သတင်း

လမ်းမများထက် ဓာတ်လိုက်သေဆုံးမှုများကို စစ်ဆေးပေးရန် ကျောင်းသားများ တောင်းဆို

ရန်ကုန် — ရန်ကုန်လမ်းမများပေါ်တွင် ဓာတ်လိုက်သေဆုံးခဲ့သည့်ကိစ္စများကို စုံစမ်းစစ်ဆေးမှုပြုလုပ်ပေးရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးကို ရန်ကုန်မှ ဆေးကျောင်းသားများက တောင်းဆိုလိုက်သည်။

ရန်ကုန်ဆေးတက္ကသိုလ်(၂)မှ ကျောင်းသားများ ဦးဆောင်သည့် “No Electric Shock Signature Champaign (ဓာတ်လိုက်မှုမရှိစေရေး လက်မှတ်ရေးထိုး တောင်းဆိုပွဲ)” သည် ရန်ကုန်ရှိ တက္ကသိုလ် ၁၃ခုမှ လူ ၄၅၀၀ ကျော် လက်မှတ် ရေးထိုးထားသည့် ၎င်းတို့၏တောင်းဆိုချက်များကို ၁၅ရက်အတွင်း အကြောင်းပြန်ရန်လည်း တောင်းဆိုလိုက်သည်။

ပြီးခဲ့သည့် ဇူလိုင်လတွင် ရန်ကုန်ဆေးတက္ကသိုလ် (၂) မှ ကျောင်းသားတစ်ဦး ရန်ကုန် ဗဟန်းမြို့နယ်ရှိ ဘက်စကတ်ဘောကွင်းအနီး ဓာတ်လိုက် သေဆုံးခဲ့ပြီးနောက် ပေါ်ပေါက်လာသည့် အဆိုပါအဖွဲ့သည် ဓာတ်လိုက်သေဆုံးမှုများတွင် တာဝန်ပေါ့လျော့သူများကို အရေးယူပေးရန်လည်း တောင်းဆိုခဲ့သည်။

ရန်ကုန်ဆေးတက္ကသိုလ် (၂) မှ ကျောင်းသား ဓာတ်လိုက် မကွယ်လွန်မီ ရက်ပိုင်းအလိုတွင် ရန်ကုန် တောင်ဥက္ကလာမှ အသက် ၁၃ နှစ်အရွယ် ကျောင်းသားတစ်ဦးသည် လမ်းမပေါ်တွင် ဓာတ်လိုက် သေဆုံးခဲ့သေးသည်။

ယမန်နှစ်မိုးတွင်းကာလကလည်း ရေထဲပြတ်ကျနေသည့် ဓာတ်ကြိုးကြောင့် အမျိုးသားတစ်ဦး ကျောက်တံတားမြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်တွင် သေဆုံးခဲ့သေးသည်။

ဇူလိုင်လအတွင်းက လျှပ်စစ်အန္တရာယ်ကြောင့် ဓာတ်လိုက်သေဆုံးခဲ့သည့် ဖြစ်ရပ်များတွင် အစိုးရအနေဖြင့် ငွေကြေးအနည်းငယ် ထောက်ပံ့မှုမျိုးသာရှိပြီး တာဝန်ရှိသူများကို ထိရောက်သည့် အရေးယူမှု တစ်စုံတစ်ရာ မတွေ့ရသေးကြောင်း ရန်ကုန် ဆေးတက္ကသိုလ်(၂) ကမ်ပိန်း ဦးဆောင်အဖွဲ့ဝင် ကိုအောင်ခန့်ပိုင်က ပြောသည်။

“ကွန်တော်တို့ ကျောင်းသွားရင်တောင် လန့်နေရတယ်ဗျ။ ဘယ်အချိန် ဓာတ်ကြိုးကျပြီး သေမလဲဆိုတာ။ ဓာတ်ကြိုးတစ်ချောင်း ပြတ်ကျလိုက်တာနဲ့ပဲ အဲ့ဒီနေရာမှာရှိတဲ့ လူအားလုံး အန္တရာယ်ဖြစ်ကုန်မှာ”ဟု ၎င်းက ပြောသည်။

ဝမ်းနည်းစရာအဖြစ်ဆိုးများ ထပ်မံမကြုံတွေ့စေရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် အများပြည်သူ သွားလာနေသည့် နေရာများတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများ လုပ်ဆောင်ရန်လည်း ၎င်းတို့က တောင်းဆို လိုက်သည်။

၎င်းတို့၏တောင်းဆိုချက်များအား လျစ်လျူရှုထားပါက တက္ကသိုလ်ကျောင်းပေါင်း ၁၃ ကျောင်းမှ ကျောင်းသား များတွေ့ဆုံကာ ထိရောက်သည့် ဆုံးဖြတ်ချက်တစ်ခု ပြုလုပ်သွားမည်ဟု ဦးဆောင်လှုပ်ရှားသူများက ပြောသည်။

“ကျောင်းတိုင်းက ကျောင်းသားသမဂ္ဂတာဝန်ခံတွေလည်း ပါမယ်။ ကျွန်တော်တို့လို တက်ကြွလှုပ်ရှားတဲ့ ကျောင်းသားတွေလည်း ပါမယ်။ ကျွန်တော်တို့က ဖိတ်ခေါ်ပြီး ထိရောက်တဲ့ ဆုံးဖြတ်ချက်တစ်ခုခု ချရမှာပေါ့” ဟု ဆေးတက္ကသိုလ် ဒုတိယနှစ်ကျောင်းသား ကိုအောင်ကောင်းမော်က သတင်းစာရှင်းလင်းပွဲအပြီး Myanmar Now ကို ပြောသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၀၇ ခုနှစ်မှ ၂၀၁၄ ခုနှစ် ဩဂုတ်လအထိ လူပေါင်း ၈၁၀ ဓာတ်လိုက်ခံခဲ့ရပြီး ၆၈၀ သေဆုံးခဲ့သည်။

Show More

Related Articles

Back to top button