မန္တလေးမြို့မှ ဧရာဝတီသတင်းဌာနဟောင်း ကိုဇော်ဇော်ကို အာဏာသိမ်းစစ်ကောင်စီက ယမန်နေ့ (ဩဂုတ် ၂၄) တွင် ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅-ကဖြင့် ထောင် ၃ နှစ် ချလိုက်သည်။
ကိုဇော်ဇော်ကို အိုးဘိုထောင်ရှိ အထူးတရားရုံးက ထောင် သုံးနှစ် ချလိုက်ကြောင်း ရှေ့နေဖြစ်သူက အကြောင်းကြားသည်ဟု မိသားစုဝင်တစ်ဦးက Myanmar Now ကို အတည်ပြုသည်။
“ညနေ ၄ နာရီကျော်မှာမှ ချလိုက်တာ။ လူတွေ့ခွင့်မရပါဘူး။ ကျန်းမာရေးကောင်းတယ်လို့ သိရတယ်။ ရှေ့နေက အကြောင်းကြားမှ သိရတာ”
ဧရာဝတီသတင်းဌာနတွင် ဓာတ်ပုံသတင်းထောက်အဖြစ် လုပ်ကိုင်ဖူးသည့် အသက် ၃၅ နှစ်အရွယ် ကိုဇော်ဇော်ကို စစ်ကောင်စီက ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
စစ်ကြောရေးတွင် တစ်လကျော်ကြား ညှဉ်းပန်းနှိပ်စက်ပြီးနောက် မေလလယ်ပိုင်းတွင် ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ကာ အိုးဘိုထောင်ပို့ဆောင်ခဲ့ပြီး နောက်သုံးလအကြာတွင် ထောင်သုံးနှစ် ချလိုက်ခြင်းဖြစ်သည်။
အာဏာမသိမ်းမီကတည်းက သတင်းထောက်အလုပ်ကို ရပ်နားထားသည့် ကိုဇော်ဇော်ကို ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းအပေါ် စိတ်မကောင်းဖြစ်ရကြောင်း မိသားစုဝင်က ဆိုသည်။
“ဘာမှမလုပ်တဲ့လူကို အခုလို ပြစ်ဒဏ်ပေးခံရလို့ စိတ်မကောင်းဘူးပေါ့နော်။ ကျန်တာတော့ ဘာမှ မှတ်ချက် မပေးလိုပါဘူး။ သူ ကျန်းမာရေးတော့ ကောင်းနေပါပြီ”
အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ၎င်းတို့ကို ဆန့်ကျင်သူများကို ဖမ်းဆီးအရေးယူရာတွင် ပုဒ်မ ၅၀၅-က ကို တွင်တွင်ကျယ်ကျယ် အသုံးပြုလေ့ရှိပြီး ထောင်ဒဏ်ကိုလည်း မူလ ၂ နှစ်မှ ၃ နှစ်အထိ ပြင်ဆင်သတ်မှတ်ခဲ့သည်။
အာဏာသိမ်းစစ်ကောင်စီက သတင်းဌာနအများအပြားကို ထုတ်ဝေခွင့်လိုင်စင် ဖျက်သိမ်းကာ သတင်းစာတိုက်အချို့ကို ဝင်ရောက်စီးနင်းသည့်အပြင် သတင်းသမားများကိုလည်း ဖမ်းဆီးထောင်ချခဲ့သည်။
သတင်းများ ရေးသားဖော်ပြရာတွင် အာဏာသိမ်းစစ်အစိုးရဟု ဆက်လက်သုံးနှုန်းပါက အရေးယူမည်ဖြစ်ကြောင်း အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီလအတွင်း၌ စစ်ခေါင်းဆောင်ကိုယ်တိုင် ထုတ်ဖော်ပြောဆိုကာ ခြိမ်းခြောက်ခဲ့သည်။
စောင့်ကြည့်သူများ၏ စာရင်းဇယားများအရ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းတွင် သတင်းသမား ၁၄၀ အထိ ရှိခဲ့ပြီး ပြန်လွတ်လာသူများ ရှိသော်လည်း လက်ရှိအချိန်ထိ အကျဉ်းထောင်များတွင် ထိန်းသိမ်းခံထားရသူ ၅၀ ကျော်ရှိသည်။
စစ်ကောင်စီ၏ သတင်းမီဒီယာသမားများအပေါ် အရေးယူမှုနှင့် ပတ်သက်၍ ရန်ကုန်မြို့မှ ဝါရင့် သတင်းစာဆရာတစ်ဦးက “သိတဲ့အတိုင်းပဲ ဖမ်းဆီးခံရသူ ရာဂဏန်းကျော်ခဲ့ပြီး လက်ရှိ ၆၀ နီးပါးလောက် ထောင်ထဲမှာ ရှိနေတာက မီဒီယာအပေါ် ဘယ်လိုသဘောထားသလဲဆိုတာ ထင်ရှားတယ်” ဟု မှတ်ချက်ပြုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)