
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (KPDF) ခေါင်းဆောင်တစ်ဦး ယနေ့ (ဩဂုတ် ၂) နေ့လယ်ပိုင်းက အိုးဘိုထောင်တွင်းတရားရုံးတွင် ထောင် ၁၃ နှစ် ချခံလိုက်ရသည်။
KPDF ၏ ဘဏ္ဍာရေးနှင့် ညှိနှိုင်းရေးတာဝန်ခံဖြစ်သူ အသက် ၄၀ ကျော်အရွယ် ကိုတင်မောင်ထွေးသည် အကြမ်းဖက်မှုပုဒ်မများဖြစ်သည့် ပုဒ်မ ၅၀(ည) နှင့် ၅၂(က) တို့အတွက် ထောင်ဒဏ် ၅ နှစ်စီ၊ ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (က) အတွက် ၃ နှစ် ချခံရကြောင်း မိသားစုနီးစပ်သူတစ်ဦးက ပြောသည်။
သူ၏အမှုများတွင် မိသားစုဝင်တစ်ဦးဦး သက်သေအဖြစ် သွားရောက် ထွက်ဆိုခွင့်ရလျှင် သူ့ကို တရားခွင်တွင် တွေ့နိုင်မည်ဟု ထိုအမျိုးသမီးက ပြောသည်။
“ဒီနေ့က သူ့ရုံးချိန်းရှိတာ မသိဘူး။ ပါဆယ်သွားပို့ရင်း ရှေ့နေတွေဆီက သိလာရတာလို့ မိသားစုက ပြောတယ်။ သက်သေမပါတော့ လူတွေ့ခွင့်တော့ မရဘူး။ ပါဆယ်ပို့တဲ့နေရာကနေ လက်လှမ်းပြတယ်။ ကျန်းကျန်းမာမာတော့ ရှိနေပါပြီ” ဟု ထိုအမျိုးသမီးက ဆိုသည်။
ယခုနှစ် ဖေဖော်ဝါရီ ၁၉ က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ အေးသာယာရပ်ကွက်တွင် စစ်ကောင်စီက သူ့ကို ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၁၇ ခုဖြင့် အမှုဖွင့်သည်။
ပြီးခဲ့သည့်ဇူလိုင်ကလည်း ကျောက်ဆည်ခရိုင်တရားရုံးက ဗုံးခွဲမှုအတွက် ပုဒ်မ ၅၀(ဈ) ဖြင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံထားရပြီးဖြစ်၍ စုစုပေါင်း ထောင်ဒဏ် ၂၈ နှစ် ချခံထားရပြီး ဖြစ်သည်။
ဆက်လက်၍ စစ်ကောင်စီက စွဲဆိုထားသည့် အကြမ်းဖက်မှု၊ လူသတ်မှု၊ မတရားအသင်းဆက်သွယ်မှု၊ ဆန္ဒပြမှု စသည့် အမှု ၁၃ မှုကို စဉ့်ကိုင်မြို့နယ်၊ ကျောက်ဆည်ခရိုင်၊ မန္တလေးခရိုင်တရားရုံးများက စွဲဆိုထားခြင်းဖြစ်သည်ဟု အထက်ပါသတင်းရင်းမြစ်က ဆက်ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို အစဉ်တစိုက်ဝန်းရံခဲ့သည့် ကိုတင်မောင်ထွေးသည် ဖမ်းဆီးခံရပြီး၂ လကျော်အတွင်း စစ်ကြောရေးစခန်း ၈ ခုတွင် နှိပ်စက်ခံခဲ့ရကြောင်း အခြားသတင်းရင်းမြစ်တစ်ခုထံမှ သိရသည်။
“သူ့ကို သေပြီဆိုပြီး သွေးအိုင်ထဲ ပစ်ထားခဲ့ကြတယ်။ လျှာတွေကို ဓားမြှောင်နဲ့ ထိုးတယ်။ ရေနွေးပူနဲ့ လောင်းတယ်။ ရေခဲရေ လောင်းတယ်။ ခေါင်းကို ရိုက်ခွဲတယ်။ ၅ ရက် ထမင်းမစားရ၊ ရေမသောက်ရ၊ မအိပ်ရဆိုပြီး ထားတယ်” ဟု အမည်မဖော်လိုသည့် အဆိုပါသတင်းရင်းမြစ်က ဇူလိုင် ၁၈ တွင် Myanmar Now ကို ပြောထားသည်။
အဆိုပါနှိပ်စက်မှုများကို မခံနိုင်လွန်း၍ ကိုတင်မောင်ထွေးက ကိုယ့်ကိုယ်ကိုယ်သတ်သေရန် ကြိုးစားခဲ့သော်လည်း စစ်တပ်အရာရှိများ သိရှိသွားသည့်အတွက် မအောင်မြင်ခဲ့ကြောင်း၊ ထောင်အတွင်း ၎င်းကို “သေရွာပြန်” ဟု ခေါ်ဆိုကြကြောင်း ထိုလူက ဆိုသည်။
“အရှင်လတ်လတ် ငရဲခန်းပါပဲ။ စစ်ကြောရေးပြီးတော့ အခုထိ သူ ဆေးကုနေရတယ်။ အညိုအမည်းတွေကတော့ ခန္ဓာကိုယ်မှာ ကျန်သေးတယ်။ ရုံးထုတ်လာတော့ တွေ့ခွင့်ရတယ်။ လူကတော့ တော်တော်ကို ပိန်သွားတာ။ မျက်နှာတွေကို ကျလို့” ဟု ၎င်းက ပြောပြသည်။
စစ်ကောင်စီသည် ဆန္ဒပြသူအများအပြားကို ဖမ်းဆီးထောင်ချနေပြီး လက်နက်ကိုင် ပြန်ခုခံသူများကိုလည်း ပုဒ်မအများအပြားတပ်ကာ နှစ်ရှည်ထောင်ချနေသည်။ ပြီးခဲ့သည့် ဇူလိုင် ၂၅ တွင်လည်း ထင်ရှားသူ နှစ်ဦးအပါအဝင် နိုင်ကျဉ်း ၄ ဦးကို ကွပ်မျက်ထားသည်။
လက်နက်ကိုင်ခုခံသူ အများအပြားရှိသော စစ်ကိုင်းတိုင်းတွင်မူ PDF များကို ဖမ်းမိပါက စစ်ကောင်စီက သတ်ဖြတ် မီးရှို့နေသည်ဟု ဒေသအခြေစိုက်အဖွဲ့များက ပြောထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)