သတင်း

ရေကူးဘူတာရုံအနီး ကန်စွန်းခင်းမြေ ပိုင်ဆိုင်မှု တပ်နှင့်တောင်သူများ အငြင်းပွား

(ရန်ကုန်) — ရန်ကုန် မရမ်းကုန်းမြို့နယ် ဂန္ဓမာလမ်းနှင့်ဝေဇယန္တာလမ်းထောင့် ရေကူးဘူတာရုံအနီးရှိ ၁၉ ဧကကျော် ကျယ်ဝန်းသည့် ကန်စွန်းခင်းမြေပိုင်ဆိုင်မှုအတွက် တပ်မတော်နှင့် ဒေသခံများအကြား အငြင်းပွားခဲ့ကြပြီးနောက် ထိုမြေနေရာကို တပ်မတော်က ဇူလိုင် ၂၅ တွင် ခြံကာလိုက်သည်။

ဂန္ဓမာလက်ကားစင်တာအနီး အချက်အချာကျသည့် အဆိုပါ မြေနေရာကို ကန်စွန်းခင်းများ အနီးရှိ ရပ်ကွက်တချို့တွင် နေထိုင်သည့် တောင်သူ ၂၈ ဦး ပိုင်ဆိုင်ပြီး ဘိုးစဉ် ဘောင်ဆက် လုပ်ကိုင်ခဲ့သည့် မြေများဖြစ်သည်ဟု ကန်စွန်းခင်းစိုက်တောင်သူ ဦးရန်ဝင်းအောင်က ပြောသည်။

သို့သော် ၎င်းတို့ပိုင်ဆိုင်ကြောင်း စာရွက်စာတမ်း အထောက်အထားများသည် ၂ဝဝ၈ ခုနှစ် နာဂစ်မုန်တိုင်းကာလအတွင်း ပျောက်ဆုံးသွားသည်ဟုလည်း ၎င်းက ပြောသည်။

မျိုးဆက်သုံးဆက် ဆက်တိုက် စိုက်ပျိုးခဲ့သော အဆိုပါမြေနေရာတွင် စီးပွားရေးအဆောက်အအုံများ ဆောက်လုပ်ရန် တပ်မတော်က ၂ဝ၁၂ ခုနှစ်တွင် သတင်းစာမှတစ်ဆင့် တင်ဒါခေါ်ယူမှသာ တပ်ပိုင်မြေဖြစ်သည်ဟု သိရှိခဲ့ရကြောင်း အသက် ၄ဝ အရွယ်ရှိ အဆိုပါ ကန်စွန်းစိုက်တောင်သူက ပြောသည်။

၂ဝ၁၂ ခုနှစ် အောက်တိုဘာ ၂ဝ ရက်နေ့ ‘မြန်မာ့အလင်း’ သတင်းစာပါ စစ်ထောက်ချုပ်ရုံး၏ ကြော်ငြာတွင် ဟိုတယ်၊ ရှော့ပင်းမောလ်၊ ပုဂ္ဂလိကစာသင်ကျောင်းနှင့် အထူးကုဆေးရုံလုပ်ငန်းများ ဆောက်လုပ်ရန် တင်ဒါခေါ်သည့် စာရင်းတွင် အငြင်းပွားနေသည့် ယင်းမြေနေရာ ပါဝင်ခဲ့သည်။

အငြင်းပွားနေသည့် အဆိုပါမြေနေရာမှ တောင်သူများ ထွက်ခွာသွားရန် ၂ဝ၁၄ ခုနှစ်တွင် နှစ်ကြိမ်၊ ယခုနှစ် မေလတွင် တစ်ကြိမ် တပ်ဘက်က သတိပေးစာ ထုတ်ပြန်ခဲ့ကြောင်း ဦးရန်ဝင်းအောင်က ပြောသည်။

“ရန်ကုန်တိုင်း (ဒေသကြီး) အစိုးရနဲ့ အစည်းအဝေး လုပ်ပြီးမှ သိမ်းတာပါ ဆိုပြီး သူတို့ကပြောလာတယ်။ ကျွန်တော်တို့က တပ်ကသိမ်းတာ ဆိုပြီး အစိုးရကို အားကိုးထားတာ။ အခုက ဘယ်သူ့အကူအညီတောင်းလို့ တောင်းရမှန်း မသိဘူးဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။

အငြင်းပွားနေစဉ် တပ်မတော်က ခြံခတ်လိုက်သည့် မြေဧကများထဲမှ တောင်သူရှစ်ဦး စိုက်ပျိုးနေသည့် ငါးဧကကျော်ကို မြေဖို့နေပြီဟု ကန်စွန်းခင်းစိုက်တောင်သူ ဦးထွန်းထွန်းက ပြောသည်။

“ဘာဆက်လုပ်ရမလဲ မသိတော့ဘူး။ အဲဒါကြီး သိမ်းခံလိုက်ရတော့ အလုပ်လည်း လုပ်စရာမရှိတော့ဘူး” ဟု ၎င်းကပြောသည်။

သူပိုင်ကိုယ်ပိုင် အငြင်းပွားနေသည့် ယင်းမြေနေရာအတွက် တရားရုံးတွင် ဖြေရှင်းခြင်းသည် အသင့်တော်ဆုံး နည်းလမ်းဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် မရမ်းကုန်း အမှတ် (၂) မဲဆန္ဒနယ်မြေ လွှတ်တော် ကိုယ်စားလှယ် ဒေါ်မိုးမိုးစုကြည်က ပြောသည်။

အငြင်းပွားနေသည့်မြေနေရာတွင် ဇူလိုင်လအတွင်းက ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေစဉ်။

“ဘယ်သူပိုင်တယ်ဆိုတာ ပြောပိုင်ခွင့် မရှိသလို၊ ပြောလို့လည်း မရပါဘူး။ ဒါကြောင့် ကန်စွန်းခင်းလုပ်သားများ ညီညီညွတ်ညွတ်နဲ့ တရားရုံးကို ဦးတိုက်လျှောက်ထားကြပါ။ တရားဥပဒေရဲ့ အဆုံးအဖြတ်ကို ယူကြပါလို့တော့ ကျွန်မ သူတို့ကို အကြံဉာဏ်ပေးထားပါတယ်” ဟု ပြဿနာဖြစ်ပွားနေသည့် ကန်စွန်းခင်းမြေနေရာအနီးရှိ မရမ်းကုန်းမြို့နယ် ၈ ရပ်ကွက်တွင် မွေးဖွားခဲ့သူ လွှတ်တော်ကိုယ်စားလှယ်က ဆိုသည်။

ကလေးဘဝကပင် ထိုကန်စွန်းခင်းများကြား တပ်မြေဆိုသည့် ဆိုင်းဘုတ်များကို တွေ့ရှိခဲ့ကြောင်း၊ ထိုအချိန်ကတည်းက ကန်စွန်းစိုက်ပျိုးခဲ့သည်ကို ငြင်းပယ်၍ မရကြောင်း အသက် ၄၉ နှစ်အရွယ် လွှတ်တော်အမတ်က ပြောသည်။

ရန်ကုန်တပ်မြို့ စည်ပင် မြေယာတာဝန်ခံ ဦးရဲညွန့်ကမူ ပုဂ္ဂလိက ကုမ္ပဏီများကို ထိုကန်းစွန်းခင်းမြေတွင် ဆောက်လုပ်ခွင့်ပေးမည် မဟုတ်ကြောင်း ပြောသည်။

ထိုမြေနေရာမှာ ၁၉၉၃ ခုနှစ်ကတည်းကပင် ဆောက်လုပ်ရေးဝန်ကြီးဌာနက ကာကွယ်ရေး ဝန်ကြီးဌာနထံ လွှဲပြောင်းပေးထားသည့်မြေနေရာဖြစ်ပြီး ၎င်းတို့တွင် ပိုင်ဆိုင်မှုအတွက်စာရွက်စာတမ်း အထောက်အထားများ အပြည့်အစုံရှိသည်ဟု ၎င်းက ပြောသည်။

“ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အနာဂတ်စီမံကိန်းလို့ပဲ သိထားတယ်။ တကယ်တမ်းလည်း တပ်မတော်က အသုံးပြုမယ့်မြေပါ” ဟု ၎င်းက ပြောသည်။

၂ဝ၁၂ အတွင်း သတင်းစာများမှတဆင့် တင်ဒါခေါ်ယူစဉ်က ကြော်ငြာအရမူ အဆိုပါမြေနေရာတွင် စီးပွားရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံခွင့် အတွက် ပုဂ္ဂလိက ကုမ္ပဏီတို့ကို ဖိတ်ခေါ်ထားသည်။

Show More

Related Articles

Back to top button