ရန်ကုန်အင်းစိန်ထောင်ရှိ အကျဉ်းသားများအတွက် မိသားစုဝင်များက အစားအသောက် ပါဆယ်ထုတ် လာပေးရသည့်နေရာတွင် ယနေ့ နံနက်ပိုင်းက ပါဆယ်ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ ထောင်ဝန်ထမ်း ၃ ဦးနှင့် ထောင်ဝင်စာပါဆယ်လာပို့သည့် မိသားစု ၅ ဦး သေဆုံးသည့်အပြင် လူ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ သေဆုံးသူများထဲတွင် နိုင်ငံရေးအကျဉ်းသား ကိုလင်းထက်နိုင် ခေါ် ဂျိမ်း၏ မိခင်လည်း ပါဝင်သည်။
စစ်ပွဲတစ်ခုတွင် ပထမဦးဆုံး ထိခိုက်ဆုံးရှုံးရသည်မှာ အမှန်တရားဟု ဆိုကြရာဝယ် အင်းစိန်ထောင် ဗုံးပေါက်ကွဲမှုလက်သည်တရားခံ မည်သူနည်းဆိုသည်က ဝေခွဲမရဖြစ်နေသည်။
ရုတ်တရက်ကြည့်မည်ဆိုပါက စစ်ကောင်စီကို တော်လှန်နေသော လူငယ်လူရွယ်များ၏ တိုက်ခိုက်မှုဟု ယေဘုယျ သုံးသပ်မိမည်ဖြစ်သည်။ အကြောင်းမှာ ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့ကို စစ်ကောင်စီက ကြိုးပေးသတ်ဖြတ်ပြီး မကြာမီ အင်းစိန်ထောင်ဝကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ရန်ကုန်ရှိ မြေအောက်တော်လှန်ရေးအင်အားစုတစ်စုက ထုတ်ပြန်ခဲ့ဖူးသည်။
ထို့ပြင် အာဏာသိမ်းစစ်တပ်၏ ဒေါက်တိုင်များဖြစ်သော ရဲနှင့် အကျဉ်းဦးစီးဌာနဝန်ထမ်းများကို တော်လှန်ရေးအင်အားစုများက ပစ်မှတ်ထားတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့် သာဓကများလည်း ရှိသည်။
သို့သော် ယနေ့ အင်းစိန်ထောင်တိုက်ခိုက်မှုနှင့် ပတ်သက်၍မူ ဖြစ်နိုင်၏ မဖြစ်နိုင်၏ဟူ၍ စဉ်းစားစရာ အချက်အလက်များစွာရှိနေသည်။
ကနဦးအနေဖြင့် တော်လှန်ရေးအင်အားစုများက ပြုလုပ်သည်ဟူ၍ သုံးသပ်ကြည့်ကြပါစို့။ ပေါက်ကွဲမှု ဖြစ်ပွားသည့်နေရာမှာ လုံခြုံရေးအဆင့်ဆင့်နှင့် စောင့်ကြည့်ကင်မရာအဆင့်ဆင့်ကို ဖြတ်သန်းသွားပြီးမှ ရောက်ရှိနိုင်သော အင်းစိန်ထောင်ပရိဝုဏ်အတွင်းရှိ အဆောက်အအုံတစ်ခုဖြစ်သည်။
ထိုကဲ့သို့သော နေရာမျိုးကို သွားရောက်ဖောက်ခွဲမည်ဆိုပါက ထောင်ပရိဝုဏ် ဂိတ်ဝမှ ပါဆယ်ထုတ် လက်ခံရာဌာနအထိ သွားရာလမ်းတစ်လျှောက် ဖမ်းဆီးခံရနိုင်သည့် ရာခိုင်နှုန်းလွန်စွာမြင့်မားနေသည်။ ဖောက်ခွဲမှု အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ ဗုံးကို သယ်ဆောင်သူအနေဖြင့် နာရီပိုင်းအတွင်း ဖမ်းဆီးခံရနိုင်သည်။
လုံခြုံရေးအထူးတင်းကျပ်ထားသည့် နာမည်ကျော် အင်းစိန်ထောင်အတွင်း အလွယ်တကူ ဝင်ရောက်ရန် မဖြစ်နိုင်ပေ။ ကိုယ်ရေးအချက်အလက်၊ မှတ်ပုံတင်နံပါတ်၊ မိသားစုသန်းခေါင်စာရင်းများ ပြသ စစ်ဆေးခံပြီးမှသာ ဝင်ရောက်နိုင်သည်။
ယနေ့ ပေါက်ကွဲမှုဖြစ်သည့်နေရာမရောက်မီ ပြင်ပလာသူများကို ရှာဖွေစစ်ဆေးသည့် ဂိတ်တစ်ခု ရှိနေသည်။ လူတစ်ကိုယ်စာသာ ဝင်ခွင့်ပြုသော ထိုဂိတ်တွင် အချက်အလက်များစိစစ်ခြင်း၊ ယူလာသည့် ပစ္စည်းများကို စိစစ်ခြင်းများပြုလုပ်သည်။
တိုက်ခိုက်မှု ပြုလုပ်မည့်သူဘက်က စဉ်းစားလျှင် လွန်စွာ အန္တရာယ်များပြားပြီး အကျိုးယုတ်သည့် အခင်းအကျင်းသာဖြစ်သည်။ စွန့်စားသည်ဆိုရာဝယ် တိုက်ခိုက်မည့် ပစ်မှတ်သည် သက်စွန့်စံဖျားပြုရန် ထိုက်တန်သလားဟု မေးခွန်းထုတ်မည်ဆိုပါက လုံးဝ မဟုတ်ပေ။
ယခုတိုက်ခိုက်မှု၏ ပစ်မှတ်မှာ ထောင်ဝင်စာ ပါဆယ်လာတွေ့သူများနှင့် အောက်ခြေ အညတရဝန်ထမ်းများသာဖြစ်သည်။ ထိုသူများကို တိုက်ခိုက်ရန် အကြောင်းခိုင်လုံသလားဆိုသော မေးခွန်းလည်း ရှိသည်။
တော်လှန်ရေးအင်အားစုများကြောင့် မသက်ဆိုင်သူ အပစ်မဲ့အရပ်သားများ သေကျေမှုရှိသည်ကို ငြင်းမရပေ။ လွန်ခဲ့သည့် လပိုင်းများက ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား လုပ်ကြံရာတွင် ၎င်းတို့၏ ဇနီးမယားများပါ လုပ်ကြံတိုက်ခိုက်ခံရသည်ကို တွေ့ရှိရသည်။ သို့ရာတွင် တော်လှန်ရေးအင်အားစုများက ကလဲ့စားသဖွယ် ရန်သူ သို့မဟုတ် ရန်သူ၏ဒေါက်တိုင်များဟု ယူဆရသူများနှင့် ၎င်းတို့၏ မိသားစုဝင်များကို တမင်တကာ ပစ်မှတ်ထားတိုက်ခိုက်မှုသည် မရှိဟု မဆိုနိုင်သော်ငြား အလွန် ဖြစ်ခေါင့်ဖြစ်ခဲ အခြေအနေသာဖြစ်သည်။
ထို့ကြောင့် အင်းစိန်ထောင်တိုက်ခိုက်မှုတွင် စစ်ရေးအရ အကျိုးမရှိသော ပစ်မှတ်တစ်ခုအတွက် အလွယ်တကူ ချေမှုန်းခံရနိုင်သော တိုက်ခိုက်မှုတစ်ခုကို လုပ်မည်လားဆိုသည်မှာ များစွာ သံသယပွားဖွယ်ရှိသည်။
နောက် စဉ်းစားရန်အချက်တစ်ခုမှာ ယခုတိုက်ခိုက်မှုသည် စနစ်တကျ စုဖွဲ့စီမံမှုပါရမည်ဖြစ်သည်။ စစ်ဆေးရေးဂိတ်များ ကျော်ဖြတ်ခြင်း၊ အထပ်ထပ်စစ်ဆေးမှုရှိသည့်တိုင် မျက်လှည့်ဆရာကဲ့သို့ အင်မတန်လျှို့ဝှက်၍ ဗုံးကို သယ်ဆောင်ခြင်း၊ ဖောက်ခွဲခြင်းနှင့် ဖောက်ခွဲပြီးနောက် ထွက်ပြေး လွတ်မြောက်ရန် ကြံစည်ခြင်းတို့သည် သာမာန် လူပုဂ္ဂိုလ်တစ်ဦးနှစ်ဦးဖြင့် စွမ်းဆောင်နိုင်သောကိစ္စ မဟုတ်ပေ။
လူအစုအဖွဲ့ဖြင့် ကြိုးပမ်းမှု မဖြစ်မနေလိုအပ်သည်။ လူအစုအဖွဲ့ဟု ဆိုလိုက်သည်နှင့် တိုက်ခိုက်မှု၏ ကောင်းကျိုးဆိုးပြစ် Cost and Benefit သုံးသပ်မှုက ပို၍စနစ်တကျ ရှိမည်ဖြစ်သည်။ ထိုသို့ စနစ်တကျအုပ်စုဖွဲ့မှုနှင့် ကောင်းကျိုးဆိုးပြစ် စဉ်းစားပြီးပါကလည်း ယခုတိုက်ခိုက်မှုမှာ စွန့်စားဖို့ရာ ပစ်မှတ် တန်ဖိုးမရှိခြင်း၊ မအောင်မြင်နိုင်သည့် အခွင့်အလမ်းများရှိနေခြင်းကြောင့် တော်လှန်ရေးအင်အားစုများ၏ လက်ချက်ဖြစ်ဖို့ လွန်စွာ အခွင့်အလမ်းနည်းသွားသည်။
သို့ဆိုလျှင် ဗုံးကွဲမှုလက်သည်မှာ အခြားမည်သူမှ မရှိဘဲ စစ်ကောင်စီသာဖြစ်နေသည်။ စစ်ပွဲတစ်ခု ဖြစ်လာလျှင် မရည်ရွယ်သော်လည်း စစ်ပရိယာယ်အတွက် မိမိတပ်ဖွဲ့ဝင်များကိုပင် သေမင်းခံတွင်းသို့ ပို့ရသည်များရှိသည်။
ယခုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီအတွက် မည်သည့်ဆုံးရှုံးမှုမှမရှိ။ နိုင်ငံရေးအကျဉ်းသားနှင့် ရိုးရိုးအကျဉ်းသားများ၏ မိသားစုဝင်များ သေဆုံး၊ အောက်ခြေ အညတရဝန်ထမ်းအချို့ အသက်ဆုံးရှုံးမှုကို ထောက်ပြကာ လက်နက်ကိုင်တော်လှန်ရေးကို ပုံဖျက်နိုင်သည်။ စစ်ကောင်စီအတွက် အလွန်အသုံးဝင်သော နည်းဗျူဟာတစ်ခုဖြစ်သည်။
ကျွဲကူးရေပါ ဆိုသလို လူအဖွဲ့အစည်းအတွင်း တော်လှန်ရေးအင်အားစုများအပေါ် သို့လောသို့လော သဘောထားကွဲမှုများ ဖြစ်ပေါ်စေနိုင်သည်။ ဆန့်ကျင်တော်လှန်သူအချင်းချင်း အပြစ်ဖို့ခြင်းနှင့်အတူ သံသယကြီးထွာလာကာ ပြည်သူလူထုက မြားဦးလှည့်သွားနိုင်သည်။
ထို့ကြောင့် ယခုတိုက်ခိုက်မှုသည် စစ်ကောင်စီဘက်က ကျူးလွန်သည်ဟူ၍ များစွာသံသယပွားဖွယ်ရာ ဖြစ်နေသည်။
ယခုကဲ့သို့ သုံးသပ်ဝေဖန်ရခြင်းသည် ပေါက်ကွဲပစ်ခတ်မှုဖြစ်၍ အရပ်သားသေတိုင်း ဟိုဘက်က လုပ်သည်၊ ဒီဘက်ကလုပ်သည်ဟူ၍ ပုံချလိုသည်မဟုတ်။ လက်တွေ့မြေပြင်အခြေအနေအရ ဖြစ်နိုင်၏ မဖြစ်နိုင်၏နှင့် တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးအပြစ်ကို သုံးသပ်ပြခြင်းသာဖြစ်သည်။
စစ်အာဏာသိမ်းပြီး ပြည်သူလူထု၏ တစ်ခဲနက်ဆန္ဒပြကန့်ကွက်မှုကို ကြုံနေရသည့်အချိန်တွင် စစ်ကောင်စီသည် ၎င်းငှားထားသော အစ္စရေးလော်ဘီတစ်ဦး၏ အကူအညီဖြင့် CNN သတင်းဌာနကို ရန်ကုန်သို့ ဖိတ်ကြားခဲ့သည်။
ထို့နောက် စစ်တပ်ပိုင် ရန်ကုန်ရှိ ရူဘီမတ်ကုန်တိုက်နှင့် ဂန္ဓမာအရောင်းကုန်တိုက်တို့ကို ညမထွက်ရ အမိန့်ထုတ်ထားချိန် မနက်မိုးမသောက်မီတွင် မီးတင်ရှို့၍ ဆန္ဒပြသူတို့က အကြမ်းဖက်လုပ်ရပ်များကျူးလွန်နေသည်ဟုဆိုကာ CNN သတင်းဌာနကို လာရောက်သတင်းယူစေခဲ့သည်။
(ထိုကုန်တိုက်နှစ်ခုလုံးရှိ ပစ္စည်းများကို စစ်တပ်က ကြိုတင်ရွှေ့ပြောင်းထားပြီးမှ မီးလောင်မှုဖြစ်ခဲ့ခြင်းဖြစ်သည်။ CCTV အများအပြားတပ်ထားသော ထိုကုန်တိုက်မီးလောင်မှုတွင် လက်သည်တစ်ဦးတစ်ယောက်ကိုမှ စစ်တပ်က မဖော်ထုတ်ခဲ့ဘဲ၊ ယခုအခါတွင် ထိုကုန်တိုက်နှစ်ခု၏ အာမခံကြေးများကို နိုင်ငံတော်ဘဏ်များမှ ရရှိရန် စစ်တပ်၏ ဦးပိုင်ကုမ္ပဏီက ပြုလုပ်နေလေပြီဖြစ်သည်။)
စစ်ပွဲ၊ ပဋိပက္ခများတွင် မည်သူ့တွင် အပြစ်မရှိ၊ အပြစ်ရှိဟု ယတိပြတ်ပြောရန် ခက်လှပေသည်။ သို့သော် အင်းစိန်ထောင်တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး အကျဉ်းဦးစီးဝန်ထမ်းများပင် စဉ်းစားရခက်နေကြောင်း သိရှိရလေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)