စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် ကားလမ်းဘေးတွင် ရှိနေသည့် စစ်ကောင်စီတပ်သားများကို ယမန်နေ့ (ဇွန် ၂) က ပစ်ခတ်ခဲ့ရာ စစ်သား ၆ ဦး သေဆုံးခဲ့သော်လည်း သေနတ် ၂ လက်နှင့် ကားတစ်စီး ဆုံးရှုံးခဲ့သည်ဟု တိုက်ခိုက်ခဲ့သည့် ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။
မြို့မြောက်ဘက် ၄ မိုင်အကွာရှိ ကျောက်ဆည်ကျေးရွာစာသင်ကျောင်းအနီး စစ်ကိုင်း- ရွှေဘို ကားလမ်းမပေါ်တွင် လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်သားများကို Hi-Jet ကားတစ်စီးဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု တောတွင်းတွတ်ပီအမည်ရ ဒေသကာကွယ်ရေးအဖွဲ့က ပြောသည်။
တိုက်ပွဲအတွင်း ကျောင်းဝင်းထဲက စစ်သားများက ဝိုင်းဝန်းပစ်ခတ်ခဲ့သည့်အတွက် ကောက်ယူထားသော သေနတ် ၃ လက်တင်ထားသော ကားစက်နှိုးပြီး ဆုတ်ခွာရန် ပြင်ဆင်ခဲ့ရသည်ဟု တောတွင်းတွတ်ပီအမည်ရ ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်က ဆိုသည်။
ထိုအချိန် ကားစက်နှိုးမရသဖြင့် ကားကို ထားပစ်ခဲ့ရပြီး ထိုကားပေါ်တွင် ကာကွယ်ရေးအဖွဲ့၏ သေနတ်နှစ်လက်ပါ ကားထဲတွင် ကျန်ရစ်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
“ဝင်ပစ်ပြီးတော့ အလက်ကောက်တာ၊ ကားပေါ်လည်း တင်ပြီးပြီး၊ ကားက နှိုးမရတာနဲ့ အထဲကလည်း ပြန်ပစ်တာနဲ့ ဆုတ်လာရတာ”
“စာသင်ကျောင်းထဲက လူတွေ (စစ်သားတွေ) က ထွက်ပစ်တာ၊ လုံခြုံရေးပတ်ကင်းကားတွေလည်း ရောက်လာတာ၊ အဲနားမှာတင် နာရီဝက်လောက် ထပ်ပစ်ကြတာ” ဟု ထိုသူက ဆိုသည်။
ထိုပစ်ခတ်မှုများအတွင်း ၎င်းတို့အဖွဲ့မှ ကာကွယ်ရေးအဖွဲ့ဝင်တစ်ချို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်သားများက ကျောက်ဆည်ရွာနှင့် ကပ်လျက်ရှိ အုန်းတောကျေးရွာမှ အရပ်သား ၅ ဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။
တောတွင်းတွတ်ပီ ဒေသကာကွယ်ရေးအဖွဲ့သည် စစ်ကိုင်းမြို့နယ်တွင် လှုပ်ရှားသည့် အဖွဲ့ဖြစ်ပြီး ယခုနှစ် မတ်လက ကားဖြင့် ထွက်လာသည့် ရဲများကို စစ်ကိုင်း-ရွှေဘိုလမ်းပေါ် အုန်းတောရွာအနီး ကားချင်းယှဉ်ပစ်ကာ သေနတ်လေးလက် သိမ်းယူခဲ့ဖူးသည်။
ထို့ပြင် မေလကလည်း စစ်ကိုင်းမြို့ပေါ်ရှိ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ရန် ငြင်းဆန်သည့် စစ်ကိုင်းမြို့အခြေစိုက် လဝကရုံးနှင့် အခွန်ရုံးတို့မှ ဝန်ထမ်း ၁၀ ဦးခန့် ဖမ်းဆီးဖို့ ကြိုးစားစဉ် အပြန်လှန်ပစ်ခတ်မှုဖြစ်ရာ စစ်ကောင်စီဝန်ထမ်း ၃ ဦး၊ တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့သည်။
စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်များကို တော်လှန်ရေးတပ်များ၏ ချုံခိုတိုက်ခိုက်မှုက ယနေ့ (ဇွန် ၃) တွင်လည်း ဖြစ်ပွားခဲ့ပြီး ခင်ဦးမြို့ပေါ်တွင် ဆိုင်ကယ်ဖြင့် သွားနေသည့် စစ်သားနှစ်ဦး ပစ်သတ်ခံရသည်။
အဆိုပါတိုက်ခိုက်မှုကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အောက်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) လက်အောက်မှ Khin U Phoenix အဖွဲ့အပါအဝင် အခြားအဖွဲ့များက ပူးပေါင်းပါဝင်ခဲ့ကြသည်ဟု သိရသည်။
စစ်ကောင်စီတပ်သားအများအပြား တပ်စွဲနေရာယူထားသည့် မြို့အနောက်ခြမ်း ဆေးရုံဝင်းအတွင်းမှ ဆိုင်ကယ်ဖြင့် ထွက်လာသော စစ်သားနှစ်ဦးကို ဆေးရုံ၏ တောင်ဘက် မီတာ ၂၀၀ ခန့်တွင် ယနေ့ နံနက် ၁၀ နာရီခန့်၌ ပစ်ခတ်ခဲ့သည်ဟု Khin U Phoenix ဟု အမည်ပေးထားသောအဖွဲ့က ဆိုသည်။
စစ်သားနှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး၊ ၎င်းတို့ထံမှ MA-1 သေနတ်တစ်လက်နှင့် စီးနင်းလာသည့် ဆိုင်ကယ်၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းကာ ပြန်ဆုတ်ခွာခဲ့ကြောင်း သူက ဆိုသည်။
“တိုက်ခိုက်မှုဖြစ်တဲ့နေရာက ဆေးရုံထဲကစစ်သားတွေ သွားလာတတ်တဲ့နေရာတစ်ခုပဲ။ ဆေးရုံနဲ့ဆို နီးနီးလေးပဲ၊ အဲ့ဒီနေရာကို PDF တွေက ဝင်လာပြီးတော့ အိမ်ဝင်းတစ်ခုတည်းမှာ ပစ်ခတ်မှုဖြစ်တယ်လို့ သိရပါတယ်” ဟု မြို့ခံ အမျိုးသားတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၁ ကတည်းက အဆိုပါ ခင်ဦးဆေးရုံအတွင်း စစ်ကောင်စီတပ်သားများက စခန်းတည်ဆောက်ကာ နေရာယူထားခြင်းဖြစ်ပြီး၊ ခင်ဦးနယ်ဒေသကာကွယ်ရေးအဖွဲ့များကလည်း ယင်းစခန်းအတွင်းမှ စစ်သားများက အပြင်သို့ ဝင်ရောက်သွားလာချိန်ကို စောင့်ကာ တိုက်ခိုက်လေ့ရှိကြသည်။
စစ်ကောင်စီတပ်သည် ဆေးရုံဝင်းတွင်သာမက ခင်ဦးမြို့ပေါ်ရှိ ဘောလုံးကွင်း၊ ပုဂ္ဂလိကပိုင်အထပ်မြင့်ဆေးဆိုင်တစ်ခု၊ မြို့အရှေ့ဘက်တွင်ရှိသည့် ဝန်ထမ်းအိမ်ရာတို့တွင် တပ်စွဲနေရာယူထားသည်။
အလားတူ ခင်ဦးမြို့ပေါ်၊ မြို့နယ်မြောက်ပိုင်းရှိ မဒေါင်းလှကျေးရွာ၊ မြို့နယ်အနောက်ပိုင်းရှိ ပျဉ်ထောင်ကျေးရွာ၊ စသည့် နေရာသုံးခုတို့တွင် စစ်စခန်းတည်ဆောက်နေရာယူထားပြီး ကျန်သည့် ဒေသများကို ဒေသတော်လှန်ရေးတပ်ဖွဲ့များက စိုးမိုးထားသည်။