သတင်း

ကချင်ဒေသ စစ်ရှောင်များ အကူအညီအနည်းငယ်သာ ရရှိ

လူတစ်ဦးလျှင် လစဉ်အသုံးစရိတ် ကျပ်တစ်သောင်းဝန်းကျင်ဖြင့် ရှင်သန်နေထိုင်နိုင်သည်ဟု ဆိုလျှင် အံ့သြကြပေလိမ့်မည်။

မြန်မာပြည်မြောက်ပိုင်းတွင်မူ ထိုနှုန်းထားဖြင့် နေထိုင်နေသူ အရေအတွက် ထောင်သောင်းချီ ရှိနေသည်။

ကချင်ပြည်နယ် မိုးညှင်းမြို့ စိန်ပတ်ထရိတ် စစ်ဘေးရှောင်စခန်းတွင် နေထိုင်သည့် ၃၆ နှစ်အရွယ် ဒေါ်လုမိုင်က လစဉ် ထောက်ပံ့ကြေးမှာ ဆန်နှင့် ဆား နှစ်မျိုးသာ ဝယ်ယူနိုင်သည့် ပမာဏသာ ဖြစ်နေသည်ဟု ဆိုသည်။

“ဆန်နဲ့ဆားက မရှိမဖြစ် ဆိုတော့ ဆန်ကို အရင်ဝယ်တယ်၊ ပိုတဲ့ တစ်ထောင်နှစ်ထောင်ကို ဆားဝယ်တယ်။ တစ်ယောက်ကို ကိုးထောင်ရတာ။ ဆန်ကဈေးပြန်တက်ဆိုတော့ စားမလောက်ပါဘူး” ဟု မိသားစုဝင်ငါးဦးရှိသည့် ဒေါ်လုမိုင်က ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပြောသည်။

ဒုက္ခသည်အများအပြားက စခန်းအနီး ဟင်းသီးဟင်းရွက် စိုက်ပျိုးကြပြီး တချို့က ကြက်၊ ဝက် မွေးမြူကြသည်ကို တွေ့ရသည်။ ၎င်းတို့ထဲမှ တချို့တွင် ဝင်ငွေရလမ်းဖြစ်သော ကြုံရာကျပန်းအလုပ် လုပ်နိုင်သည့် အနေအထား ရှိကြသည်။

မြို့တောင်ဘက် စိန်ပတ်ထရိတ်ဘုရားကျောင်းအတွင်းတွင် တည်ရှိသည့် စခန်းတွင် ကချင်တိုင်းရင်းသား အိမ်ထောင်စု ၁၁ စု၊ လူဦးရေ ၇ဝ ကျော် သောင်တင်နေကြသည်။ ရှမ်းတိုင်းရင်းသားတို့က မြို့ပေါ်ရှိ အခြား စစ်ရှောင်စခန်းတစ်ခု တွင် ခိုလှုံနေသည်။ မိုးညှင်းမြို့သည် ရှမ်းမျိုးနွယ်စု အများဆုံး နေထိုင်သည့် ဒေသဖြစ်သည်ဟု သိရသည်။

တပ်မတော်နှင့် KIA ကချင်လက်နက်ကိုင်အဖွဲ့တို့ကြား တိုက်ပွဲများကြောင့် လွန်ခဲ့သော ခြောက်နှစ်ခန့်က စိန်ပတ်ထရိတ်သို့ တိမ်းရှောင်လာကြသူတို့၏ မူရင်းဒေသမှာ ဟိုပင်မြို့နယ်ရှိ ထိုင်ရာယန်၊ ပိန့်ခွန်၊ ကပ်မော်၊ ဒါဝယ်ရွာများမှ ဖြစ်သည်။

စိန်ပတ်ထရိတ်တွင် ခိုလှုံနေသော အိမ်ထောင်စု အများစု၏ အိမ်ထောင်ဦးစီးမှာ အမျိုးသမီးများ ဖြစ်ကြကြောင်း၊ နေရပ်ရင်းမဟုတ်သည့်ဒေသတွင် အသက်မွေးဝမ်းကျောင်းလုပ်ငန်း ခက်ခဲနေချိန်တွင် ကူညီထောက်ပံ့မှု အကန့်အသတ် ကြီးမားသည့်အတွက် မိသားစုဝမ်းရေး ဖြေရှင်းရ လွန်စွာ ခက်ခဲနေသည်ဟု စခန်း တာဝန်ခံ ဒေါ်ဘောက်နူးက ပြောသည်။

“အလုပ်အကိုင် မည်မည်ရရ ရှိမယ်ဆိုရင်တော့ ဒီပြဿနာက ဖြေရှင်းနိုင်မှာပေါ့” ဟု စခန်းတာဝန်ခံက ဆိုသည်။

ကုလသမဂ္ဂအဖွဲ့တစ်ခုဖြစ်သော ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က မြောက်ပိုင်းရှိ စစ်ရှောင်ပြည်သူတို့ကို တစ်ဦးလျှင် တစ်သောင်းခန့် လစဉ် ထောက်ပံ့ပြီး သက်ကြီးရွယ်အို၊ မသန်စွမ်းတို့ကို တစ်သောင်းခွဲ ထောက်ပံ့သည်ဟု သိရသည်။

၂ဝ၁၁ နောက်ပိုင်း ဒေသတွင်း ပဋိပက္ခကြောင့် အိုးပစ်အိမ်ပစ် ထွက်ပြေးရသူတို့ကို ဆန်၊ ပဲ၊ ဆီ၊ ဆား စသည့် အခြေခံစားနပ်ရိက္ခာ ပေးအပ်ခဲ့သည်။ စစ်ရှောင်စခန်းများတွင် ရိက္ခာမပေးဘဲ ငွေကြေးသာ ထောက်ပံ့သည့် အပြောင်းအလဲကို အစပြုလာသည်မှာ ၂ဝ၁၆ ဇန်နဝါရီခန့်ကတည်းက ဖြစ်သည်ဟု ကချင်ပြည်နယ်ရှိ WFP နယ်မြေခံရုံး၏ အကြီးအကဲ Sakhorn Boongullaya က ပြောကြားကြောင်း ကုလသမဂ္ဂ အွန်လိုင်းစာမျက်နှာတစ်ခုတွင် ဖော်ပြထားသည်။

“တော်တော်များများက နေရပ်စွန့်ခွာခဲ့တာ ၆ နှစ်လောက် ကြာမြင့်ခဲ့ပြီဖြစ်ပြီး၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းအချို့တွေ့ ရှိလာကြပါတယ်။ သူတို့အနေနဲ့ မှီခိုမှုကိုရှောင်ရှားဖို့နဲ့ သူတို့ရဲ့ ဂုဏ်သိက္ခာနဲ့ လွတ်လပ်စွာ ရွေးချယ်နိုင်မှုတို့ကို မြှင့်တင်ပေးတဲ့အနေနဲ့ WFP က ပစ္စည်းရိက္ခာ ထောက်ပံ့မှုကနေ ငွေကြေးထောက်ပံ့မှုကို ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်” ဟု FP နယ်မြေခံရုံး အကြီးအကဲက ပြောသည်။

မြန်မာပြည်မြောက်ပိုင်းသို့ အကူအညီပေးသည့် ဥရောပကော်မရှင်က ကချင်နှင့် ရှမ်းမြောက်ဒေသတွင် စစ်ရှောင် အရေအတွက် ၁ဝ၆,ဝဝဝ ထက် မနည်း ရှိနေကြောင်း ခန့်မှန်းထားသည်။

စစ်ရှောင်စခန်းရောက်နေသူတို့မှာ နေရပ်တွင် ပြန်လည်အခြေချလိုကြသော်လည်း တိုက်ပွဲ ပြန်လည် ပြင်းထန်လာပါက ထပ်မံ ထွက်ပြေးရမည် ဖြစ်သောကြောင့် အိမ်ပြန်ရခက်ခဲနေသည်။

စစ်ရှောင်တစ်ဦးဖြစ်သည့် အသက် ၆ဝ အရွယ် ဒေါ်တွန်ဘွန်လုက ၎င်းတို့၏ရွာများသည် နှစ်ဖက်တပ်များ ကြားတွင် တည်ရှိနေကြောင်း၊ အိမ်နှင့် လုပ်ငန်းများလည်း မူလပုံစံ မရှိတော့ကြောင်း ရှင်းပြသည်။

“ကျွန်မတို့အိမ်တွေက တောကြီးပဲ ဖြစ်နေပြီ။ တစ်ယောက်နဲ့တစ်ယောက် နားလည်စေချင်ပြီ။ ကျွန်မတို့အတွက် အာမခံရပြီ၊ ငြိမ်းချမ်းပြီဆိုမှ ကျွန်မတို့ အိမ်ပြန်ကြမယ်” ဟု ဒေါ်တွန်ဘွန်လုက ပြောသည်။

Show More

Related Articles

Back to top button