရင့်စွာဆန္ဒပြနေသော မြန်မာပြည်သူများအပေါ် စစ်သားများက ရက်စက်စွာ နှိမ်နင်းနေမှုအပေါ် နိုင်ငံတကာက တစ်ညီတစ်ညွတ်တည်း ဆန့်ကျင်ရှုတ်ချရန်လည်း ဘလင်ကန်က တိုက်တွန်းခဲ့သည်