
စစ်ကြောရေးကာလတွင် နှိပ်စက်ခံခဲ့ရပြီး ပုဒ်မ ၁၇ ခုဖြင့် စွပ်စွဲခံထားရသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးကို အကြမ်းဖက်ပုဒ်မ ၅၀ (ဈ)၊ ဗုံးခွဲမှုဆိုင်ရာ ပြစ်မှုဖြင့် စစ်ကောင်စီက ပထမဆုံး ထောင်ဒဏ် ၁၅ နှစ် သတ်မှတ်သည်။
မန္တလေးတိုင်း ကျောက်ဆည်မြို့ KPDF အဖွဲ့ ဘဏ္ဍာရေးနှင့် ညှိနှိုင်းရေးတာဝန်ခံ အသက် ၄၀ အရွယ် ကိုတင်မောင်ထွေးကို ယမန်နေ့ (ဇူလိုင် ၁၈) က ပြုလုပ်သည့် ကျောက်ဆည်ခရိုင် တရားရုံးချိန်းတွင် ထိုသို့ အမိန့်ချခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူက ပြောသည်။
“သူက အမိန့်ချမယ်လို့လည်း ကြိုမသိဘူး။ သူ့ကိုစွဲထားတဲ့အမှုတွေက ၁၇ မှုတောင်ရှိတယ်။ အခုက ၅၀ (ဈ) နဲ့ ချတာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုသူက ပြောသည်။
ကိုတင်မောင်ထွေး ဆက်လက်ရင်ဆိုင်ရဦးမည့် အကြမ်းဖက်မှု၊ လူသတ်မှု၊ မတရားအသင်းဆက်သွယ်မှု၊ ဆန္ဒပြမှု စသည့် အမှု ၁၆ မှုနှင့် ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကိုမူ မသိရသေးပေ။
ကျောက်ဆည်ခရိုင်တရားရုံး၊ စဉ့်ကိုင်မြို့နယ်တရားရုံး၊ မန္တလေးခရိုင်တရားရုံး၊ မန္တလေး အိုးဘိုထောင်တွင်းအထူးတရားရုံးတို့တွင် ထိုအမှုများကို ခွဲ၍ စွဲဆိုထားသည်ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။
ကိုတင်မောင်ထွေးကို ဖေဖော်ဝါရီ ၁၉ ရက်က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ အေးသာယာရပ်ကွက်တွင် စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး မန္တလေး၊ အိုးဘိုထောင်တွင် ချုပ်နှောင်ထားကာ တရားရုံးအသီးသီးတွင် အမှုရင်ဆိုင်နေရသည်ဟု ၎င်းထံမှသိရသည်။
စစ်တပ်က ငြင်းပယ်ခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို အစဉ်တစိုက် ထောက်ခံဝန်းရံခဲ့သည့် ၎င်းမှာ ဖမ်းခံရပြီး ၂ လကျော်အတွင်း စစ်ကြောရေးစခန်း ၈ ခုကို ဖြတ်သန်းခဲ့ရကာ အပြင်းအထန်နှိပ်စက်ခံခဲ့ရကြောင်း အမည်မဖော်လိုသည့် အခြားသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“သူ့ကို သေပြီဆိုပြီးကို သွေးအိုင်ထဲ ပစ်ထားခဲ့ကြတယ်။ လျှာတွေကို ဓားမြှောင်နဲ့ ထိုးတယ်။ ရေနွေးပူနဲ့ လောင်းတယ်။ ရေခဲရေလောင်းတယ်။ ခေါင်းကို ရိုက်ခွဲတယ်။ ၅ ရက် ထမင်းမစားရ၊ ရေမသောက်ရ၊ မအိပ်ရဆိုပြီး ထားတယ်” ဟု သူက ပြောသည်။
“အရှင်လတ်လတ် ငရဲခန်းပါပဲ။ စစ်ကြောရေးပြီးတော့ ခုထိ သူ ဆေးကုနေရတယ်။ အညိုအမည်းတွေကတော့ ခန္ဓာကိုယ်မှာ ကျန်သေးတယ်။ ရုံးထုတ်လာတော့ တွေ့ခွင့်ရတယ်။ လူကတော့ တော်တော်ကို ပိန်သွားတာ။ မျက်နှာတွေကိုကျလို့” ဟု ထိုသူက ဆက်ပြောသည်။
ကိုတင်မောင်ထွေး၏ ကျန်းမာရေးနှင့် ဒဏ်ရာအခြေအနေ အသေးစိတ်ကိုမူ လုံခြုံရေးကြောင့် ထိုသတင်းရင်းမြစ်က ထုတ်ပြောခြင်းမရှိပေ။
အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေး၍ မရသေးပေ။
အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း စစ်ကောင်စီ၏ လူမဆန်သော စစ်ကြောရေး ငရဲခန်းများအတွင်း အသက်သေဆုံး၊ အပြင်းအထန်ဒဏ်ရာရသည့် ဖြစ်စဉ်များ၊ အလောင်းပင် ပြန်မရသည့်ဖြစ်စဉ်များစွာရှိသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)