
တောင်ကိုရီးယားနိုင်ငံမှ Posco International ကုမ္ပဏီက မြန်မာနိုင်ငံတွင် လုပ်ကိုင်လျက်ရှိသည့် သဘာဝဓာတ်ငွေ့စီမံကိန်းနှင့် ပတ်သက်၍ အမြတ်ဝေစုပေးချေမှုကို ပြန်လည်သုံးသပ်နေကြောင်း Reuters သတင်းဌာနက ယမန်နေ့ (မေ ၂၈) တွင် ရေးသားသည်။
Posco ကုမ္ပဏီ၏ ထိုအစီအစဉ်သည် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက် တစ်တိုင်းတစ်ပြည်လုံး ကမောက်ကမဖြစ်စေခဲ့သည့် စစ်ကောင်စီအတွက် ထိုးနှက်ချက်တစ်ခုဖြစ်လာသည်။ ပြင်သစ်ရေနံကုမ္ပဏီကြီး Total နှင့် အမေရိကန်ရေနံကုမ္ပဏီ Chevron တို့က နိုင်ငံပိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် ဖက်စပ်လုပ်ကိုင်နေသည့် သဘာဝဓာတ်ငွေ့သယ်ယူပို့ဆောင်ရေးစီမံကိန်းမှ အမြတ်ငွေခွဲဝေမှုကို ရပ်ဆိုင်းခဲ့ပြီးဖြစ်သည်။
စစ်အာဏာသိမ်းပြီးချိန်မှစ၍ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်လျက်ရှိသည့် နိုင်ငံတကာကုမ္ပဏီများသည် ၎င်းတို့၏ လုပ်ငန်းများ ပြန်လည်သုံးသပ်ရန် လူ့အခွင့်အရေးအုပ်စုများ၏ ဖိအားပေးခြင်းခံနေရပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှာ နိုင်ငံခြားငွေရှာဖွေပေးနေသည့် အကြီးမားဆုံးသော ကဏ္ဍဖြစ်သည်။
“နိုင်ငံတကာအသိုင်းအဝိုင်းကနေ တောင်းဆိုနေတာနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ပြန်သုံးသပ်နေပါတယ်။ ကုမ္ပဏီတွင်း ဘက်ပေါင်းစုံကနေ ဆွေးနွေးမှုတွေရှိနေပါတယ်” ဟု ရခိုင်ကမ်းလွန်ရှိ ရွှေရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းကို အော်ပရေတာအဖြစ် လုပ်ကိုင်လျက်ရှိသည့် Posco International ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူက Reuters သတင်းဌာနကို ပြောကြားထားသည်။
အာဏာသိမ်းစစ်ကောင်စီ၏ ဝင်ငွေရပေါက်ရလမ်းများကို ပိတ်ဆို့နိုင်စေရေး စစ်ကောင်စီလက်အောက်ခံ MOGE နှင့် ပူးပေါင်းလုပ်ကိုင်လျက်ရှိသော နိုင်ငံတကာကုမ္ပဏီများကို တက်ကြွလှုပ်ရှားသူများက အပြင်းအထန် ဆက်တိုက်ဖိအားပေးလျက်ရှိရာ ပြင်သစ်ရေနံကုမ္ပဏီကြီး Total က သဘာဝဓာတ်ငွေ့သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှ အမြတ်ဝေစုအချို့ကို ဆိုင်းငံ့ထားရန် မေ ၂၇ တွင် ထုတ်ပြန်ကြေညာခဲ့သည်။
MOGE အပါအဝင် အမေရိကန်ရေနံကုမ္ပဏီ Chevron, ထိုင်းနိုင်ငံ PTTEP ကုမ္ပဏီတို့နှင့် ပူးပေါင်း၍ မုတ္တမကမ်းလွန်ရှိ ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းမှ ထွက်ကုန်ကို တင်ပို့ရောင်းချရန် ထူထောင်ထားသည့် မုတ္တမသဘာဝဓာတ်ငွေ့ပို့ဆောင်ရေးကုမ္ပဏီ (Moattama Gas Transportation Company-MGTC) တွင် ပြင်သစ်ရေနံကုမ္ပဏီကြီး Total သည် ၃၁ ဒသမ ၂၄ ရာခိုင်နှုန်းဖြင့် အများဆုံးရှယ်ယာထည့်ဝင်ထားသည်။ ထိုစီမံကိန်းမှ ရရှိသည့်အမြတ်ဝေစုပေးချေရေး ဆိုင်းငံ့ထားရန် Total က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံတကာဖိအားများကြောင့် Posco ကုမ္ပဏီက ထိုသို့ပြန်လည်သုံးသပ်လျက်ရှိသည်ဆိုသော်လည်း ထိုမျှနှင့် မလုံလောက်ကြောင်း မြန်မာ့ဒီမိုကရေစီအရေးကူညီထောက်ပံ့နေသည့် ကိုရီးယားအရပ်ဘက်အဖွဲ့အစည်း၏ လူ့အခွင့်အရေးဆိုင်ရာရှေ့နေဖြစ်သူ ကီနန်ကင်က ဆိုသည်။
“စစ်တပ်ရဲ့ ရာဇဝတ်မှုတွေကို ရေနံနဲ့ သဘာဝဓာတ်ငွေ့က ငွေကြေးအရ အထောက်အပံ့ဖြစ်နေပါတယ်။ Posco အနေနဲ့ စစ်အုပ်စုဆီရောက်မယ့် ငွေပေးချေမှုအားလုံးကို ဆိုင်းငံ့ထားဖို့ ချက်ချင်းဆောင်ရွက်ရပါမယ်” ဟု ၎င်းက ပြောသည်။
ဘင်္ဂလားပင်လယ်အော်ရှိ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းတွင် Posco က အများဆုံးရင်းနှီးမြှုပ်နှံထားပြီး နိုင်ငံပိုင် MOGE၊ အိန္ဒိယနိုင်ငံမှ ONGC နှင့် GAIL ကုမ္ပဏီတို့ကလည်း ပါဝင်ရင်းနှီးမြှုပ်နှံထားသည်။ ထိုစီမံကိန်းမှ ထုတ်ယူရရှိသည့် သဘာဝဓာတ်ငွေ့ကို တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနေခြင်းဖြစ်သည်။
ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းတွင် တောင်ကိုရီးယားနိုင်ငံမှ Posco ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၃ ဘီလျံ ရင်းနှီးမြှုပ်နှံထားပြီး စီမံကိန်းမှ ထုတ်လုပ်ရရှိသော သဘာဝဓာတ်ငွေ့ ၂၀ ရာခိုင်နှုန်းကို မြန်မာနိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအတွက် အသုံးပြုနေကြောင်း ကုမ္ပဏီက ပြောကြားသည်ဟု Reuters သတင်းက ဆိုသည်။