သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ထောင် ၆ နှစ်ထပ်ချ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်း စစ်ကောင်စီက စွပ်စွဲထားသည့် အဂတိမှု ၄မှုဖြင့် နေပြည်တော်အချုပ်ထောင်ရှိ တရားခွင်က ယနေ့(ဩဂုတ် ၁၅) ထောင် ၆ နှစ် ထပ်မံ ချမှတ်လိုက်သည်။

ရန်ကုန်နှင့် မန္တလေးတွင် အသက်မွေးဝမ်းကျောင်းပညာ အခမဲ့သင်တန်းဖွင့်သည့် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း မြေနေရာ ရယူမှု၊ အဆောက်အဦးဆောက်လုပ်မှုတို့အတွက် ထောင် ၁၅နှစ် ထိချနိုင်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် စစ်ကောင်စီက တရားစွဲ ထားခြင်းဖြစ်သည်။

မန္တလေးတိုင်း တရားလွှတ်တော် တရားသူကြီး ဦးမြင့်ဆန်းက နေပြည်တော် အမှု ၃ခုကို တစ်ပေါင်းတည်းထောင်ဒဏ် ၃နှစ်၊ ရန်ကုန်နှင့် ပတ်သက်သည့် ၁မှုကို သီးခြားထောင်ဒဏ် ၃နှစ် ချမှတ်သည်။

နိုင်ငံရေးရာထူးရှိခဲ့စဉ် နေပြည်တော်နှင့် ရန်ကုန်ရှိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း စီမံကိန်းမြေနေရာများနှင့် ပတ်သက်၍  အဂတိလိုက်စားခဲ့သည်ဆိုကာ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အမှုဖွင့်ထားခြင်းဖြစ်သည်။

“အယူခံတွေဆက်တက်ဖို့၊ ဥပဒေအရ လုပ်စရာရှိတာတွေဆက်လုပ်ဖို့ (ဒေါ်အောင်ဆန်းစုကြည်က ) ပြောပါတယ်”ဟု တရားရုံးနှင့်နီးစပ်သူကပြောသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး မှာ ကောင်းမွန်သည်ဟု ဆိုနိုင်သော်လည်း အချုပ်ထောင်အတွင်း ပိုးမွှားများ ကိုက်သည့် ဒဏ်ကို အကြီးအကျယ်ရင်ဆိုင်နေရသည်ဟု ၎င်းက ဆက်ပြောသည်။

အာဏာသိမ်းကြောင်း မကြေညာမီ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက် မိုးမလင်းမီကတည်းက စစ်ကောင်စီက ဖမ်းထားသည့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက လက်ရှိအထိ အမှုပေါင်း ၁၉ မှုဖွင့်လှစ်ထားပြီး ယနေ့ အမိန့် ချသည့်အမှုများအပါအဝင် စုစုပေါင်း ၁၀မှုအတွက် ထောင်ဒဏ် ၁၉ နှစ် ထိရှိလာသည်။

၂၀၂၁ နှစ်ကုန်တွင် ပုဒ်မ နှစ်ခုဖြင့် ပထမဆုံးအကြိမ် အမိန့်ချသည့် ထောင်ဒဏ် ၄နှစ် ၏ ထက်ဝက်ကို စစ်ကောင်စီက ပြန်လျှော့ထားခဲ့၍ အသက် ၇၇ အရွယ် ဒေါ်အောင်ဆန်းစုကြည်မှာ ၁၇ နှစ်ကို ရင်ဆိုင်ရန်ရှိသည်။

ထို့အပြင် စစ်ကောင်စီက စွပ်စွဲထားသည့် အမှု ၉ မှုကို နေပြည်တော်အချုပ်ထောင်တွင်းရှိ တရားခွင်၌ ဒေါ်အောင်ဆန်းစုကြည် ဆက်လက်ရင်ဆိုင်ရဦးမည်ဖြစ်သည်။

စစ်ဗိုလ်ချုပ်များနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်က လာဘ်ငွေယူရသည်ဟု စွပ်စွဲသည့် အဂတိ ၂မှု၊ NLD အစိုးရလက်ထက် သဘာဝဘေးအန္တရာယ်ကျရောက်ရာ တွင် သုံးစွဲရန် ရဟတ်ယာဉ်ဝယ်ရာတွင် အဂတိမကင်းဟု စစ်ကောင်စီက စွပ်စွဲသည့် ၅မှုတို့ ဖြစ်သည်။

ထို့အပြင် ရွေးကောက်ပွဲတွင် မလျော်ာ်ဩဇာသုံးသည်ဟု စစ်ကောင်စီ စွပ်စွဲထားသည့် ၁မှု၊ ဩစတြေးလျနိုင်ငံသား စီးပွားရေးအကြံပေး ရှောင်တာနယ်နှင့်အတူ အမှုဖွင့်ခံထားရသည့် နိုင်ငံတော်လျှို့ဝှက်အက် ၁မှုတို့လည်းပါဝင်သည်။

၂၀၂၀ ခုနှစ်က နေပြည်တော်တွင် ပြုလုပ်သည့် ၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသို့ တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည် (နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်)

မူလတွင် နေပြည်တော်ရှိ လျှို့ဝှက်နေရာတစ်ခုတွင် ထိန်းသိမ်းထားရာမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်  (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ဇူလိုင်လကုန်ပိုင်းတွင် နေပြည်တော် အချုပ်ထောင်သို့ ပို့ဆောင်ခဲ့ရာ ၎င်းမှာ အခက်အခဲများစွာရင်ဆိုင်နေရသည်ဟု စုံစမ်းသိရှိရသည်။

အချုပ်ထောင်အတွင်း ခြံစည်းရိုးသီးသန့်ကာရံထားသည့် မြေကွက်လပ်တစ်ခုတွင် ဆောက်ထားသည့် ၁၃ ပေ၊ ၁၄ ပေ ဝန်းကျင်အကျယ် အခန်းငယ်တစ်ခုတွင် နေထိုင်ရသည်ဟု အကြမ်းဖျင်း သိရကြောင်း ယုံကြည်ထိုက်သည့် တရားရုံးသတင်းရင်းမြစ်အချို့နှင့် နီးစပ်သူအချို့က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရသည့် အဆောင်တွင် သံတိုင် ပြတင်းပေါက် ၆ ခုရှိပြီး ၃ ခုတွင်သာ ခန်းဆီး (ပိတ်စလိုက်ကာ) တပ်ပေးထားကြောင်း တရားရုံးသတင်းရင်းမြစ်တစ်ခုကလည်း Myanmar Now ကို အတည်ပြုထားသည်။

NLD အစိုးရလက်ထက်တွင် နိုင်ငံတော်အတိုင်ပင်ခံရာထူးနှင့် နိုင်ငံခြားရေးဝန်ကြီး တာဝန်ယူခဲ့သူ  ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအတွက် ဆရာဝန်ထားရှိပေးကြောင်း၊ စားရေး သောက်ရေးအတွက် အမျိုးသမီးဝန်ထမ်း ၃ ဦး ထားရှိပေးကြောင်း စစ်ကောင်စီက ပြောထားဖူးသည်။

ယုံကြည်ထိုက်သည့် ထိုတရားရုံးသတင်းရင်းမြစ်၏ အဆိုအရမူ အသီးအရွက်ကိုသာ အားပြု၍ အစားအစာ ပမာဏနည်းနည်း စားလေ့ရှိသည့် ဒေါ်အောင်ဆန်းစုကြည်မှာ စားရေးသောက်ရေး အဆင်မပြေရုံမျှမက ရာသီဥတုနှင့် ပိုးမွှားဒဏ်ပါ ခံနေရသော်လည်း ညည်းညူလေ့မရှိဟု သိရသည်။

Show More

Related Articles

Back to top button