သတင်း

မြင်းမူတွင် တစ်ပတ်အတွင်း လေကြောင်းဖြင့် ၂ ကြိမ် တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ အနောက်ပိုင်းကို ယနေ့ (သြဂုတ် ၁) နံနက်တွင် စစ်ကောင်စီက လေကြောင်းဖြင့် တစ်နာရီနီးပါးကြာအောင် တိုက်ခိုက်သည်။

ယင်းမှာ မြင်းမူမြို့နယ်အရှေ့ခြမ်းတွင် စစ်တပ်ထောက်ခံသည့် အရပ်သားလက်နက်ကိုင်အဖွဲ့ (ပျူစောထီး) ခေါင်းဆောင်အချို့ကို ဒေသကာကွယ်ရေးအဖွဲ့များက ဇူလိုင် ၂၆ ရက်တွင် ဖမ်းသွားပြီးနောက် ထိုဒေသအတွင်း စစ်ကောင်စီက ဒုတိယအကြိမ် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်သည်။

ယနေ့ နံနက် ၁၁ နာရီဝန်းကျင်တွင် မြင်းမူမြို့နယ် မြောက်ဘက် ၂၅ မိုင်ခန့်အကွာ လက်ပံကျင်းရွာကို တိုက်ခိုက်ရေးရဟတ်ယာဉ်နှစ်စီးက လာရောက်ပစ်ခတ်သလို ပို့ဆောင်ရေးရဟတ်ယာဉ် ၃ စီးဖြင့် စစ်အင်အား ပို့သွားသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) များထံမှ သိရသည်။

“ဘာကြောင့် လေယာဉ်နဲ့ ပစ်တယ်ဆိုတာတော့ အတိအကျတော့ မသိရသေးဘူး။ အခု အဲဒီဘက်က သူတွေက အကုန် ပြေးလွှားနေရတုန်းပဲ။ တစ်နာရီဝန်းကျင်လောက် ပစ်တယ်။ ၁၂ လောက်ထိ လေယာဉ်တွေလည်း ဝဲတုန်းပဲ” ဟု မြင်းမူမြို့နယ် PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။ 

ကွမ်းစိုက်ခြင်းဖြင့် အသက်မွေးသည့် လက်ပံကျင်းရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရုတ်တရက် လေကြောင်းမှ လာရောက်ပစ်ခတ်သည့်အတွက် ရှောင်တိမ်းချိန်မရဘဲ ပိတ်မိနေသူများရှိနေသည်ဟု သိရသော်လည်း အသေးစိတ်အတည်မပြုနိုင်သေးပေ။ 

ထို့ပြင် လေကြောင်းပစ်ခတ်မှုကြောင့် ပြည်သူများ ထိခိုက်ဒဏ်ရာရမှုရှိမရှိ  စုံစမ်းနေဆဲဖြစ်ကြောင်း PDF အဖွဲ့များက ပြောသည်။

စစ်ကောင်စီတပ်သည် လေကြောင်းမှ ပစ်ခတ်စဉ်အတွင်း လက်ပံကျင်းရွာနှင့် တစ်မိုင်ခန့်အကွာရှိ မလဲသာရွာကိုလည်း သုံးကြိမ်ပစ်ခတ်ခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရမှု၊ ပျက်စီးမှုအခြေအနေအသေးစိတ် မသိရသေးကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) တာဝန်ခံက ပြောသည်။ 

ဇူလိုင် ၂၇ ရက်ကလည်း မြင်းမူမြို့နယ်၊ အရှေ့ဘက်ခြမ်းရှိ မူးမန္တလေးရွာကို တိုက်ခိုက်ရေးရဟတ်ယာဉ်နှစ်စီးဖြင့် လာရောက်ပစ်ခတ်ကာ လေကြောင်းမှ စစ်အင်အားချထားခဲ့သည့် ဖြစ်စဉ်ပေါ်ပေါက်သည်။

ထိုမတိုင်ခင်တစ်ရက်က စစ်ကိုင်းဘက်မှ ကြွယ်ပုံရွာဘက်သို့ ဦးတည်လာသည့် မော်တော်ယာဉ်တစ်စီးကို ဒေသခံ ကာကွယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ပြီးနောက် ဒေသတွင်း ပျူစောထီးဒုခေါင်းဆောင်နှင့် ခရီးသည် ၁၄ ဦးကို ဖမ်းဆီးခြင်း ဖြစ်သည်။

သို့သော် အသက်မပြည့်သေးသူ ၅ ဦး၊ အသက် ၇၀ ကျော် ၁ ဦး၊ အမျိုးသမီး ၄ ဦးတို့ကို ပြန်လွှတ်ပေးခဲ့ကြောင်း PDF နှင့် နီးစပ်သူက ပြောသည်။

ထိုအထဲမှ အမျိုးသမီးတစ်ဦးမှာ လုပ်ငန်းခွင်ဝင်နေဆဲ ကျောင်းဆရာမဖြစ်သည်ဟု သူက ဆက်ပြောသည်။ PDF က ဆက်လက်ဖမ်းဆီးထားသူ ၄ ဦးနှင့် ပတ်သက်၍မူ တစ်ပတ်ကြာသည်အထိ စုံစမ်း၍ မရသေးပေ။

မြင်းမူမြို့နယ်သည် ဒေသခံကာကွယ်ရေးအဖွဲ့များ စုဖွဲ့မှုအားကောင်းရာ မြို့နယ်များဖြစ်သည့် မြောင်၊ ချောင်းဦး၊ စစ်ကိုင်း၊ မုံရွာတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် မြို့နယ်ဖြစ်သည်။ 

ဒေသခံကာကွယ်ရေးအဖွဲ့များ စုဖွဲ့ ချိတ်ဆက်မှုကောင်းမွန်သည့် မြို့နယ်များတွင် စစ်ကောင်စီက မြေပြင်မှ သွားလာစစ်ကြောင်းထိုးခြင်းထက် ၎င်းတို့အားသာချက်ဖြစ်သည့် လေကြောင်းသုံးတိုက်ခိုက်မှုကို ပိုအားပြုလာကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များက ဆိုသည်။

“တစ်ခုခုဆိုရင် လေယာဉ်နဲ့ချည်းပဲ လာပစ်တာ။ ရှက်စရာကောင်းလောက်အောင်ကို သတ္တိမဲ့နေတဲ့ စစ်တပ်ကို ဘာပြောရမှန်းကို မသိတော့ဘူး။ ကျွန်တော်တို့လည်း လေယာဉ်တွေကို ခုခံပြန်ပစ်နိုင်မဲ့နည်းလမ်းကို ရှာကြံပြီးတော့ ကြိုးစားနေကြတာပဲ” ဟု အထက်ပါ CDSOM တာဝန်ခံက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ကျော်ကြာသည်အထိ တိုင်းရင်းသားလက်နက်ကိုင်များရှိရာ ဒေသများသာမက လူများစု ဗမာများနေထိုင်ရာ နိုင်ငံအလယ်ပိုင်းတွင်ပင် စစ်ကောင်စီကို ဒေသခံတို့က ရရာလက်နက်ဖြင့် ခုခံတော်လှန်နေကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button