(နေပြည်တော်) — ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ တတိယအကြိမ်အစည်းအဝေး နိုင်ငံရေးကဏ္ဍတွင် ဆွေးနွေးရန် ကျား/မ တန်းတူရေး အချက်သာ ဆွေးနွေးခွင့် ရခဲ့သည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။
ဆွေးနွေးရန် တင်သွင်းခဲ့သော်လည်း ပယ်ချခံရသည့် အချက်နှစ်ခုမှာ တိုင်းရင်းသား လူနည်းစု အခွင့်အရေး၊ နိုင်ငံသား အခွင့်အရေးတို့ ဖြစ်သည်။
“ကျန်တဲ့ နှစ်ခုက ပြန်ကျန်ခဲ့ပြီးတော့ ကျား/မ တန်းတူရေး တစ်ခုပေါ်မှာပဲ ဖွင့်ပြီးတော့ ဆွေးနွေးလိုက်တယ်။ ဘာပဲဖြစ်ဖြစ် ပြေလည်ရာ ပြေလည်ကြောင်း ဆွေးနွေးတဲ့ သဘောတော့ ဟုတ်ပါတယ်” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
နိုင်ငံရေးကဏ္ဍ၏ အရေးပါသည့် အချက် ၂ချက်ကို မဆွေးနွေးနိုင်ခြင်းမှာ တပ်မတော်သား အစုအဖွဲ့က အဆင်သင့် မဖြစ်သေးသောကြောင့်ဖြစ်သည်ဟု ၎င်းက ပြောသည်။
“တပ်မတော်သား အစုအဖွဲ့ကတော့ တချို့ကိစ္စတွေက သူတို့ အထဲမှာ အချင်းချင်း ညှိနှိုင်းတာ အားနည်းသေးတယ်ပေါ့ဗျာ။ နည်းနည်းစောင့်ပါဦး ဆိုလို့။ ဆက်ပြီးတော့ ဆွေးနွေးမှာပါ။ ဒါတွေက ချန်ထားလို့တော့ မရဘူး” ဟု ၎င်းက ပြောသည်။
တစ်နှစ်ကျော် ရပ်နားထားရသည့် ညီလာခံတွင် အငြင်းပွားဖွယ်ရာ အကြောင်းအရာများ ချန်လှပ် ဆွေးနွေးသင့်သည်ဟု သူက ဆိုသည်။
“သဘောထားမတူတဲ့ နှစ်ဦးနှစ်ဖက်က သဘောတူနိုင်တဲ့ ကိစ္စကိုပဲ ရွေးပြီး ဆွေးနွေးလိုက်တော့ ဆက်လုပ်လို့ရတော့ လမ်းကြောင်းပေါ့။ အဲဒါကတော့ ဝမ်းသာစရာပါပဲ” ဟု သူက ဆက်ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး ဗဟိုကော်မတီဝင် မန်းငြိမ်းမောင်ကလည်း နိုင်ငံရေးကဏ္ဍတွင် အထက်ဖော်ပြပါ အချက် ၂ ချက် ဆွေးနွေးခွင့် မရကြောင်း ပြောသည်။
၃၇ ချက်
၂၁ ရာစု ပင်လုံညီလာခံတွင် ဆွေးနွေးနိုင်ရန်အတွက် ညီလာခံမတိုင်မီ ရက်များတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် စသည့် ကဏ္ဍ များနှင့် ပတ်သက်သည့် အချက်များကို ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC)၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် တပ်မတော်အစုအဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးရသည်။
ထိုသို့ ဆွေးနွေးပြီးနောက် ဆွေးနွေးမည့် အချက်များကို ညီလာခံသို့ တင်ပြရသည်။
ညီလာခံက ဆွေးနွေးအတည်ပြုချက် ယူပြီးနောက်တွင် ထိုသဘောတူညီချက်များမှာ ပြည်ထောင်စုသဘောတူစာချုပ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်လာမည်ဖြစ်သည်။
ဒုတိယအကြိမ် ညီလာခံတွင် ပြည်ထောင်စုသဘောတူစာချုပ်၏ အစိတ်အပိုင်း (၁) အဖြစ် အချက် ၃၇ ချက်ကို သဘောတူညီခဲ့ပြီး လွှတ်တော်၏ အတည်ပြုချက်ကို ရယူနိုင်ခဲ့သည်။
တတိယအကြိမ်ညီလာခံတွင် လုံခြုံရေးကဏ္ဍကို ချန်လှပ်ပြီး ကျန်ကဏ္ဍ ၄ ခုအတွက် အချက်ပေါင်း ၁၄ ချက်ကို ဆွေးနွေးသွားမည်ဖြစ်ပြီး သဘောတူညီချက်များကို ပြည်ထောင်စု သဘောတူစာချုပ်၏ အစိတ်အပိုင်း (၂) အဖြစ် ထည့်သွင်းသွားမည်ဖြစ်သည်။
သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက တတိယအကြိမ်ညီလာခံကာလအတွင်း နိုင်ငံရေးကဏ္ဍတွင် ၄ ချက်၊ စီးပွားရေး ကဏ္ဍတွင် ၁ ချက်၊ လူမှုရေးကဏ္ဍတွင် ၇ ချက်နှင့် မြေယာ ကဏ္ဍတွင် ၂ ချက် စုစုပေါင်း အချက် ၁၄ ချက် ကို ပြည်ထောင်စုသဘောတူစာချုပ် ဒုတိယအစိတ်အပိုင်းအဖြစ် တင်သွင်းနိုင်မည်ဟု ပြောသည်။
နိုင်ငံရေးကဏ္ဍတွင် ဆွေးနွေးမည့် အချက် ၄ချက်မှာ မည်သည့်အချက်များ ဖြစ်သည်ကို မသိရသေးပေ။
ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသော ပြည်ထောင်စုသဘောတူစာချုပ်များဖြင့် ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်နိုင်မည်ဟု နိုင်ငံရေးသမားအများအပြားက မျှော်လင့်ကြသည်။
UPDJC အတွင်းရေးမှူးအဖွဲ့ အဖွဲ့ဝင် ဦးစိုင်းကျော်ညွန့်က ဒုတိယအကြိမ်ညီလာခံက အတည်ပြုနိုင်ခဲ့သည့်အချက် ၃၇ချက်မှာ နိုင်ငံရေးအရ အရေးပါသည့် အချက်များ မဟုတ်သေးဟု ဆိုသည်။
သို့သော်လည်း ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်မည် ဆိုသည့် အသွင်သဏ္ဌာန်ကို တွေ့ရှိရသည်ဟု သုံးသပ်သည်။
“နိုင်ငံကတော့ မဖြစ်မနေ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို သွားမယ်ဆိုတဲ့ ပုံစံတော့ ရှိတယ်။ ကျန်တဲ့ အချက်အလက်တော်တော်များများကတော့ ယေဘုယျ တော်တော်ဆန်ပါတယ်” ဟု ၎င်းက ပြောသည်။
တတိယအကြိမ်ညီလာခံဖွင့်ပွဲကို ဇူလိုင် ၁၁ ရက်နေ့က ပြုလုပ်ရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်သည်။
” မျှော်လေတိုင်း အလှမ်းဝေးခဲ့ရတဲ့ ငြိမ်းချမ်းရေးကို လက်ဆုပ်လက်ကိုင် ရရှိဖို့ဟာ ဒီကနေ့၊ ဒီအချိန်၊ ဒီခန်းမကြီးထဲမှာ ရောက်ရှိနေကြတဲ့ အစုအဖွဲ့အသီးသီးရဲ့ စိတ်ဆုံးဖြတ်ချက်တွေ ပေါ်မှာ တည်မှီနေတယ်လို့ပဲ ပြောပါရစေ” ဟု ဒေါ်အောင်ဆန်းစုကြည်က ညီလာခံဖွင့်ပွဲ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။