သတင်း

ဦးခေါင်းကျည်ထိသည့် ရန်ကုန်မှဘဏ်ဝန်ထမ်း ၂ ရက်အကြာတွင် ကွယ်လွန် 

တောင်ကိုရီးယားဘဏ် တစ်ခုဖြစ်သော Shinhan Bank ၏ ရန်ကုန်မြို့ရုံးခွဲမှ ဦးခေါင်းကျည်ထိမှန်ထားသည့် မြန်မာဝန်ထမ်းတစ်ဦး ယနေ့ (ဧပြီ ၂)နံနက်ပိုင်းတွင် သေဆုံးသွားကြောင်း နီးစပ်သူများထံမှ သိရသည်။ 

မတ် ၃၁ က မစုစုကြည်တို့ စီးနင်းလာသည့် ဝန်ထမ်းကြိုပို့ကား တာမွေမြို့ ဦးချစ်မောင်လမ်းအတိုင်း မောင်းနှင်သွားစဉ် စစ်ကောင်စီလက်နက်ကိုင်တို့က ပစ်ခတ်ရာ ကားအတွင်းမှ အသက် ၃၂ နှစ်အရွယ် မစုစုကြည်ကို ထိမှန်သွားခြင်းဖြစ်သည်ဟု နီးစပ်သူများက ပြောသည်။

ထို့နောက် မစုစုကြည်ကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးကုသမှုပေးခဲ့သော်လည်း နှစ်ရက်အကြာတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။ 

မစုစုကြည်၏ နာရေးအခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းတွင် ပြုလုပ်သွားမည်ဟု သိရသည်။

မစုစုကြည် ကွယ်လွန်သည့်အတွက် ဝမ်းနည်းကြေကွဲရကြောင်း ဘဏ်လုပ်ငန်းလုပ်ကိုင်သူများသမဂ္ဂ Myanmar Bankers Union က ယနေ့ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  

မြို့နယ်အသီးသီးမှ ဘဏ်ဝန်ထမ်းအများအပြားသည် စစ်ကောင်စီဆန့်ကျင်သူများဖြစ်သည်။

မတ် ၂၈ နေ့လယ်ပိုင်းက တောင်ဒဂုံမြို့နယ်၊ တံတားထိပ်မှတ်တိုင်အနီး ဆန္ဒပြနေသူများ ပစ်ခတ်ခံရမှုတွင် အကြမ်းဖက်ပစ်ခတ်ရာ ဧရာဝတီဘဏ်ဝန်ထမ်းတစ်ဦးဖြစ်သူ မခိုင်ဇာသွယ် ကျည်သင့်သေဆုံးခဲ့သည်။

ရန်ကုန်မြို့တွင်း လတ်တလောပစ်ခတ်မှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီက ထုတ်ပြန်ခြင်း မရှိသေးပေ။

အာဏာသိမ်းထားသည့် ၂ လအတွင်း မြို့နယ်အသီးသီးရှိ ဆန့်ကျင်ကန့်ကွက်သူများကို စစ်ကောင်စီတပ်များက ပစ်ခတ်လျက်ရှိရာ အရပ်သား ၅၀၀ ထက်မနည်း သေဆုံးခဲ့သည်။ စစ်ကောင်စီလက်နက်ကိုင်တို့က ရုပ်အလောင်းလုခြင်း၊ နာရေးတွင် လိုက်လံနှောင့်ယှက်ခြင်းတို့ကိုလည်း တစ်ခါတစ်ရံ ပြုလုပ်တတ်သည်။

ကရင်ပြည်နယ်အတွင်းတွင်လည်း ကျေးရွာတချို့ကို လေကြောင်းမှ တိုက်ခိုက်သဖြင့် အရပ်သားတချို့သေဆုံးပြီး နေရပ်စွန့်ထွက်ပြေးရသူ ကျေးလက်ဒေသခံ ထောင်သောင်းချီရှိနေပြီဖြစ်သည်။

Show More

Related Articles

Back to top button