သတင်း

တကောင်းနီကယ်စက်ရုံ ဝန်ထမ်းနှစ်ဦး လုပ်ငန်းခွင်အတွင်း ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်အတွင်းရှိ တရုတ်နှင့် ဖက်စပ်လုပ်ကိုင်နေသည့် တကောင်းနီကယ်စက်ရုံ ဝန်ထမ်းနှစ်ဦးကို စစ်ကောင်စီက လုပ်ငန်းခွင်အတွင်း ဝင်ရောက်ဖမ်းဆီးသွားသည်။

ထိုစက်ရုံ၊ ကျောက်မီးသွေးဌာနမှ လုပ်သက် ၁၂ နှစ်ရှိ ဝန်ထမ်း ကိုစိုးထက်နှင့် လုပ်သက် ၈ နှစ်ရှိ ကိုမိုးထက်ဟိန်းတို့ ယခုလ ၁၃ ရက် မွန်းလွဲပိုင်းတွင် ဖမ်းခံရခြင်းဖြစ်ကြောင်း အမည်မဖော်လိုသော ဝန်ထမ်းတစ်ဦးက အတည်ပြုသည်။

ဒေသခံကာကွယ်ရေးအဖွဲ့ (PDF) များကို ထောက်ပံ့သည်ဆိုသော အကြောင်းပြချက်ဖြင့် ရဲ ၅ ဦးက လာရောက်ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ထိုသူက ဆိုသည်။

“သူတို့က နေ့ဆိုင်းဆင်းနေတာ။ လုပ်ငန်းခွင်ထဲမှာ အရင်ဆုံး ကိုစိုးထက်ကို ဖမ်းသွားတယ်။ ၃ နာရီကျော်လောက်မှာ ကိုမိုးထက်ဟိန်းကို လာဖမ်းတာ။ တစ်ဌာနတည်း၊ တစ်ဆိုင်းတည်း အတူတူလုပ်နေတာ။ လုပ်ငန်းခွင်ကလည်း အတူတူပဲ။ တစ်နေရာတည်းလုပ်ရတဲ့သူတွေ”

ဖမ်းခံရသူနှစ်ဦးကို စစ်ကောင်စီက ထီးချိုင့်မြို့မရဲစခန်းတွင် ချုပ်နှောင်ထားပြီး ရိုက်နှက်ခံထားရကြောင်း အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောသည်။

“ဆန်လေးတစ်ပြည်လောက်ပေးတာနဲ့လည်း သူတို့က ထောက်ပို့လို့ ပြောချင်ပြောမှာပဲလေ။ ဥပဒေက သူတို့ပါးစပ်ထဲမှာပဲ ရှိနေတာ” ဟု စစ်ကောင်စီကို အာခံရန် ဖွဲ့စည်းထားသည့် ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက မှတ်ချက်ပြုသည်။

အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင်ခုခံသည့် လှုပ်ရှားမှုများ အားကောင်းသည့် ထီးချိုင့်မြို့နယ်တွင် တကောင်းနီကယ်စက်ရုံဝန်ထမ်းများ ဖမ်းဆီးခံရမှုမှာ တတိယအကြိမ်ဖြစ်ပြီး ၆ ဉီးအထိ ရှိနေပြီဟု အထက်ပါ သတင်းရင်းမြစ်များက ပြောသည်။

၂၀၂၁ ဩဂုတ်လတွင် သတ္တုရည်ကျိုဌာနမှ ဝန်ထမ်းတစ်ဦး လုပ်ငန်းခွင်မှ အိမ်အပြန်လမ်းတွင် ပစ်ခတ် ဖမ်းဆီးခံရကြောင်း၊ အောက်တိုဘာတွင် ယာဉ်မောင်းတစ်ဦး စက်ရုံဝန်ထမ်းအိမ်ရာတွင် ဖမ်းဆီးခံရကြောင်း ၎င်းတို့ထံမှ သိရသည်။

နှစ်ဆန်းပိုင်းက နီကယ်စက်ရုံသို့ သွယ်တန်းထားသည့် ၂၂၀ ကေဗီ ဓါတ်အားပေးတိုင် ၃ ခုကို PDF က မိုင်းခွဲ တိုက်ခိုက်ပြီးနောက် ရက်ပိုင်းအကြာတွင် ဝန်ထမ်းနှစ်ဦး ဖမ်းဆီးခံခဲ့ရသေးသည်ဟု ထိုသူတို့က ဆိုသည်။

ဓာတ်အားပေးတိုင် ဗုံးခွဲခံရပြီးနောက် စက်ရုံလည်ပတ်မှုရပ်သွားခဲ့သော်လည်း မေလမှစ၍ လုပ်ငန်းပြန်လည်နေကြောင်း၊ မြန်မာဝန်ထမ်းဦးရေ ၁၅၀၀ ဝန်းကျင်၊ တရုတ်အလုပ်သမား ၁၀၀ ကျော်ဖြင့် လုပ်ငန်းလည်ပတ်နေကြောင်း  ထိုသတင်းရင်းမြစ်တို့ထံမှ သိရသည်။

၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်က အာဏာမသိမ်းမီက ရဲ ၅ ဦးသာ လုံခြုံရေးထားသည့် စက်ရုံတွင် ယခုအခါ ရဲနှင့် စစ်သား အင်အား ၇၀ ခန့်အထိ ရှိနေသည်ဟု ၎င်းတို့က ပြောသည်။

ထိုစက်ရုံသည် မြန်မာနိုင်ငံတွင် အကြီးဆုံးနီကယ်ထုတ်လုပ်ရေးလုပ်ငန်းခွင်ဖြစ်သည်။ တရုတ်ကုမ္ပဏီ Myanmar CNMC Nikel၊ အမှတ် ၁ သတ္တုတွင်းလုပ်ငန်းတို့က ၂၀၁၈ ခုနှစ်မှ စတင်ကာ နှစ် ၂၀ စာချုပ်ဖြင့် လုပ်ငန်းဆောင်ရွက်နေသည်။

စစ်ကိုင်းတိုင်းအရှေ့ဘက်ခြမ်းရှိ ထီးချိုင့်မြို့သည် ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ရှိပြီး PDF လှုပ်ရှားမှုများ အားကောင်းကာ စစ်ကောင်စီနှင့် တိုက်ပွဲများ မကြာခဏဖြစ်ပွားလေ့ရှိသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှ ယခုနှစ် ဇူလိုင် ၂၁ ရက်အထိ စစ်ကောင်စီက ဖမ်းထားသူ ၁၁၇၅၄ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။

ထိုစာရင်းမှာ မမှန်ဟု ငြင်းလေ့ရှိသည့် စစ်ကောင်စီထံ အထက်ပါ ဖြစ်စဉ်ကို မေး၍ မရသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button