သတင်း

ဥရုချောင်း ပြောင်တလင်းခါသည်အထိ တရားမဝင်ရွှေတူးဖော်မှု ကြီးစိုးနေ

အာဏာသိမ်းပြီးနောက်ပိုင်း တရားမဝင် ရွှေတူးဖော်မှုကြီးစိုးလာကာ စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်းမြို့နယ်တွင် လက်လွတ်စပယ် ရွှေတူးသူများကြောင့် ဥရုချောင်းတလျှောက် ပြောင်တလင်းခါသွားပြီဖြစ်ကြောင်း ဒေသခံများနှင့် စောင့်ကြည့်လေ့လာသူများက ပြောသည်။

စစ်ကောင်စီလက်ထက်တွင် ဒေသအလိုက် အုပ်ချုပ်ရေးယန္တရားပျက်ယွင်းသွားရာ လက်နက်ကိုင်အဖွဲ့အစည်းများကို ပိုက်ဆံပေး၍ တရားမဝင် ရွှေတူးကြခြင်းဖြစ်သည်။​ ချင်းတွင်းမြစ်၏ အရှယ်ဆုံးချောင်းလက်တက်ဖြစ်သော ဥရုချောင်းတွင် ကုန်သလောက်ဖြစ်လာသဖြင့် ရွှေတူးသူများ နေရာပြောင်းရန် ခြေလှမ်းပြင်နေကြပြီဖြစ်သည်။

ယခုနှစ်ဆန်းပိုင်းက ဥရုချောင်းတစ်လျှောက် ရွှေတူးလုပ်ငန်းများကို သွားရောက်လေ့လာခဲ့သူတစ်ဦးက ဟုမ္မလင်းဒေသမှာ သဲကန္တာရနီးပါး ဖြစ်နေပြီဟု ဆိုသည်။ 

“သဲကန္တာရထဲ ရောက်သွားသလိုပဲ။ ဘာအပင်မှ မရှိတော့ဘူး။ တော်တော်တော့ဆိုးတယ်” ဟု ရွှေလုပ်ကွက်များအကြောင်း အစီရင်ခံစာရေးသားခဲ့သည့် Citizen Action for Transparency (CAfT) အဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဒေါ်မိုးမိုးထွန်းက ပြောသည်။

ရွှေတူးသူများသည် စားဝတ်နေရေး ကျပ်တည်းမည့်အရေးကိုသာ စိုးရိမ်ပြီး အခြားအကျိုးသက်ရောက်မှုနှင့် ရွှေတူးဖော်ခွင့်လိုင်စင်အပေါ် စိတ်ပင်မဝင်စားတော့ကြောင်း ယခုနှစ် ဧပြီလအတွင်း ဟုမ္မလင်းဒေသကို ထပ်မံရောက်ရှိခဲ့သူ ၎င်းက ပြောသည်။​

“ဥရုချောင်းကြီးတစ်လျှောက်ကို ကိုယ့်စိတ်ကြိုက် ကိုယ့်မိဘ အမွေပေးသလိုပဲ။ (ရွှေမျောတွေကို) တော်ကြာ ဆင်တွေနဲ့ ဆွဲသွားလိုက်။ တော်ကြာ သမ္ဗန်တွေနဲ့ ဆွဲသွားပြီးတော့ ဒီနားမှာ မတွေ့လို့ နှစ်ရက်သုံးရက် တူးတယ်။ နောက်တစ်နေရာရွှေ့တယ်” ဟု ဒေါ်မိုးမိုးထွန်းက သူလေ့လာတွေ့ရှိခဲ့သည်ကို ပြောပြသည်။

ဥရုချောင်းတွင်း ရွှေတူးဖော်ရေးလုပ်ငန်းခွင် တစ်နေရာမှ ရေစုပ်စက်ကြီးများ။​ (ဓာတ်ပုံ – CAfT)

အစီရင်ခံစာအတွက် CAfT အဖွဲ့က ယခုနှစ် ဇန်နဝါရီနှင့် ဧပြီလအတွင်း ရိုက်ကူးခဲ့သော ဓာတ်ပုံများတွင် ဥရုချောင်းတစ်လျှောက် ရွှေမျောဖောင်များ မရေမတွက်နိုင်လောက်အောင် ရှိနေသည်။ ရုပ်ပျက်ဆင်းပျက် သဲသောင်ခုံများအကြား ဧရာမရေစုပ်စက်ကြီးများနှင့် အတန်းလိုက်နေရာယူထားသော ပိုက်လုံးများလည်း တွေ့ရသည်။​​ ချောင်းရေကား အနီရောင်ရွှံ့အနှစ်များ အတိပင်။

လက်ရှိအချိန်တွင် ဥရုချောင်းအတွင်း ပြောင်တလင်းခါလုပြီဖြစ်ရာ ရွှေတူးသူများ ချင်းတွင်းမြစ်အထက်ပိုင်းနှင့် ကချင်ပြည်နယ်အတွင်း စားကျက်ပြောင်းလာနေသည်ဟုလည်း ဒေါ်မိုးမိုးထွန်းက ပြောသည်။

ဥရုချောင်းတစ်လျှောက်တွင် ယခင်ကတည်းက တရားမဝင် ရွှေတူးဖော်မှုများ ရှိခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းပြီးနောက် အုပ်ချုပ်ရေးယန္တရားပျက်သွားချိန်တွင် အခြေအနေ ဆိုးဆိုးရွားရွားဖြစ်လာကြောင်း စစ်ကောင်စီကို ဆန့်ကျင်သည့် ဟုမ္မလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။

“သဘာဝပတ်ဝန်းကျင် ပျက်စီးနေတာတွေဟာ ရင်နာစရာကြီးဗျ။ NLD အစိုးရလက်ထက်က အတော်ကို ပြန်ထိန်းသိမ်းနေတာ၊ ဒေသကို အရမ်းကြည့်ပေးတာ။ အခုတော့ အားလုံးက စည်းလွတ်‌ဘောင်လွတ် ဥပဒေမဲ့ တူးချင်သလိုတူး သူတို့ပိုက်ဆံရဖို့ပဲ လုပ်နေတဲ့သဘောပဲ” ဟု ၎င်းက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အစိုးရလက်ထက်တွင် ဥရုချောင်းတစ်လျှောက် တရားမဝင် ရွှေတူးခြင်းများကို ထိန်းချုပ်ရန် လေးဧက လုပ်ကွက်တစ်ခုကို ကျပ်သိန်း ၁၄၀ အထိ အခွန်ပေးဆောင်စေကာ စာချုပ်စာတမ်းဖြင့် လုပ်ကိုင်စေခဲ့သည်ဟု သိရသည်။​ ထို့ပြင် တရားဝင် ရွှေတူးခွင့်ရရေး ဒေသအခြေစိုက် ရှမ်းနီတပ်မတော် (SNA) ကို ကျပ်သိန်း ၁၆၀ ခန့် လက်သိပ်ထိုးပေးရသည်ဟု ဆိုသည်။ 

အာဏာသိမ်းပြီးနောက် ရှမ်းနီလက်နက်ကိုင်အဖွဲ့ကို ပိုက်ဆံပေးကာ တူးချင်သလိုတူးလို့ရသည့် အနေအထားဖြစ်လာကာ မှိုလိုပေါက်ပေါ်လာသည့် အသေးစားရွှေတူးသူများနှင့်အတူ အားလုံးသည် တရားမဝင်ဖြစ်သွားကြောင်း ဟုမ္မလင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ရှမ်းနီအဖွဲ့ ထိန်းချုပ်ဒေသဖြစ်ရာ ဆက်ကြေးမပေးပါက ဖမ်းဆီးရိုက်နှက်ခံရလေ့ရှိပြီး တရားမဝင် ရွှေတူးလုပ်ငန်းများတွင် စစ်တပ်နှင့်အတူ သတ္တုတွင်းဝန်ကြီးဌာနမှ အကျင့်ပျက်ဝန်ထမ်းများလည်း ပါဝင်ပတ်သက်နေကြောင်း ၎င်းက ဆိုသည်။ 

“ပြည်သူ့အစိုးရရဲ့ အုပ်ချုပ်ရေးယန္တယားပျက်သွားတော့ စစ်အုပ်ချုပ်ရေးဖြစ်လာတယ်။ စစ်တပ်ရော SNA ‌ရော ပေါင်းပြီး ပြည်သူ့အစိုးရက တရားဝင် ပိတ်ပင်တားဆီးကာကွယ်ထားတဲ့ ချင်းတွင်မြစ်နဲ့ ဥရုချောင်းတွင်း ရွှေမျောလုပ်ပိုင်ခွင့်ကို နည်းမျိုးစုံနဲ့ ပေးလိုက်ကြတယ်” ‌

ချောင်းဖျားရှိ ဖားကန့်ဒေသမှ ကျောက်စိမ်းတူးဖော်မှုနှင့် ဟုမ္မလင်းမြို့နယ်အတွင်းမှ ရွှေတူးလုပ်ငန်းများကြောင့် ဥရုချောင်းရေ ရွှံ့ရေကဲ့သို့ နောက်ကျိနေသည်မှာ နှစ်ပေါင်း ၂၀ နီးပါးရှိလာပြီဖြစ်ကာ သောင်းထွန်း၍ ရေလမ်းကြောင်းပြောင်းလာသဖြင့် သွားလာရန် ခက်ခဲလာသည်ဟုလည်း သိရသည်။ 

ရှမ်းနီအဖွဲ့နှင့် စစ်ကောင်စီတပ်ကို ငွေပေး၍ ဥရုချောင်းတလျှောက် မိုးတွင်းမရှောင် တရားမဝင်ရွှေတူး ဖော်နေကြကြောင်း ဟုမ္မလင်းဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။​

တရားမဝင် ရွှေတူးလုပ်ငန်းများကြောင့် ရေလမ်းကြောင်းပြောင်းလာသည်အထိ ပျက်စီးနေသည့် ဥရုချောင်းတစ်နေရာ။ (ဓာတ်ပုံ – CAfT)

“အစကတည်းက ဒီလုပ်ငန်းတွေကို စည်းစနစ်တကျ ထိန်းသိမ်းဖို့ ကြိုးစားနေကြတာ။ ဒါပေမဲ့ အာဏာသိမ်းဖြစ်စဉ်နောက်ပိုင်းမှာ ဘယ်လိုမှ ထိန်းကြောင်းလို့ မရတော့ဘူး။ အရင်က မလုပ်ခဲ့ရတဲ့နေရာတွေ အကုန်လုံးမှာ လက်လွတ်စပယ် လုပ်ခွင့်ရသွားကြတာပေါ့” ဟု ၎င်းက ပြောသည်။​

ဗန်းမောက်ဒေသမှ ဥရုချောင်းအတွင်း စီးဝင်သည့် ချောင်းကြီးချောင်းနှင့် သဘာဝအင်းများပါမကျန် အကြီးအကျယ် ရွှေတူးနေကြပြီး ငွေပေးပါက စိတ်တိုင်းကျ တူးခွင့်ရသည်အထိ ဖြစ်လာကြောင်း၊ ယခုအခါ ချင်းတွင်းမြစ်ထဲအထိ ခြေဆန့်လာကြကြောင်းလည်း ထိုဟုမ္မလင်းဒေသခံက ဆိုသည်။​

တရားမဝင် ရွှေတူးလုပ်ငန်းများထံမှ ငွေကြေးကောက်ခံသည်ဆိုသည်နှင့် ပတ်သက်၍ ရှမ်းနီတပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းအောင်မိန်းကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် ဟုတ်မှန်ကြောင်း အတည်ပြုသည်။

“အခွန်ပေးရတာတော့ ဟုတ်တယ်။ ကျွန်တော်တို့ နယ်မြေဒေသ။ ကျွန်တော်တို့ ထိန်းချုပ်နယ်မြေထဲမှာ အလုပ်လာလုပ်ရင် ပေးကြရတာချည်းပဲ။ ဖားကန့်ဒေသ KIA ထိန်းချုပ်ဒေသ သွားလုပ်ရင်လည်း ပေးရတာပဲ။ ကရင်ပြည်နယ် သွားလုပ်ရင်တော့ ပေးရတာပဲ” ဟု ၎င်းက တုံ့ပြန်သည်။

တရားမဝင် ရွှေတူးဖော်မှုများကြောင့် ဥရုချောင်းအတွင်း မျှောမြီးခေါ် စွန်ပစ်မြေစာပုံကြီးများ တောင်လိုပုံလာကာ ကျေးရွာများ အနိမ့်ပိုင်းအလိုလို ရောက်သွားသည့်အပြင် လယ်ယာမြေနှင့် မြစ်ချောင်းအင်းအိုင်များ သိသိသာသာ ပျက်စီးလာနေကြောင်း ဟုမ္မလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ဆိုသည်။

တစ်စထက်တစ်စ ပိုဆိုးလာသော သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကြောင့် ရှမ်းနီတပ်မတော် ဌာနချုပ်ကို ဒေသခံများက စာပေးပို့တောင်းဆိုသော်လည်း အကြောင်းမထူးဟု ၎င်းက ဆိုသည်။

“ဘယ်သူမှမ တားရဲဘူး။ တားတဲ့သူ အစဖျောက်ခံကြရတော့ ကြောက်ကုန်တာပေါ့”

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button