သတင်း

လေယာဉ်ပစ် လက်နက်ယူလာလျှင် ဆုငွေများစွာပေးမည်ဟု NUG ကြေညာ

စစ်ကောင်စီတပ်က ခုခံသူများကို ဝေဟင်မှ တိုက်ခိုက်နေချိန်တွင် လေယာဉ်၊ ရဟတ်ယာဉ်ပစ် လက်နက်နှင့်အတူ အာဏာဖီဆန်လာလျှင် ဆုငွေ ထိုက်တန်စွာ ချီးမြှင့်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဩဂုတ်လ ၆ ရက်တွင် ထပ်မံ ကမ်းလှမ်းလိုက်သည်။

မည်သည့်လက်နက်အမျိုးအစားအတွက် မည်မျှချီးမြှင့်မည်ဆိုသည်ကို NUG က အတိအကျ မပြောသော်လည်း “တန်ကြေးနဲ့ ကွာဟမှု မရှိတဲ့ ချီးမြင့်မှုမျိုးတွေ ဆောင်ရွက်ပေးမှာပါ” ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်က ပြောသည်။

“သယ်ဆောင်လာတဲ့ လက်နက်တွေပေါ်မှာ မူတည်ပြီးတော့ တကယ်ကို ထိုက်ထိုက်တန်တန် ချီးမြင့်မှာ” ဟု ဦးနိုင်ထူးအောင်က Myanmar Now ကို ပြောသည်။ 

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ တပ်ရင်းတပ်ဖွဲ့အများအပြားကို လက်နက်ထောက်ပံ့နေသည့် NUG သည် လိုအပ်သည့်ရန်ပုံငွေကိုလည်း နည်းမျိုးစုံ ရှာဖွေနေသည်။

ပြည်သူ့အခွန်ဘဏ္ဍာဖြင့် နှစ်ပေါင်း ၇၀ခန့် တည်ဆောက်ထားသည့် စစ်ကောင်စီတပ်တွင် လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းများ နိုင်ငံအနှံ့အပြားတွင် ရှိနေကြောင်း CDM ခေါ် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်လာသည့် စစ်အရာရှိများထံမှ သိရသည်။

ထိုစခန်းအသီးသီးတွင် တာဝန်ထမ်းဆောင်နေသူများ လေယာဉ်ပစ်လက်နက်နှင့်အတူ အာဏာဖီဆန်လာပါက တော်လှန်ရေးအဖွဲ့များထံ ထိုလက်နက် ရောက်လာနိုင်သလို ထိုစခန်းများကို ဝင်တိုက်ပြီး လက်နက်ရယူသည့်နည်းလမ်းလည်း ရှိသည်ဟု CDM အရာရှိ ဗိုလ်လေးနောင်နောင်က ထောက်ပြသည်။ 

“ကချင်ပြည်နယ်မှာ မိုးညှင်းစခန်းရှိတယ်။ အမ်းဘက်မှာဆိုရင် ပဒန်းစခန်း ရှိမယ်။ မွန်ပြည်နယ်ဆိုရင် ကုလားမတောင် ရှိမယ်။ အဲ့လိုနေရာမျိုးတွေ ဝင်တိုက်လိုက်တယ်ဆိုရင်လည်း လေယာဉ်ပစ်လက်နက်တွေ တော်တော်များများ ရနိုင်တယ်” ဟု ရန်ကုန်အခြေစိုက် လေကြောင်းရန်ကာကွယ်ရေးတပ်တွင် ၁၀နှစ်ကျော် တာဝန်ထမ်းခဲ့သည့် ဗိုလ်လေးနောင်နောင်က ပြောသည်။

အာဏာသိမ်းပြီး တစ်လကျော်အကြာတွင် အာဏာဖီဆန်လာသူ ဗိုလ်လေးနောင်နောင်သည် လက်ရှိတွင် စစ်ကိုင်းတိုင်းအတွင်း PDF နှင့်အတူ ရှိနေသည်။

တရုတ်နှင့် ဘီလာရုဇ်နိုင်ငံတို့တွင် လေကြောင်းရန်ကာကွယ်ရေးသင်တန်းများ ၃ လခန့်စီ တက်ခဲ့ဖူးသူ ဗိုလ်လေးနောင်နောင်၏ ပြောဆိုချက်အရ စစ်ကောင်စီတပ်တွင် ပခုံးထမ်းဒုံးအပြင် Pechora, Volga T-75, KS1B အမျိုးအစား လေယာဉ်ပစ်လက်နက်များ ရှိနေသည်ဟု ဆိုသည်။

အထက်ပါ လက်နက်များကို တရုတ်၊ ရုရှားထံမှ အဓိက ဝယ်ယူသလို မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်အခြေစိုက် အမှတ် ၂၀ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၀) တွင်လည်း Anti Aircraft Cannon 25/30mm အမျိုးအစား လေယာဉ်ပစ်လက်နက် ထုတ်လုပ်သည်ဟု CDM တပ်အရာရှိများထံမှ သိရသည်။

တိုင်းပြည်အာဏာသိမ်းထားသည့် စစ်ကောင်စီတပ်သည် ခုခံတော်လှန်မှုအားကောင်းသည့် ကချင်၊ ကရင်၊ ချင်း၊ ကရင်နီ(ကယား)၊ မကွေး၊ စစ်ကိုင်း စသည့် ပြည်နယ်နှင့်တိုင်းတို့တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။

ထို့အပြင် ရွာများကို လိုက်လံမီးရှို့သည့် စစ်သည်များကို သယ်ယူပို့ဆောင်ခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်းတို့အတွက် ရဟတ်ယာဉ်အများအပြား အသုံးပြုနေသည်။

ဤအခြေအနေကြောင့် ထိုဒေသများရှိ PDF တို့က လေယာဉ်ပစ်လက်နက်တစ်မျိုးမျိုး ရလိုကြောင်း ထုတ်ဖော်ပြောဆိုထားကြသည်။

CDM လေတပ်အရာရှိတစ်ဦးဖြစ်သူ ဗိုလ်ကြီးဇေသူအောင်က လေယာဉ်ပစ်လက်နက် တပ်ဆင်ထားသည့် နေရာများသည် လုံခြုံရေးတင်းကျပ်သဖြင့် စစ်သားများက ထိုလက်နက်တစ်မျိုးမျိုးနှင့်အတူ အာဏာဖီဆန်ပြီး ထွက်ခွာရန် ခက်ခဲနိုင်သည်ဟု သုံးသပ်သည်။ 

“အဲ့လိုလက်နက်တွေထားတဲ့ နေရာတွေကလည်း အဲ့နားလေးမှာ အနည်းလေး ကင်းတစ်ကင်းတော့ ရှိတဲ့အတွက် တစ်ယောက်တည်းဆိုရင်တော့ ထုတ်လာဖို့ မလွယ်ဘူး။ အစုအဖွဲ့နဲ့ဆိုရင်တော့ တစ်မျိုးပေါ့။ ထွက်လာရင်တော့ ကောင်းတာပေါ့။ လေယာဉ်ပစ်လက်နက်ရှိပြီဆိုရင် ရဟတ်ယာဉ်တွေကတော့ ပျားတုပ်ပြီပေါ့” ဟု သူက ဆိုသည်။

၂၀၁၉ တွင် စစ်တပ်က ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်အတွင်း TNLA အဖွဲ့၏ လက်နက်အများအပြား သိမ်းဆည်းနိုင်ခဲ့ရာ ထိုအထဲတွင်  FN-6 ပခုံးထမ်းလက်နက်လည်း ပါဝင်သည်။

TNLA နှင့် နီးစပ်သော၊ လေကြောင်းရန် မကြုံရသေးသော UWSA ဝတပ်ဖွဲ့ကလည်း စစ်ရေးပြအခမ်းအနားများတွင် FN-6 များကို ထုတ်ပြလေ့ရှိသည်။

အဆိုပါ လေယာဉ်ပစ်လက်နက်သည် တရုတ်နိုင်ငံထုတ်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၇၅,၀၀၀ မှ ၉၀,၀၀၀ ကြား ပေါက်စျေးရှိသည်ဟု စစ်တပ်က သတင်းထောက်များကို ၂၀၁၉ နှစ်ကုန်ပိုင်းက ပြောခဲ့ဖူးသည်။

NUG နှင့် တော်လှန်ရေးအင်အားစုများတွင် ဒေါ်လာ သိန်းချီ ရနိုင်မည့် ရန်ပုံငွေရှာသည့် အစီအစဉ်တချို့ ရှိနေသည်။

ဧပြီလကလည်း လေယာဉ်၊ ရဟတ်ယာဉ်၊ တိုက်ရေယာဉ်၊ သံချပ်ကာယာဉ်များနှင့်တကွ ဘက်ပြောင်းလာကြရန် သို့မဟုတ် ဖျက်ဆီးပေးကြရန် NUG က ဆုကြေးငွေ ထုတ်ပြန်ပြီး ကမ်းလှမ်းဖူးသည်။  

အလားတူ တိုက်ပွဲဝင်လက်နက်ယူလာပြီး ပူးပေါင်းပါက ဆုငွေပေးမည်ဟု တော်လှန်ရေးအဖွဲ့အများအပြားက စစ်ကောင်စီတပ်သားများကို ကမ်းလှမ်းထားသည်။

ဇွန် ၁၃ တွင် မကွေးတိုင်း ရေစကြိုမြို့မှ လက်နက်နှင့်တကွ အာဏာဖီဆန်လာသည့် ရဲတပ်သားတစ်ဦးကို ရွှေနှင့် ကျပ် သိန်း ၂၀၀ ထောက်ပံ့ထားသည်ဟု မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း ၂ ထံမှ သိရသည်။  

မကွေးတိုင်းထက် လက်နက်စျေး ပိုသက်သာပြီး မှောင်ခိုစျေးကွက်နှင့် ပိုမိုနီးစပ်သော ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်ရှိ PDF ကမူ လက်နက်ယူလာပါက သိန်း ၅၀ ဆုပေးမည်ဟု စစ်ကောင်စီတပ်သားများကို ကမ်းလှမ်းခဲ့ဖူးသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button