အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ပညာရေး

မွန်ပညာရေးစနစ်ကို အတုယူပြီး တအာင်း/ပလောင် ပညာရေးမူဝါဒ ရေးဆွဲမည်

မွန်တို့၏ပညာရေးမူဝါဒအပေါ် အခြေခံပြီး တအာင်း/ပလောင် ပညာရေးမူဝါဒ ရေးဆွဲရန် တအာင်းပညာရေး အင်စတီကျူ့ (TEI)က စီစဉ်လျက်ရှိသည်။

မူလတန်းအဆင့်ကို မိခင်ဘာသာစကားကိုအသုံးပြုကာ သင်ကြားပေးပြီး အလယ်တန်းနှင့် အထက်တန်း အဆင့်များကို အစိုးရ၏သင်ကြားရေး စနစ်အတိုင်း သင်ကြားနိုင်ရန်ရေးဆွဲထားသည့် မွန်ပညာရေး မူဝါဒသည် မွန်-ခမာ မျိုးနွယ်စုဝင် တအာင်း/ပလောင်များအတွက် အထောက်အကူဖြစ်မည်ဟု မျှော်လင့်ကြောင်း TEI ၏ အတွင်းရေးမှူး ဒေါ်လွေးချယ်ရီက သြဂုတ် ၃ ရက်တွင် Myanmar Now ကို ပြောသည်။

“မွန်ပညာရေး မူဝါဒ” သည် အစိုးရလက်လှမ်းမမီသည့် ဒေသများရှိ ကျောင်းပေါင်း ၁၃၂ ကျောင်းတွင်  လွန်ခဲ့သော ၄၅ နှစ်ကတည်းက အောင်အောင်မြင်မြင် ကျင့်သုံးနေသည့် စနစ်ဖြစ်ကြောင်း မွန်အမျိုးသားပညာရေးကော်မတီအစီအစဉ်ညှိနှိုင်းရေးမှူး ဆရာနိုင်ဇေက ပြောသည်။

“ကျွန်မတို့ဒေသက ကလေးတွေ ပညာတတ်တွေဖြစ်လာဖို့၊ ဒီမှာတင်စာသင်နိုင်ဖို့၊ စာသင်ရာမှာလည်း ကောင်းမွန်တဲ့ အဆင့်မီတဲ့ပညာရေးကို သင်ကြားနိုင်ဖို့အတွက် ဒီလို မူဝါဒလိုအပ်တယ်လို့ ယုံကြည်ပါတယ် ” ဟု TEI ၏ အတွင်းရေးမှူး ဒေါ်လွေးချယ်ရီကပြောသည်။

တအာင်း/ပလောင် ပညာရေး မူဝါဒရေးဆွဲရန် ကနဦးခြေလှမ်းအဖြစ် ဘာသာရေး၊ စာပေနှင့်ယဉ်ကျေးမှု နှင့်နိုင်ငံရေးလောကမှ ခေါင်းဆောင်များ၊ လူငယ်ကိုယ်စားလှယ်များက ဇူလိုင် ၂၃ ရက်ကရှမ်းပြည်မြောက်ပိုင်း လားရှိုးတွင် သုံးရက်ကြာဆွေးနွေးခဲ့သေးသည်။

 “ကျွန်တော်တို့ ပလောင်တွေက မြန်မာနိုင်ငံထဲကိုဝင်လာတာ အစောဆုံး လူမျိုးဖြစ်ပေမယ့် မှတ်ပုံတင်မရှိဘူး။ ဒီတော့မြန်မာနိုင်ငံရဲ့ သန်းခေါင်စာရင်းထဲမှာတောင် မဝင်တဲ့ ဦးရေတွေ အများကြီးရှိသေးတယ်။ ဒါတွေဟာ စာသင်ကျောင်းမရှိခြင်း ပညာမတတ်ခြင်းရဲ့ အကျိုးဆက်တွေပေါ့ ” ဟု တအာင်း/ပလောင်လူမျိုး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း ) ပြည်နယ်ပညာရေးမှူးရုံးခွဲ၊ စီမံကိန်းကြီးကြပ် အကဲဖြတ်ဌာန ဦးစီးအရာရှိ ဦးလုသန်းစံက ပြောသည်။

အဆိုပါမူဝါဒ အကောင်အထည်ပေါ်ပါက လက်နက်ကိုင်တိုက်ပွဲများနှင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် ကာလရှည်ကြာ ပညာသင်ခွင့်မရသည့် တအာင်း/ပလောင် များအတွက် ပညာသင်ကြားရန် အခွင့်အလမ်းဖြစ်လာမည်ဟု ဒေါ်လွေးချယ်ရီကပြောသည်။

“စာသင်ကျောင်းမရှိတော့ ပညာလည်း မတတ်ဘူး။ ပညာမတတ်တော့ အနှိမ်ခံရတယ်။ စီးပွားရေး လုပ်ငန်းတွေမှာ အလိမ်ခံရတယ် ” ဟု ဒေါ်လွေးချယ်ရီက ဆိုသည်။

ရှမ်းပြည်နယ်တွင် အစိုးရက လက်လှမ်းမမီသော တအာင်း/ပလောင် ဒေသများတွင် TEI က ကိုယ်ထူကိုယ်ထ မူလတန်းအဆင့် စာသင်ကျောင်း ၁၆၀ ကျော်ဖွင့်လှစ်ထားပြီး ယင်းတို့အနက် ကျောင်းပေါင်း ၆၀ ကိုအစိုးရက အသိအမှတ်ပြုထားကြောင်း TEI ၏ စာရင်းများတွင် ဖော်ပြထားသည်။

တအာင်း/ပလောင် ဒေသများတွင် အစိုးရလက်လှမ်းမမီသည့် ကျေးရွာပေါင်း ၈၀၀ ခန့် ရှိနိုင်သည်ဟု TEI က ခန့်မှန်းထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button