သတင်း

ထီးချိုင့်မြို့တစ်ဖက်ကမ်းရှိ စစ်စခန်းကို တော်လှန်ရေးအင်အားစု ထိုးစစ်ဆင်

စစ်ကိုင်းတိုင်းအတွင်း ဗျူဟာကျသည့် ထီးချိုင့်မြို့ရှိတပ်စခန်း ထိုးစစ်ဆင်ခံရစဉ် စစ်ကောင်စီလေတပ်က ဖျက်အားပြင်းဗုံးများ ထိုဒေသသို့ ကြဲချတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့၏ တစ်ဖက်ကမ်း မြတောင်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယနေ့ (သြဂုတ် ၂၁) နံနက်ပိုင်းမှ စတင်ပြီး တိုက်ခိုက်နေသည်ဟု ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ပြောသည်။

ဗန်းမော် – မန္တလေး ကားလမ်းပေါ်မှ မြတောင်ရွာသည် ဧရာဝတီမြစ်အရှေ့ဘက်တွင် တည်ရှိပြီး မြစ်အနောက်ဘက်ခြမ်းမှ ထီးချိုင့်မြို့နှင့် ၂၀၁၅ တွင် တည်ဆောက်ပြီးစီးသည့် မြစ်ကူးတံတားဖြင့် ဆက်သွယ်ထားသည်။

နိုင်ငံအလယ်ပိုင်းမှ ကချင်ပြည်နယ်သို့ ဝင်ရောက်ရာလမ်းကြောင်းများ ဖြစ်သည့် မန္တလေး-ဗန်းမော် ဧရာဝတီမြစ်ကြောင်းလမ်း၊ ဧရာဝတီမြစ်အရှေ့ဘက်ရှိ မန္တလေး – ဗန်းမော် – မြစ်ကြီးနား ဗျူဟာလမ်းနှင့် မြစ်အနောက်ဘက်ရှိ ရွှေဘို – မြစ်ကြီးနား ဗျူဟာလမ်းများသည် ထီးချိုင့်မှ ဖြတ်သန်း သွားလာရသဖြင့် ထိုဒေသများကို ထိန်းချုပ်နိုင်ရေးမှာ စစ်တပ်အတွက်သာမက တော်လှန်ရေးအင်အားစုအတွက်လည်း အရေးပါသည်။

ယနေ့နံနက်စစ်ဆင်ရေးအတွင်း ကင်းစခန်းငယ်တချို့ကို ၎င်းတို့တပ်များသိမ်းပိုက်နိုင်သည်ဟု သတင်းပို့လာကြောင်း KIA ပြောခွင့်ရအရာရှိ ဗိုလ်မှူးကြီးနော်ဘူက ယနေ့ နေ့လယ်တွင် ပြောသည်။

စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများလည်း ဆက်တိုက်ပြုလုပ်နေပြီး ဆက်သွယ်ရေးအခက်အခဲကြောင့် အသေးစိတ်အချက်အလက်များကို မသိရသေးဟု ၎င်းက ဆိုသည်။

မြတောင်ရွာဝန်းကျင်သာမက အနီးဝန်းကျင်ကျေးရွာများကို ယမန်နေ့ နံနက်ပိုင်းကစပြီး တိုက်ခိုက်ရေးလေယာဉ် (ဂျက်ဖိုက်တာ)၊ သယ်ယူပို့ဆောင်ရေးလေယာဉ် Y 12 တို့ လာရောက် တိုက်ခိုက်ကြကြောင်း တော်လှန်ရေးအင်အားစုက ဆိုသည်။

“ကျွန်တော်တို့ ရတဲ့နေရာတွေတော့ရနေပြီ။ ဆက်လုပ်နေတာ။ လေယာဉ်ကလည်း ဆက်တိုက်လာချနေတာ။ ဖိုက်တာနဲ့လာချလိုက်၊ Y 12 နဲ့ လာချလိုက်လုပ်နေတာ။ မနေ့က မနက်ကတည်းက ချတာ” ဟု တော်လှန်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယမန်နေ့ (ဩဂုတ် ၂၀) တွင်လည်း နံနက် ၄ နာရီခွဲဝန်းကျင်မှစပြီး နဝရတ်၊ စံပြ၊ ကုက္ကိုလ်နှင့် မြတောင်တို့ကို တိုက်ခိုက်ရေးလေယာဉ် (ဂျက်ဖိုက်တာ) ဖြင့် ပေါင် ၅၀၀ ဗုံးသီး ၃ ကြိမ်၊ Y 12 လေယာဉ်ဖြင့် ဗုံးသီး ၆၀ ကျော် ကြဲချခဲ့ကြောင်း ထီးချိုင့်ဒေသခံများထံမှ သိရသည်။

ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း အမှတ် (၁၂၃) စခန်းကို သိမ်းယူအပြီး လုံခြုံရေးယူထားသည့် KIA တပ်သားတစ်ဦးကို ယခုနှစ်ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-မြတ်ပန်း/Myanmar Now)

KIA နှင့်အတူ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ PDF များနှင့် ဒေသတွင်းကာကွယ်ရေးတပ်များ ပါဝင်တိုက်ခိုက်နေသည်။

ထီးချိုင့်မြို့ကို သိမ်းပိုက်နိုင်ရန် တော်လှန်ရေးအင်အားစုက ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် နှစ်ကြိမ်တိုင် ထိုးစစ်ဆင်ခဲ့ရာ ထွေအုပ်ရုံး၊ စာသင်ကျောင်းအပါအဝင် စစ်ကောင်စီတပ်စွဲထားရာ နေရာအများစုကို သိမ်းပိုက်နိုင်ခဲ့သည်။

မြသိန်းတန်တောင်ကြောပေါ်ရှိ တပ်စခန်းနှင့် ရဲစခန်းတို့တွင် စစ်ကောင်စီလက်နက်ကိုင်တို့ ရှိနေဆဲ ဖြစ်သည်။

ထီးချိုင့်မြို့ကို လက်လွှတ်မရရေးအတွက် စစ်တပ်ကလည်း လေကြောင်းအားပြုပြီး အပြင်းအထန်ခုခံခဲ့ရာ တော်လှန်ရေးအင်အားစုမှာ မြို့ကို အလုံးစုံမသိမ်းပိုက်နိုင်ခဲ့ဘဲ မြို့ပြင်ရပ်ကွက်များသို့ ပြန်လည်ဆုတ်ခွာခဲ့ရသည်။

ဇူလိုင်လကုန်ပိုင်းက မြတောင်၏ တောင်ဘက် ၉ မိုင်ကျော်ခန့်အကွာ မောင်းကုန်းရွာရှိ တကောင်းနီကယ်စက်ရုံဝင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က တော်လှန်ရေးအင်အားစုထံ လက်နက်ချခဲ့သည်။ 

ယခုနှစ် ဇွန်လကုန်ပိုင်းတွင် စတင်ခဲ့သည့် ရှမ်းမန်းစစ်ဆင်ရေးအတွင်း ထီးချိုင့်မြို့နှင့် ကပ်လျက်ရှိ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ကိုလည်း တော်လှန်ရေးအင်အားစုက ဩဂုတ် ၁၂ ရက်နေ့က သိမ်းပိုက်ထားပြီး သပိတ်ကျင်းမြို့နယ်တွင်းရှိ ကျန်ရှိသည့် စစ်ကောင်စီတပ်စခန်းများကိုလည်း ဆက်လက် တိုက်ခိုက်နေသည်။ 

ထီးချိုင့်မြို့သိမ်းတိုက်ပွဲစတင်ချိန်ကတည်းက မြို့ပေါ်ရပ်ကွက်များနှင့် အနီးဝန်းကျင်ကျေးရွာများမှ ထောင်နှင့်ချီသည့် ဒေသခံများ နေရပ်စွန့်ခွာသွားကြပြီဖြစ်သည်။

ထို့ပြင် ထီးချိုင့်မြို့နှင့်ကပ်လျက်ရှိပြီး ကချင်ပြည်နယ်သို့ အဓိကဝင်ပေါက်မြို့တစ်ခုဖြစ်သည့် ရွှေဘို – မြစ်ကြီးနားလမ်းပေါ်ရှိ အင်းတော်မြို့တွင်လည်း ဩဂုတ်လ ဒုတိယပတ်ကစပြီး တိုက်ပွဲများ ပြင်းထန်နေသည်။

Show More

Related Articles

Back to top button