
၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုကာ မန္တလေးတိုင်း ညောင်ဦးမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဦးအောင်မင်းထိုက်မှာ ယခုလ ၂၉ ရက်က သေနတ်ဖြင့် လေးချက် ပစ်ခံရကာ သေဆုံးသွားကြောင်း သိရသည်။
ထိုနေ့ နံနက်ပိုင်းက ညောင်ဦးမြို့နယ်တောင်ဘက် ဧရာဝတီမြစ် အရှေ့ဘက်ကမ်းရှိ စဉ့်ကူရွာသို့ ဆိုင်ကယ်ဖြင့် လာစဉ် သေနတ်ဖြင့် လုပ်ကြံခဲ့ခြင်းဖြစ်ကြောင်း Bagan Ogre Force ဆိုသော ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကြံ့ခိုင်ရေးပါတီဝင် ရွေးကောက်ပွဲကိုယ်စားလှယ် ဆိုင်ကယ်ဖြင့် ထွက်လာစဉ် တပ်ဖွဲ့ဝင်နှစ်ဦးက လိုက်၍ နံကြားကို သေနတ်ဖြင့် တစ်ချက်ပစ်ခတ်ကြောင်း၊ လဲကျသွားပြီး ထွက်ပြေးစဉ် လိုက်လံ၍ နောက်ထပ် သုံးချက်ထပ်ပစ်ခဲ့ကြောင်း ၎င်းက ပြောသည်။
“မြို့နေ ပြည်သူလူထုအပေါ် နည်းမျိုးစုံဖြင့် ဒုက္ခပေးနေလို့ ပြည်သူများရဲ့တိုင်ကြားချက်ကြောင့် ရှင်းလင်းလိုက်တာပါ” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။
ဦးအောင်မင်းထိုက်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသည့် ဝန်ထမ်းများကို ဖမ်းဆီးခိုင်းခြင်း၊ စစ်တပ်နှင့် ပေါင်း၍ ပြည်သူမြေကွက်များကို အကွက်ရိုက်ရောင်းခြင်း၊ လောင်းကစားဝိုင်း ပြုလုပ်ခြင်း၊ မီတာခဆောင်ရန် ဖိအားပေးခြင်းတို့တွင် ပါဝင်လုပ်ဆောင်နေကြောင်း ဒေသခံများက တိုင်ကြားသည်ဟု သိရသည်။
ပစ်ခတ်သည့်အကြောင်းရင်းကို မသိသော်လည်း ဦးအောင်မင်းထိုက်နေထိုင်ရာ မြို့မမြောက်ရပ်ကွက်တွင် အပစ်ခံရခြင်းဖြစ်ပြီး ယနေ့ (စက်တင်ဘာ ၃၀) တွင် မြေချသင်္ဂြိုဟ်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် စဉ့်ကူရွာခံတစ်ဦးက ပြောသည်။
ဧရာဝတီမြစ်ကမ်းဘေးရှိ စဉ့်ကူးမှာ တိုက်နယ်အဆင့်ရှိ ရွာကြီးဖြစ်ကာ စဉ့်ကူးမြို့ဟုလည်း ခေါ်သည်ဟု သိရသည်။
ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းဖြစ်ခဲ့သူ ဦးအောင်မင်းထိုက် လုပ်ကြံခံရသည့် ညပိုင်းတွင် ဒေသခံအချို့ အဖမ်းခံရသည်ဟု ကြားသိရကြောင်း၊ အသေးစိတ် မသိရှိကြောင်းလည်း စဉ့်ကူရွာခံက ဆိုသည်။
ဦးအောင်မင်းထိုက်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် အမှတ် (၁) တိုင်းလွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်သည်ဟု သိရသည်။
ညောင်းဦးမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိင်ရာ NLD ပါတီမှ ကိုယ်စားလှယ်ကို ရှုံးနိမ့်ခဲ့သော်လည်း ရလဒ်ကို လက်မခံဘဲ ကန့်ကွက်လွှာတင်သွင်းခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ မှတ်တမ်းများတွင် တွေ့ရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)