သတင်း

ရန်ကုန်ရှိ စစ်တပ်ပိုင် ကျောက်စိမ်းများကို နေပြည်တော်ပြောင်းရွှေ့ခိုင်းခဲ့

အာဏာသိမ်းပြီးနောက် မကြာခဏ ပေါက်ကွဲမှု၊ တိုက်ခိုက်မှုများဖြစ်ပေါ်နေသည့် ရန်ကုန်မြို့မှ စစ်တပ်ပိုင် ကျောက်စိမ်းများကို နေပြည်တော်သို့ ရွှေ့ပြောင်းထားရှိရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ တိုက်ရိုက် ညွှန်ကြားမှုအောက်ရှိ ဦးပိုင်ကုမ္ပဏီက စီစဉ်ခဲ့သည်။

စစ်တပ်ပိုင် ကျောက်စိမ်းများကို ရန်ကုန်၊ မရမ်းကုန်းမြို့နယ် ၇ မိုင်မှ နေပြည်တော်သို့ ပြောင်းရွှေ့ထားရန် ယခုနှစ်ဆန်းပိုင်းက မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီ၏ အစည်းအဝေးတစ်ခုတွင် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါကျောက်စိမ်းများကို ဦးပိုင်လက်အောက်ခံ စစ်တပ်ပိုင်ကုမ္ပဏီတစ်ခုဖြစ်သည့် မြန်မာအင်ပီးရီးရယ် ဂျိတ်ကျောက်မျက်ကုမ္ပဏီက တာဝန်ယူရောင်းချနေခြင်းဖြစ်သည်။

ရန်ကုန်ရှိ စစ်တပ်ပိုင် ကျောက်စိမ်းများအပြင် နိုင်ငံအထက်ပိုင်းမှ ကျောက်စိမ်းများ သယ်ဆောင်ရာတွင်လည်း လုပ်ခြုံရေးတပ်ဖွဲ့၏ ခွင့်ပြုချက်ဖြင့်သာ လုပ်ဆောင်ရန်လည်း ဦးပိုင်ကုမ္ပဏီအစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးသည်ကို တွေ့ရသည်။

လုံခြုံရေး အထူးတင်းကျပ်ထားသည့် နေပြည်တော်တွင် တော်လှန်ရေးအင်အားစုများ ထိုးဖောက်ရန် ခက်ခဲသဖြင့် ကျောက်မျက်ရတနာများကို ရွှေပြောင်းထားခိုင်းခြင်းဖြစ်နိုင်ကြောင်း ကျောက်မျက်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“စိတ်ချရတဲ့နေရာတစ်ခုကို ရွှေ့မှာပဲလေ။ နေပြည်တော်က ပွင့်ပွင့်လင်းလင်းပြောရရင် ပိုလုံခြုံတယ်လို့ ယူဆတာပဲ” ဟု ၎င်းက ဆိုသည်။

ကျောက်များရွှေ့ပြောင်းသယ်ဆောင်လာသည်ကို သတိမပြုမိသော်လည်း အာဏာသိမ်းပြီးနောက် နေပြည်တော်တွင် ပြုလုပ်သည့် ကျောက်မျက်ပြပွဲတိုင်းတွင် ဦးပိုင်နှင့် အကျိုးတူကုမ္ပဏီများ၏ ကျောက်များသာ အများဆုံးဖြစ်ကြောင်းလည်း အဆိုပါ ကျောက်မျက်လုပ်ငန်းရှင်က ဆိုသည်။

ထို့ပြင် ဦးပိုင်ကုမ္ပဏီသည် ကျောက်မျက်ထုတ်လုပ်ခွင့် လိုင်စင်အများဆုံးရရှိထားပြီး နှစ်ပေါင်းသုံးဆယ် ရောင်းမကုန်နိုင်သည့် ကျောက်များသိုလှောင်ထားကြောင်း ဦးပိုင်လက်အောက်ခံ ကျောက်မျက်ကုမ္ပဏီ ဒါရိုက်တာအချို့ ပြောလေ့ရှိကြောင်းလည်း ၎င်းက ပြောသည်။

ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ခြင်းကို စစ်တပ်က အဓိကထိန်းချုပ်ထားပြီး အာဏာသိမ်းပြီးနောက် ကျောက်စိမ်းလုပ်ငန်းတွင် အကျင့်ပျက်ခြစားမှု ပိုများလာကြောင်း၊ မင်းအောင်လှိုင်မိသားစုနှင့် စစ်တပ်က ဘဏ္ဍာတိုက်ကြီးသဖွယ်ဖြစ်လာကြောင်း သယံဇာတအရေး လှုပ်ရှားသည့် ဗြိတိန်အခြေစိုက် Global Witness အဖွဲ့က ထုတ်ပြန်ထားသည်။

“ကျောက်စိမ်းကဏ္ဍမှာ သူ့မိသားစုပါဝင်ပတ်သက်နေမှုတွေက တချို့သူတွေအတွက် အံ့ဩစရာဖြစ်ချင်ဖြစ်နေပေမဲ့ အခွင့်ထူးခံ စစ်ဗိုလ်ချုပ်တွေရဲ့ အာဏာနဲ့ လွှမ်းမိုးမှုအတွက် ဒီလိုအကျိုးအမြတ်များလှတဲ့ လုပ်ငန်းက အထောက်အကူဖြစ်ခဲ့ပါတယ်” ဟု Global Witness အဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာမူဝါဒအကြံပေး ကီးလ်ဒိုင်ရက်ဇ်က ပြောဆိုသည်။

အာဏာသိမ်းခေါင်းဆောင်သည် စစ်တပ်ပိုင် လုပ်ငန်းကြီးနှစ်ခုဖြစ်သည့် ဦးပိုင်နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့အပေါ် အကြွင်းမဲ့ အာဏာရရှိထားသလို ရှယ်ယာအများဆုံး ပိုင်ဆိုင်သူဖြစ်ကြောင်း စစ်တပ်၏ အကျိုးစီးပွားနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ထုတ်နေသည့် Justice For Myanmar အဖွဲ့၏ အစီရင်ခံစာတစ်ခုတွင် ဖော်ပြဖူးသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button