သတင်း

စစ်ကိုင်းမြို့ပေါ်မှ Non CDM များကို တက်ဖမ်းစဉ် ပစ်ခတ်မှုဖြစ်ပြီး ၅ ဦး သေဆုံး

စစ်ကောင်စီလက်အောက်ခံ လဝကနှင့် အခွန်ဝန်ထမ်းများကို လာဖမ်းပြီးပြန်အထွက် စစ်ကောင်စီတပ်ဖွဲ့ရောက်လာသဖြင့် ပစ်ခတ်မှုဖြစ်ကာ ကာကွယ်ရေးအဖွဲ့ဝင် ၂ ဦး၊ အခွန်ရုံးမှ အရာရှိတစ်ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့သည်။

နိုင်ငံအလယ်ပိုင်း စစ်ကိုင်းမြို့ပေါ်တွင် ယမန်နေ့ (မေ ၂၁) ညနေက စစ်ကောင်စီလက်အောက်ခံ ရုံးဝန်ထမ်းများကို လာဖမ်းသည့် တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ထိပ်တိုက်တွေ့ပြီး အပြန်လှန်ပစ်ခတ်မှုဖြစ်ရာ စစ်ကောင်စီဝန်ထမ်း ၃ ဦး၊ တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

ညနေ ၅ နာရီခန့်တွင် ပါရမီရပ်ကွက်၊ စည်းခုံကြီးဘုရားအနီး ကပ်လျက်တည်ရှိသော လူဝင်မှုကြီးကြပ်ရေးရုံး (လဝက)၊ စစ်ဘက်ဆိုင်ရာရုံး (စရဖ) နှင့် မြို့နယ်အခွန်ဦးစီးရုံးတို့အနီး နာရီဝက်ခန့် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“တောတွင်းတွတ်ပီ” အမည်ရှိ ဒေသကာကွယ်ရေးအဖွဲ့တစ်ဖွဲ့သည် ယင်းနေ့က မော်တော်ကားတစ်စီးဖြင့် ရောက်လာကာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ရန် ငြင်းဆန်သည့် စစ်ကိုင်းမြို့အခြေစိုက် လဝကရုံးနှင့် အခွန်ရုံးတို့မှ ဝန်ထမ်း ၁၀ ဦးခန့်ကို ဖမ်းဆီးခဲ့သည်။

ထို့နောက် ပြန်အထွက်တွင် ရောက်ရှိလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ပြီး အပြန်အလှန် ပစ်ခတ်ခဲ့ကြသည်။

“ကျွန်တော်တို့အဖွဲ့က သွားရောက်ဖမ်းဆီးတဲ့ဖြစ်စဉ်မှာ ပြန်အထွက်မှာ စစ်ကားနဲ့တိုးပြီး ပစ်ခတ်မှုဖြစ်ကြတယ်။ 

ကျွန်တော်တို့ဘက်က ၂ ဦး ကျတယ်။ ကျွန်တော်တို့က ၅ ဦး သွားတာပါ။၂ ဦး ဒဏ်ရာရအပါအဝင် ၃ ဦးက လွတ်မြောက်လာတယ်” ဟု တောတွင်းတွတ်ပီအဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“(ဖြစ်စဉ်အနီးက) ကားကလည်း သူတို့ရုံးဝင်းထဲက ကားပါ။ ကျွန်တော်တို့က ဆိုင်ကယ်နဲ့လာပြီး ကားပေါ်တင်ပြီး ညှပ်ဖမ်းခဲ့တာပါ။ အထွက်မှာ ဖြစ်တာပါ”

ပစ်ခတ်မှုအတွင်း အခွန်ရုံးမှ ဒုဦးစီးမှူး၊ အမျိုးသမီးဝန်ထမ်း ၂ ဦး၊ အသက် ၂၀ ကျော်အရွယ်များဖြစ်သော ကိုမိုးတိမ်နှင့် ကိုဆင်ပေါက်ဆိုသည့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦးတို့ သေဆုံးခဲ့သည်။

အခွန်နှင့် လဝကရုံးတို့မှ ဝန်ထမ်း ၆ ဦးကို ဖမ်းဆီးခေါ်ဆောင်နိုင်ခဲ့ပြီး စစ်ဆေးမှုများပြုလုပ်ကာ သက်ဆိုင်ရာသို့ အပ်နှံသွားမည်ဟု ထိုတပ်ဖွဲ့ဝင်က ဆိုသည်။

စစ်ကိုင်းမြို့ခံအမျိုးသားတစ်ဦးက “ပစ်ခတ်မှုက နာရီဝက်လောက် ကြာတယ်။ တောတွင်းတွတ်ပီအဖွဲ့က လဝကနဲ့ အခွန်က ဝန်ထမ်းတွေကို သွားဖမ်းတယ်။ ပြန်အဆုတ်မှာ ထိတွေ့တိုက်ပွဲဖြစ်တာ” ဟု မျက်မြင်များကို ကိုးကား၍ ပြောသည်။

အမျိုးသား ၃ လောင်းနှင့် အမျိုးသမီး ၂ လောင်းတို့ကို လူမှုရေးအသင်းကားများဖြင့် စစ်ကိုင်းမြို့ဆေးရုံကြီးသို့ တင်ဆောင်သွားသည်ကို တွေ့ရကြောင်း ၎င်းက ဆက်ပြောသည်။

“ကျွန်တော်တို့ကြားတာပေါ့နော်။ CDM လုပ်ဖို့ အကြိမ်ကြိမ်သတိပေးထားရက် မလုပ်လို့ သွားဖမ်းတာ။ အဲဒီမှာ စစ်ကောင်စီက လိုက်ပစ်တာ။ ဝန်ထမ်းတွေပါမချန် ရမ်းသန်းပစ်တယ်။ စစ်ကောင်စီလက်ချက်နဲ့ သေကုန်တယ်” ဟု ဆိုသည်။

စစ်ကိုင်းမြို့ခံနောက်တစ်ဦးက “ကားပေါ်မှာဖမ်းထားသူတွေကို PDF တွေနဲ့ ရောပြီး ပစ်သတ်လိုက်တာ။ ၅ ဦးစလုံး သေသွားတယ်” ဟု ဆိုသည်။

ထိုပစ်ခတ်မှုအပြီး ယမန်နေ့ ညနေက စစ်ကိုင်းမြို့တွင် လူသွားလူလာများ ရှင်းလင်းသွားပြီး၊ ဈေးဆိုင်များလည်း ပိတ်လိုက်ကြကြောင်း၊ မြို့တွင်း အစစ်အဆေးကြမ်းနေကြောင်း မြို့ခံများက ဆိုသည်။

စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ရာတွင် စစ်ကိုင်းမြို့ပါရမီရပ်ကွက်အတွင်း လဝကရုံးနှင့် မြို့နယ်အခွန်ဦးစီးရုံးကို တိုက်ခိုက်ရန် အမျိုးသား ၇ ဦး ရောက်လာကြောင်း၊ သတင်းပေးချက်အရ ပိတ်ဆို့ရှင်းလင်းရာ ၃၅ နှစ်ဝန်းကျင် အမျိုးသား ၃ လောင်းနှင့် အမျိုးသမီး ၂ လောင်း၊ MA-13 (R-48567) တစ်လက်၊ ပစ္စတိုတစ်လက်နှင့် ခဲယမ်းများ၊ အိမ်စီးကားတစ်စီး၊ ဆိုင်ကယ်တစ်စီးတို့ကို သိမ်းဆည်းရမိသည်ဟု ပါရှိရသည်။

ဧရာဝတီမြစ်တစ်ဖက်ကမ်း မန္တလေးမြို့နှင့် ကပ်လျက်တည်ရှိသော စစ်ကိုင်းမြို့နှင့်အနီးတစ်ဝိုက်တွင် ဒေသကာကွယ်ရေးအဖွဲ့များလည်း အခြေစိုက်လှုပ်ရှားနေကြရာ စစ်ကောင်စီတပ်က မြစ်ကြောင်းတစ်လျှောက် မကြာခဏ စစ်ကြောင်းထိုးလေ့ရှိသည်။

စစ်ကိုင်းမြို့ပေါ်တွင်လည်း ပြီးခဲ့သည့် ဧပြီ တတိယပတ် သင်္ကြန်ကာလအပြီးမှစ၍ အဖမ်းအဆီးများ များပြားနေသည်ဟု ဆိုသည်။

မေ ၄ ရက်ကလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များကို ထောက်ပံ့သည်ဟု စွပ်စွဲကာ စစ်ကိုင်းမြို့မှ လူမှုရေးအသင်းတစ်ခု စီးနင်းခံရပြီး အသင်းသား ၆ ဦးနှင့် ဒေသခံတစ်ဦးကို ဖမ်းဆီးခဲ့သည်။

စစ်ကိုင်းမြို့၏မြောက်ဘက်အစွန် ဧရာဝတီမြစ်ကမ်းနဖူးတွင် တည်ရှိသည့် မင်းကွန်းဒေသတွင်လည်း အဖမ်းအဆီးများရှိနေပြီး မေလပထမအပတ်တွင်ပင် ၁၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရသည်ဟု မင်းကွန်းတိုက်နယ်- သတင်းမှန်ပြန်ကြားရေးလူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

Show More

Related Articles

Back to top button