ဆောင်းပါး

မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂဌာနေအကြီးအကဲ ဖြေကြားပေးရမည့် မေးခွန်း ၁၂ ခု

မြန်မာပြည်လူထုအပေါ် စစ်ဆင်နွှဲနေတဲ့ အကြမ်းဖက်စစ်အာဏာရှင်တွေနဲ့ နားလည်မှုစာချွန်လွှာတွေ လက်မှတ်ထိုး၊ ခန့်အပ်စာတွေ ပေးတဲ့ အလုပ်ကို တသီတတန်းကြီး လုပ်ခဲ့တဲ့ ကုလသမဂ္ဂအေဂျင်စီတွေဟာ ဆိုရှယ်မီဒီယာမှာ၊ မြန်မာသတင်းဌာနဆောင်းပါးတွေမှာ ဝေဖန်ပြစ်တင်ခံရတဲ့ ပစ်မှတ်ဖြစ်လာပါတယ်။ မြန်မာပြည်ဆိုင်ရာကုလသမဂ္ဂရုံးအဖွဲ့ (UNCT) ဝေဖန်ခံနေရတာကို ကာကွယ်တဲ့အနေနဲ့ UN နဲ့ INGO တွေ မြန်မာပြည်မှာ ဘာတွေ လုပ်ဆောင် အောင်မြင်နေပါတယ်ဆိုတာမျိုး ထုတ်ပြန်လာပါတယ်။ 

ဥပမာအားဖြင့် မြန်မာသတင်းအချက်အလက် စီမံခန့်ခွဲရေးယူနစ် (MIMU) ကနေပြီး အောက်တိုဘာ ၃ ရက်မှာ မြေပုံတစ်ခုထုတ်ပြန်လာပါတယ်။ အဲဒီမြေပုံမှာ ဩဂုတ်လ ၂၆ ရက်အထိ “INGO နဲ့ ကြက်ခြေနီအဖွဲ့- ဘယ်နေရာ၊ ဘယ်ကာလမှာ ဘယ်သူတွေအတွက် ဘာတွေလုပ်နေလဲ” ဆိုတာကို ဖော်ပြထားပါတယ်။ အပေါ်ယံကြည့်လိုက်ရင်တော့ မြန်မာပြည်ရဲ့ ဒေသတော်တော်များများကို “အကောင်အထည်ဖော်နေဆဲ စီမံကိန်းများ” ဆိုတာနဲ့ ချီးကျူးလောက်စရာ ဖုံးလွှမ်းထားပါတယ်။ 

ချင်းပြည်နယ်နဲ့ ကရင်ပြည်နယ်ကို ကြည့်ရင်လည်း ရာနှုန်းပြည့်နီးပါး စီမံကိန်းတွေနဲ့ လွှမ်းခြုံထားပါတယ်။ စစ်ကိုင်းနဲ့ မကွေးဆိုရင်လည်း အလားတူပါပဲ။ တကယ်တော့ စစ်ကိုင်းနဲ့ မကွေးဟာ စစ်တပ်ရဲ့ “နယ်မြေရှင်းလင်းရေးစစ်ပွဲ” ပစ်မှတ်နေရာတွေဖြစ်ပါတယ်။ နယ်မြေရှင်းလင်းရေးဆိုတဲ့ အသုံးအနှုန်းက ပမာဏကြီးကြီးဆက်ဖြစ်နေတဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်ကျူးလွန်တဲ့ စစ်ပွဲတွေကို ရည်ညွှန်းဖို့ အင်မတန်သေးငယ်လွန်းတဲ့ စကားလုံးပါ။ ထုတ်ပြန်ထားတဲ့ မြေပုံကို ကြည့်ရင်တော့ စစ်ကိုင်းနဲ့ မကွေးမှာ အံ့မခန်းစရာ ဒေသနှစ်ခုလုံးရဲ့ ၈၀% လောက်ကို ပရောဂျက်တွေက လွှမ်းခြုံထားတယ်။ 

အောက်တိုဘာ ၇ ရက်နေ့က UN- OCHA ကနေ တွစ်တာမှာ တင်တဲ့ အချက်အလက်သရုပ်ဖော်ပုံ (အင်ဖိုဂရပ်) တစ်ခုမှာလည်း “လူသားချင်း စာနာထောက်ထားကူညီဖို့ ဘတ်ဂျက်လိုငွေဘယ်လောက်ရှိတယ်“၊ ဘတ်ဂျက်လိုငွေနဲ့ လက်တွေ့လုပ်နိုင်မှု စိန်ခေါ်ချက်တွေ ရှိနေသော်လည်းပဲ” ကုလသမဂ္ဂအေဂျင်စီတွေနဲ့ မိတ်ဖက်အဖွဲ့တွေဟာ ၂၀၂၂ ပထမနှစ်ဝက်မှာတင် လူ ၃.၁ သန်းကို အနည်းဆုံး တစ်ကြိမ်တော့ ကူပြီးပြီလို့ ဖော်ပြထားပါတယ်။ အပေါ်ယံအမြင်မှာတော့ ချီးကျူးစရာပါ။ 

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ပုထိုးသာရွာကို ဩဂုတ်လအတွင်းက စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဉ်။

သို့သော်လည်း သေသေချာချာ ကြည့်မယ်ဆိုရင် ပထမပုံမှာ စာလုံးသေးသေးနဲ့ ရေးထားတဲ့ သိပ်မသေချာလှတဲ့ ဒီစကားကို တွေ့ရပါမယ်။ “မြေပုံတွင် အဖွဲ့အစည်းများရှိနေသော နေရာများကိုသာ ဖော်ပြထားပြီး အကူအညီပမာဏ၊ ခံစားခွင့်ရသူအရေအတွက်၊ လိုအပ်ချက်များနဲ့ ရမရကို ညွှန်ပြခြင်းမရှိပါ”။ ဒီဝန်ခံချက်ဟာ ခေါင်းစဉ်တပ်ထားတဲ့ “အကူအညီများကို မည်သူမှ၊ မည်သူသို့၊ မည်သည့်ကာလတွင် မည်သို့ ဖြန့်ဝေပေးနိုင်ခဲ့သည့် အခြေအနေဖော်ပြသည့် အချက်အလက်သရုပ်ဖော် မြေပုံ” ဆိုတဲ့ စကားနဲ့တော့ ကွဲလွဲနေပါတယ်။ 

ဒါကို သတိထားမိတဲ့အခါ “ အနည်းဆုံးတစ်ကြိမ် ဖြန့်ဝေခဲ့သည်” လို့ ဆိုထားတဲ့ ဒုတိယသရုပ်ဖော်ပုံက စိတ်ပူစရာဖြစ်လာပါတယ်။ လူ ၃.၁ သန်းကို ဖြန့်ဝေတယ်ဆိုတာ အထင်ကြီးစရာ ကိန်းဂဏန်းဖြစ်ပေမဲ့ အသေးစိတ်ကြည့်မှ အလွဲအမှားတွေ ပြဿနာတွေက ပေါ်လာတာပါ။ အရေအတွက် ဘယ်လောက်က တစ်ကြိမ်ပဲရတာလည်း၊ ဘယ်လိုအထောက်အပံ့မျိုးလဲ၊ ဘယ်လောက်ရတာလဲ၊ လိုနေတဲ့ ပမာဏနဲ့ ယှဉ်ရင် ဘယ်လိုနေသလဲ။ ဒီထက်ပိုပြီး ရိုးရှင်းတဲ့ မေးခွန်းလည်း ပေါ်လာပါတယ်။ “ရွေးချယ်ထောက်ပံ့ခံရတဲ့ လူ ၃.၁ သန်းက ဘယ်သူတွေလဲ။ ဒီကိစ္စမှာ စစ်အာဏာရှင်တွေက ဘယ်နေရာကနေ ပါသလဲ”။

ကုလသမဂ္ဂအဖွဲ့တွေ ပိုပြီး ပွင့်လင်းမြင်သာဖို့ ဆုံးဖြတ်တာ၊ အချက်အလက်တွေ ထုတ်ပြလာတာဟာ အတော့်ကို ကြိုဆိုရမဲ့ ကိစ္စပါ။ မြန်မာပြည်က ကုလသမဂ္ဂရဲ့ အလုပ်လုပ်ပုံတွေကို လက်ညှိုးထိုးလာကြတဲ့ မကြာခင်ကဝေဖန်မှုတွေမှာ အဓိကအချက်က အထိအနာဆုံးဖြစ်နေတဲ့ “ပဋိပက္ခဒေသ” က ပြည်သူတွေကို ကူညီဖို့ ကုလသမဂ္ဂအေဂျင်စီတွေက ဘာမှ အားမထုတ်ကြတာပါ။ “ပဋိပက္ခဒေသ” ဆိုတဲ့ အသုံးအနှုန်းက ကုလသမဂ္ဂက သုံးတဲ့ ဘာသာစကားပါ။ တကယ်တော့ အဲဒီဒေသတွေဟာ အရပ်သားပြည်သူကို စစ်အာဏာရှင်က စနစ်တကျ ပစ်မှတ်ထား တိုက်ခိုက်တဲ့ စစ်ရာဇဝတ်မှု ဖြစ်ပွားနေရာ ဒေသတွေပါ။ ဒါ့ကြောင့် ရတဲ့ အကူအညီပမာဏ၊ အကျိုးခံစားရတဲ့ ပြည်သူအရေအတွက်၊ လိုအပ်ချက်တွေ ပြည့်မပြည့်၊ ဘယ်ဒေသတွေ ပါနေသလဲ ဆိုတာကို ကုလသမဂ္ဂဟာ ပွင့်လင်းမြင်သာစွာ ပြောရမှာ ဖြစ်ပါတယ်။ 

ပြည်သူကို လှည့်စားအမြတ်ထုတ်ဖို့ ဆိုရှယ်မီဒီယာသတင်းစကားတွေကို သုံးတာ၊ အလုပ်တွေထိရောက်အောင် လုပ်နေနိုင်တာကြောင့် စစ်ကောင်စီနဲ့ လက်တွဲတာ မှန်တယ်လို့ ဖြစ်အောင် သိမ်းသွင်းတာမျိုးတွေကို မြန်မာပြည်သူတွေ မလိုအပ်နေပါဘူး။ ဒီထက်ပိုလို့ (ဒီလို လှည့်စားမှုဟာ) ပြည်သူတွေနဲ့ မထိုက်တန်ပါဘူး။

ထနောင်းတော (တောင်) ရွာနှင့် မြောက်ရွာအတွင်း စစ်ကောင်စီတပ် ဝင်ရောက်မွှေနှောက်သွားပြီးနောက် ၂၀၂၂ စက်တင်ဘာ ၂၉ က တွေ့ရစဉ်။ (ဓာတ်ပုံ-မုံရွာ- အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး)

မြန်မာပြည်တွင်းက နေရပ်စွန့်ခွာရသူ လူ ၁ သန်းရဲ့ အရေးဟာ ကုလသမဂ္ဂရဲ့ အတ္တမာနဲ့ ဗျူရိုကရေစီ ဖော်မြူလာပုံစံခွက် တုန့်ပြန်မှုထက် ပိုအရေးကြီးပါတယ်။ လက်ရှိမြန်မာပြည်ဟာ ဂျီနိုဆိုက်စစ်တပ်ရဲ့ အကြမ်းဖက် ရက်စက်မှုကို အသည်းအသန်ခံနေရတဲ့ တိုင်းပြည်ပါ။ ဒါကို ကုလသမဂ္ဂအေဂျင်စီတွေက နိုင်ငံရေးအကျပ်အတည်းဖြစ်နေတဲ့ နောက်ထပ်နိုင်ငံတစ်ခုဆိုတဲ့ သမားရိုးကျ ပုံစံမျိုးနဲ့ အလုပ်မလုပ်သင့်ပါဘူး။ အထောက်အပံ့တွေဖြန့်ဝေပုံနဲ့ ပတ်သက်ပြီး မြန်မာပြည်သူတွေမှာ တာဝန်ယူမှု တာဝန်ခံမှုကို တောင်းဆိုပိုင်ခွင့် ရှိပါတယ်။  

OCHA ရဲ့ သတင်းအချက်အလက် သရုပ်ဖော်ပုံအရ ၂၀၂၂ လူသားချင်းစာနာထောက်ထားမှု အကူအညီအတွက် လက်ခံရရှိငွေက အမေရိကန်ဒေါ်လာ ၁၆၉ သန်းဖြစ်ပါတယ်။ ဒီပမာဏဟာ စီမံကိန်းလိုအပ်ချက်ရဲ့ ၂၀% မျှသာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါဆိုရင် ကျန်တဲ့ ၈၀% အတွက် ဒေါ်လာ ၆၅၆ သန်းက ရှိမနေသေးဘူး။ ဒါဆိုရင် ရှားရှားပါးပါးရန်ပုံငွေတွေကို ထိထိရောက်ရောက်သုံးရဲ့လားလို့ သိမြင်နားလည်ဖို့ ပိုလိုအပ်တာပေါ့။ ပိုပြီး အရေးတကြီးလိုအပ်နေတဲ့ သူတွေဆီ (တစ်နည်းအားဖြင့်) နေ့စဉ်နဲ့အမျှ စစ်အာဏာရှင်တွေရဲ့ (စစ်ဗျူဟာအရကို) ရက်စက်နေတဲ့ ဒဏ်ခံနေရသူတွေ (နေရာတွေ) ကို အကူအညီဘယ်လောက်ရောက်သလဲ။ 

မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂဌာနေ အကြီးအကဲနဲ့ လူသားချင်းစာနာမှု အကူအညီ ချိတ်ဆက်ဦးဆောင်သူ Mr Ramanathan Rama Balakrishnan (ဒါမှမဟုတ်) OCHA ကနေပြီး မြန်မာပြည်သူတွေကို ဖြေပေးဖို့ လိုအပ်တဲ့ တိတိပပ မေးခွန်းအချို့ကို အခုလို ဖော်ပြချင်ပါတယ်။ 

၁။ ၂၀၂၂ ပထမနှစ်ဝက်မှာ ကူညီခဲ့တဲ့ လူ ၃.၁ သန်းမှာ မကွေးနဲ့ စစ်ကိုင်းဒေသက လူတွေ ဘယ်လောက်ပါဝင်ပါသလဲ။ အချက်အလက်အားလုံးက ညွှန်ပြနေတာက အထိခိုက်ခံရဆုံး၊ မီးရှို့ဖျက်ဆီးအခံရဆုံး၊ နေရာရွေ့ပြောင်းရသူ အများဆုံး ဒေသနှစ်ခုဟာ မကွေးနဲ့ စစ်ကိုင်းဖြစ်ပါတယ်။ အဲဒီဒေသတွေမှာ လိုအပ်ချက်ဆန်းစစ်မှုကို ကုလသမဂ္ဂအေဂျင်စီတွေနဲ့ မိတ်ဖက်အဖွဲ့တွေ လုပ်ခဲ့သလား။ လုပ်ခဲ့တယ်ဆိုရင် ထုတ်ပြန်ပေးလို့ရမလား။ 

၂။ အကူအညီပေးခဲ့တယ်ဆိုတဲ့ လူ ၃.၁ သန်းမှာ ချင်း၊ ကယား၊ ကရင်က ပြည်သူ ဘယ်လောက်ပါသလဲ။ တစ်ကြိမ်ထက်ပိုပြီး ကူနိုင်ခဲ့သလား။ 

၃။ OCHA အနေနဲ့ ပြည်နယ်/တိုင်း တစ်ခုချင်းအလိုက် အကူအညီပမာဏဘယ်လောက်၊ လူဘယ်နှစ်ယောက် ကူနိုင်ခဲ့တယ်။ လူတွေရဲ့ လိုအပ်ချက်ကို ပြည့်မီနိုင်မှု ဘယ်လောက်ရှိတယ်ဆိုတာကို အချက်အလက်သရုပ်ပြပုံ (အင်ဖိုဂရက်ဖ်) နဲ့ ဖော်ပြပေးနိုင်မလား။

အောက်တိုဘာ ၄ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇော်ချောင်းရွာကို စစ်ကောင်စီစစ်ကြောင်း ဝင်လာပြီး နေအိမ်များကို မီးရှို့သောကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြစဉ်။ ဓာတ်ပုံ – ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ လူမှုကွန်ရက်စာမျက်နှာ

၄။ ၂၀၂၂ ပထမနှစ်ဝက်မှာ ထောက်ပံ့ကူညီခဲ့တာတွေရဲ့ ၈၅% ကနေ ၈၇% ထိဟာ ရန်ကုန်မြို့ပေါ်နဲ့ ရခိုင်ဒေသကိုသာ ရောက်တယ်ဆိုတာ မှန်သလား။ 

ရခိုင်ကိုသွားတဲ့ စားနပ်ရိက္ခာပမာဏကြီးကြီးက ရိုဟင်ဂျာ IDP စခန်းတွေကို ရောက်တယ်ဆိုရင် အခုကော အခြေအနေက ဘယ်လိုလဲ။ AA လက်နက်ကိုင်အဖွဲ့နဲ့ နောက်ထပ် ပဋိပက္ခတွေထပ်ဖြစ်ကတည်းက ဆေးဝါးကအစ ဖြန့်ဝေမှုအကုန်လုံးကို စစ်တပ်က ပိတ်ဆို့ထားလိုက်ပြီမဟုတ်လား။ 

၅။ စစ်အာဏာရှင်တွေ မထိန်းချုပ်ထားနိုင်တဲ့ ဒေသတွေကို လက်ရောက်ဖို့ ရှည်ကြာခက်ခဲနေတယ်ဆိုရင် ကုလသမဂ္ဂအေဂျင်စီတွေဟာ NUG၊ လူမျိုးစုတော်လှန်ရေးအဖွဲ့တွေ၊ ဒေသခံ ပြည်သူ့အဖွဲ့အစည်းတွေနဲ့ တိုးတိုးတိတ်တိတ်ဖြစ်စေ၊ ပွင့်ပွင့်လင်းလင်းဖြစ်စေ အကူအညီတွေဖြန့်ဝေနိုင်ဖို့ အလေးအနက် ဆွေးနွေးပါရဲ့လား။ အဲဒီလိုဆွေးနွေးတယ်ဆိုရင် အကူအညီနဲ့ ရန်ပုံငွေတွေ ခွဲဝေပေးရေး တိတိကျကျ သဘောတူတာမျိုးအထိ ရောက်ပါသလား။ 

၆။ ကုလသမဂ္ဂအေဂျင်စီတွေနဲ့ မိတ်ဖက် INGO တွေဟာ သူတို့ရဲ့ နိုင်ငံခြားငွေတွေကို စကစ သတ်မှတ်ပေးတဲ့ ငွေလဲနှုန်းအတိုင်းပဲ လဲခဲ့ကြတယ်ဆိုတာ မှန်ပါသလား။ အဲဒီလိုဆိုရင် အကူအညီပေးဖို့ ယူထားတဲ့ ငွေကြေးပမာဏ ဘယ်လောက်ထိက ပြည်သူအပေါ် ပြစ်မှုကျူးလွန်နေတဲ့ စကစလက်ထဲ ရောက်သွားသလဲ ဆိုတာကို အသေအချာ ဆန်းစစ်တာ ရှိပါရဲ့လား။ 

၇။ ကုလသမဂ္ဂအေဂျင်စီအကြီးအကဲတွေဟာ (သူတို့ကိုယ်တိုင် အသိအမှတ်ပြုလွှာတွေ စကစကိုပေး၊ သဘောတူညီချက်တွေ လက်မှတ်ထိုးပြီးတာတင်မက) သူတို့ဆီကနဲ့ နိုင်ငံတကာကနေ အထောက်အပံ့ယူတဲ့ မြန်မာပြည်မှာ လုပ်နေတဲ့ INGO တွေကို  စကစနဲ့ လက်မှတ်ထိုးဖို့၊ ထွေအုပ်မှာ မှတ်ပုံတင်ဖို့ ပြောနေတယ်။ အဲဒီလိုမလုပ်ရင် ရန်ပုံငွေမရဘူးလို့ ဖိအားပေးတယ်ဆိုတာ အမှန်ပဲလား။ 

၈။ ကုလသမဂ္ဂနဲ့ သူ့မိတ်ဖက် INGO တွေဟာ ဒေသခံအဖွဲ့တွေ၊ ကြားခံအဖွဲ့တွေ၊ အရပ်ဘက်ပြည်သူ့အစုအဖွဲ့တွေကို ထွေအုပ်မှာ မှတ်ပုံတင်ဖို့နဲ့ မတင်ရင် ရန်ပုံငွေခွဲမပေးဘူး၊ စီမံကိန်းတွေ လုပ်ခွင့်မပေးဘူးဆိုတာ အမှန်ပဲလား။ 

ကုလသမဂ္ဂအေဂျင်စီတွေဟာ သူတို့နဲ့ ဘယ်အရပ်ဘက် အဖွဲ့တွေ ဘယ်နေရာတွေမှာ ဘယ်စီမံချက်တွေ တွဲလုပ်နေတယ်။ ဘယ်သူတွေပါတယ် ဆိုတဲ့ အချက်အလက်တွေ စကစလက်ထဲကို ပေးခဲ့တယ်ဆိုတာ အမှန်ပဲလား။

စစ်ကောင်စီ၏ စစ်ရေယာဥ်အုပ်စုက ကနီဒေသ ချင်းတွင်းမြစ်ကမ်းဘေး ဝဲယာရှိ ကျေးရွာများကို လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်သောကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ကို ၂၀၂၂ အောက်တိုဘာ ၃ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ – ပြည့်အောင်နိုင်(ကနီ)

၉။ ကုလသမဂ္ဂကနေ ရတဲ့ အချက်အလက်တွေအရ သူရဲ့ဝန်ထမ်း ၆၀ ဟာ မြန်မာပြည်အပြင်မှာ ဗီဇာစောင့်နေတယ်လို့ ဆိုတယ်။ အလှူရှင်နိုင်ငံတွေက ၂၀% သာ ထည့်ဝင်တယ်လို့ ပြောထားတဲ့အပေါ်မှာ ထပ်ပြီးအရေးကြီးတဲ့ မေးခွန်းက ကုလသမဂ္ဂနဲ့ INGO နိုင်ငံခြားသားဝန်ထမ်းတွေ မြန်မာပြည်အပြင်ရောက်နေတာ ဘယ်လောက်ကြာပြီလဲ။ 

လပေါင်းများစွာ၊ တချို့ တစ်နှစ်ကျော်ကြာအထိ ကုလသမဂ္ဂနဲ့ သူ့မိတ်ဖက် INGO ရဲ့ ဝန်ထမ်းတွေ မြန်မာပြည်ပြင်ပရောက်နေတဲ့ ထပ်တိုးကုန်ကျစရိတ်တွေက ဘယ်လောက်များသလဲ။ ပြည်ပမှာနေဖို့၊ နေ့စဉ်သုံးဖို့၊ မိသားစုစရိတ်၊ လေယာဉ်စရိတ်အပိုတွေ ဘယ်လောက်ထပ်တိုးကုန်ကျခဲ့ပြီလဲ။ စုစုပေါင်းရင် ဘယ်လောက်တောင် ရှိနေမလဲ။ အဲဒီထပ်တိုးကုန်ကျစရိတ်တွေကို အလှုရှင်ဆီကရတဲ့ ထိခိုက်နစ်နာသူတွေကို ကူညီရမဲ့ ၂၀% (ဒေါ်လာ ၁၆၉ သန်း) ထဲကပဲ သုံးတာလား။ 

နိုင်ငံခြားသားဝန်ထမ်းတွေ အများကြီး (တချို့ဆို မြန်မာပြည်ထဲ ရောက်ကို မရောက်ဘူးသေး) ဟာ ထပ်တိုးကုန်ကျစရိတ်ကြီးကြီးနဲ့ မြန်မာပြည်အပြင်ရောက်နေတဲ့အတွက် လုပ်ငန်းထိရောက်မှုအပေါ် ဘယ်လိုသက်ရောက်သလဲလို့ ဆန်းစစ်တာမျိုးရှိသလား။

ကုလသမဂ္ဂနဲ့ INGO တွေဟာ သူတို့ရဲ့ နိုင်ငံခြားသားဝန်ထမ်းတွေကို မှီခိုတာထက် ပြည်တွင်းက ဒေသခံအရပ်ဘက်အဖွဲ့တွေကို ရန်ပုံငွေလွှဲပြောင်းပံ့ပိုးတာက ပိုထိရောက်မယ်ဆိုတာမျိုး ဆွေးနွေးတိုင်ပင်ကြဖူးပါသလား။ 

၁၀။ ကုလသမဂ္ဂအေဂျင်စီတွေနဲ့ INGO တွေကနေ အကူအညီဖြန့်ဝေတဲ့ ကိစ္စမှာ စစ်အာဏာရှင်ထိန်းချုပ်ကြိုးကိုင်ထားတာ မရှိပါဘူးလို့ မြန်မာပြည်သူတွေကို အာမခံချက်ပေးနိုင်သလား။ ပြည်သူတွေကို နေ့စဉ် မရပ်မနား ပစ်မှတ်ထား ရက်စက်နေတဲ့ စစ်အာဏာရှင်တွေဟာ အထောက်အပံ့အကူအညီတွေကိုလည်း အနိုင့်အထက် လုပ်မှာပဲ ဆိုတာဟာ အလွန်ကို ကျိုးကြောင်းဆီလျော်တဲ့ တွေးစရာ မဟုတ်ပေဘူးလား။ အဲဒီလိုဆိုရင် ကုလသမဂ္ဂရဲ့အထောက်အကူဆိုတာ အာဏာရှင်ရဲ့ စစ်ယန္တရားကို အားဖြည့်ရာ ရောက်မနေဘူးလား။ စစ်တပ်ထိန်းချုပ်နိုင်တဲ့ နေရာကို ကူညီမယ်၊ အကူအညီအလိုအပ်ဆုံးဖြစ်ပေမဲ့ စစ်တပ်မထိန်းချုပ်တဲ့ နေရာကို မကူးဘူးဆိုတဲ့ ရန်များတဲ့ အနေအထားမျိုးထဲ ရောက်မသွားပေဘူးလား။ ရှင်းရှင်းထပ်မေးရရင် “ကုလသမဂ္ဂနဲ့ INGO တွေ အကူအညီဖြန့်ဝေရာမှာ စစ်တပ်က ဘယ်နေရာက ပါသလဲ”။

ခင်ဦးမြို့နယ်အတွင်း အညာသီဟတော၊ ရွှေမင်းဂံ၊ သင်ပေါင်း၊ ကဘွက်၊ ကုတ္တက်၊ ရုံးပင် စသည့်ကျေးရွာများ ရွာလုံးကျွတ် ထွက်ပြေးနေရသည်ကို ၂၀၂၂ စက်တင်ဘာ ၂၀ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ – ပေးပို့

၁၁။ စစ်အာဏာသိမ်းချိန်ကစလို့ ပြည်သူ့နေ့စဉ်ဘဝထဲမှာ၊ စီးပွားရေးလုပ်ငန်းတိုင်းမှာ လာဘ်ပေးလာဘ်ယူ အကျင့်ပျက်မှုက နေရာတကာ အနှံ့ကို ရောက်သွားပါပြီ။ စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရတဲ့အခါ စစ်ကြောခံရတဲ့အခါ ပေးကမ်းရတာကအစ၊ ရပ်ကွက်လူကြီးကို ဧည့်စာရင်းစစ်တဲ့အခါ စာရွက်စာတမ်းလိုတဲ့အခါ ပေးရတာအဆုံး၊ ဘဏ်ကနေ ငွေထုတ်ချင်လို့ ပေးရကမ်းရတာအပါအဝင် နေရာတိုင်းမှာ အကျင့်ပျက်မှုက ပုံစံအမျိုးမျိုးနဲ့ ရှိသွားပါပြီ။ ဒီအပေါ် အခြေခံကြည့်ရင် ကုလသမဂ္ဂအနေနဲ့ လာဘ်ပေးလာဘ်ယူအတွက် ငွေဘယ်လောက်သုံးနေရလဲလို့ ဆန်းစစ်တာမျိုး လုပ်ပါသလား။ သာမန်မြန်မာပြည်သူသာမက၊ ကုလအေဂျင်စီတွေရော၊ NGO တွေရော၊ အရပ်ဘက်အဖွဲ့တွေပါမကျန် ရင်ဆိုင်နေရတဲ့ ဒီပြဿနာကို တည့်တည့်ဖြေရှင်းဖို့ အစီအစဉ်ရှိပါသလား။ 

မြန်မာပြည်ထဲမှာ အရပ်ဘက်အဖွဲ့လှုပ်ရှားမှုတွေကနေ နှစ် ၂၀ လောက် လုပ်ခဲ့တဲ့ မိတ်ဆွေတစ်ယောက်ရဲ့ မေးခွန်းနဲ့ ကျွန်တော့်ရဲ့ မေးခွန်းတွေကို အဆုံးသတ်ချင်ပါတယ်။ မြန်မာပြည်သူအနေနဲ့ ဒီမေးခွန်းကို မေးတယ်လို့ သူက ပြောလိုက်ပါတယ်။ 

“နိုင်ငံတကာမိတ်ဆွေများရှင့် … မြန်မာပြည်သူတွေအမြင်၊ အများစုသော အရပ်ဘက်အဖွဲ့တွေအမြင်မှာတော့ ကလေးသူငယ်တွေကို သတ်ဖြတ်တာအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုပေါင်းစုံကို ကျူးလွန်နေတဲ့ စကစနဲ့ တွဲလုပ်သူမှန်သမျှဟာ ကြံရာပါတွေပါပဲ။ ဘယ်လိုအကြောင်းပြချက်တွေ အဆိုပြချက်တွေ အထောက်အထားတွေ ပေးနေစေဦးတော့ စစ်တပ်မီဒီယာမှာ ကုလသမဂ္ဂအေဂျင်စီတွေနဲ့ စကစကို တွဲမြင်လိုက်ရကတည်းက အကျိုးအမြတ်နဲ့ အကုန်အကျ တန်ဖိုးတွက်ချက်မှုကို ပြည်သူတွေက လုပ်ပြီးသားပဲဖြစ်ပါတယ်”

Show More

Related Articles

Back to top button