သတင်း

စစ်ကောင်စီက ရုရှား-အိန္ဒိယလုပ် ခရုစ်ဒုံးကျည်များ အကြွေးဝယ်လို 

ရုရှားနှင့် အိန္ဒိယ ဖက်စပ်ထုတ်လုပ်ထားသည့် နာမည်ကျော် ဘရာမို့စ် (BrahMos) ခရုစ်ဒုံးကျည်ကို အာဏာသိမ်းစစ်ကောင်စီက အကြွေးဖြင့် ဝယ်ယူလိုကြောင်း ရုရှားသတင်းဌာန TASS ကို ကိုးကား၍ ကာကွယ်ရေးဆိုင်ရာ သတင်းစာမျက်နှာများက ရေးသားသည်။

နေပြည်တော်သို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ရောက်ရှိနေစဉ် အဆိုပါ သတင်းထွက်လာခြင်းဖြစ်ကာ နာမည်ကျော် သင်္ဘောဖျက် ခရုစ်ဒုံးကျည်ချထားရေး ရုရှားက ကြိုးပမ်းနေသည့်နည်းတူ စစ်ကောင်စီကလည်း အိန္ဒိယထံမှ ပိုက်ဆံချေးကာ ဝယ်ယူလိုကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အသံထက်မြန်သော ထိုခရုစ်ဒုံးကျည် သယ်ဆောင်ပစ်လွှတ်နိုင်သော လက်နက်ကိရိယာမရှိသေးကြောင်း ယူကရိန်းအခြေစိုက် Defense Express ဝက်ဆိုက်က ရေးသားသည်။ 

လက်ရှိ မြန်မာစစ်တပ်က အသုံးပြုနေသော ရုရှားလုပ် MiG-29 ဂျက်တိုက်လေယာဉ်၊ တရုတ်လုပ် F-7 နှင့် JF-17 တိုက်လေယာဉ်များသာရှိပြီး ထိုတိုက်လေယာဉ်များသည် BrahMos ဒုံးကျည် သယ်ဆောင်နိုင်ခြင်း မရှိပေ။ 

သို့သော် မြန်မာစစ်တပ်က ရုရှားနိုင်ငံမှ နောက်ဆုံးပေါ် Su-30 ဂျက်တိုက်လေယာဉ်များ ဝယ်ယူထားပြီး၊ အဆိုပါ တိုက်လေယာဉ်သည် အသစ်ထုတ်လုပ်ထားသည့် BrahMos ဒုံးကျည်ကို သယ်ဆောင်နိုင်သည်ဟု သိရသည်။ 

မြန်မာရေတပ်တွင် လက်ရှိ၌ တရုတ်လုပ် သင်္ဘောဖျက်ဒုံးကျည် ၄ မျိုးနှင့် ရုရှားလုပ် ဒုံးကျည်တစ်မျိုးသာ ရှိပြီး အဓိကအားဖြင့် တရုတ်လုပ် C-802 အမျိုးအစား သင်္ဘောဖျက်ဒုံးကျည်ဖြစ်သည်ဟု သိရသည်။

စစ်ဘက်ဆိုင်ရာ နည်းပညာပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်၍ စစ်ကောင်စီနှင့် ရုရှားနိုင်ငံတွင် ယခုလအတွင်း တွေ့ဆုံဆွေးနွေးရန်ရှိသည်ဟုလည်း နေပြည်တော်ရောက် ရုရှားနိုင်ငံခြားရေးဝန်ကြီးက ဩဂုတ် ၃ ရက်တွင် ထုတ်ဖော်ပြောဆိုသည်။

ရုရှားနိုင်ငံသည် အာဏာသိမ်းစစ်ကောင်စီကို ထိတွေ့ဆက်ဆံနေသော အဓိက မဟာမိတ်ဖက်နိုင်ငံတစ်ခုဖြစ်ပြီး အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများကြောင့် မြန်မာစစ်တပ်သည်လည်း ရုရှားလုပ် စစ်လက်နက်ပစ္စည်းများကို အားကိုးအားထားပြုနေရသည်။

မြန်မာစစ်တပ်သည် အရှေ့တောင်အာရှဒေသတွင် ၎င်းတို့၏ အဓိကဖောက်သည်တစ်ဦးနှင့် မိတ်ဖက်နိုင်ငံတစ်ခုဖြစ်ကြောင်း ရုရှားတာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုဖူးသည်။

အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံအနှံ့ရှိ ခုခံတော်လှန်သူများကို လိုက်လံနှိမ်နင်းရာတွင် လေကြောင်းတိုက်ခိုက်မှု အားကိုးနေရသည်။ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများတွင် ရုရှားလုပ် စစ်လေယာဉ်များနှင့် လက်နက်ခဲယမ်းများကို အသုံးပြုနေရသည်။ 

နေပြည်တော်လာရောက်ကာ မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည့် ရုရှားနိုင်ငံခြားရေးဝန်ကြီးသည် အာဏာသိမ်းပြီးနောက်ပိုင်း ရုရှားနိုင်ငံမှ အဆင့်မြင့်ဆုံးကိုယ်စားလှယ်ဖြစ်သည်။  

အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း မင်းအောင်လှိုင်သည်လည်း ရုရှားနိုင်ငံသို့ နှစ်ကြိမ်တိုင် သွားရောက်ခဲ့ကာ ရုရှားနှင့် စစ်ကောင်စီအကြား နှစ်ဖက်အပြန်အလှန် ကိုယ်စားလှယ်အဖွဲ့များ မကြာခဏ ဝင်ထွက်နေသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button