အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြန်မာသို့ လယ်ယာထွက်ပစ္စည်း တင်ပို့ရောင်းချရန် ကမ္ဘောဒီးယားကမ်းလှမ်း  

စစ်ခေါင်းဆောင်က စိုက်ပျိုးရေးအခြေခံထုတ်ကုန်များ တိုးတက်ရေး တဖွဖွပြောရင်း ပြည်ပပို့ကုန်များ ပိတ်ပင်နေချိန် မြန်မာနိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ တင်ပို့ရန် ကမ္ဘောဒီးယားနိုင်ငံက ကမ်းလှမ်းလိုက်သည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း မြန်မာသံအမတ် ဦးသစ်လင်းအုန်းနှင့် တွေ့ဆုံစဉ် ကမ္ဘောဒီးယား စီးပွားကူးသန်းဝန်ကြီးက အထက်ပါအတိုင်း တိုက်တွန်းကမ်းလှမ်းခြင်းဖြစ်ကြောင်း ဖနွမ်ပင်အခြေစိုက် Khmer Times သတင်းဌာနက ယခုလ ၁၆ ရက်တွင် ရေးသားသည်။

မြန်မာနိုင်ငံသို့ ငှက်ပျောသီး၊ သရက်သီး၊ ထောပတ်သီး၊ ကန်စွန်းဥ စသည့် လယ်ယာထွက်ပစ္စည်းများ တင်ပို့နိုင်ရေး ထည့်သွင်းစဉ်းစားရန် ကမ္ဘောဒီးယားနိုင်ငံက တောင်းဆိုပြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးကြသည်ဟု ဆိုသည်။​

အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် နိုင်ငံတကာ၏ အရေးယူပိတ်ဆို့မှုများနှင့်အတူ အိမ်နီးချင်းနိုင်ငံများနှင့်ပါ အဆက်အသွယ်ကျဲလာချိန် အနည်းဆုံးနိုင်ငံတစ်ခုခြားနေသော အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားက လယ်ယာထွက်ပစ္စည်း တင်ပို့ရောင်းချရန် ကြိုးပမ်းလာခြင်းဖြစ်သည်။ 

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကမူ ရောက်လေရာအရပ်တိုင်းတွင် စိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အာပေါင်အာရင်းသန်သန် ဟောပြောလေ့ရှိသည်။ 

ယခုလဆန်းပိုင်းက ဧရာဝတီတိုင်းကို ရောက်ရှိစဉ် သီးနှံမျိုးစုံစိုက်ရသည့်နိုင်ငံဖြစ်ကြောင်း၊ တန်ဖိုးမြင့်ထုတ်ကုန်ထွက်ရှိရေး ကြိုးပမ်းကြရန် တိုက်တွန်းပြောဆိုခဲ့သည်။ ထို့ပြင် မိရိုးဖလာမှ ဖောက်ထွက်ရမည်ဖြစ်သည်ဟုလည်း ဆိုသည်။

လက်တွေ့၌ပင် အာဏာသိမ်းပြီးနောက် ဘက်ပေါင်းစုံ အကျပ်အတည်းဆိုက်နေသော မြန်မာနိုင်ငံတွင် မရေရာမှုများ ဆက်လက်မြင့်မားနေပြီး စီးပွားရေးအလားအလာ မခန့်မှန်းနိုင်တော့ကြောင်း ကမ္ဘာ့ဘဏ်က ပြီးခဲ့သည့် ဇွန်လအတွင်း ထုတ်ပြန်သည်။

ထိုသို့ မြန်မာ့စီးပွားရေး အခြေအနေဆိုးရွားနေသော်လည်း အာဏာသိမ်းခေါင်းဆောင်ကမူ စီးပွားရေးမောင်းနှင်အားကို မဖြစ်မနေဆောင်ရွက်မည်ဖြစ်ကြောင်း၊ နိုင်ငံခြားသုံးငွေ လျှော့ချနိုင်ရေး ပြည်တွင်းထုတ်ကုန်များကို အားပေးရမည်ဖြစ်ကြောင်းလည်း မကြာခဏပြောဆိုလျက်ရှိသည်။

ယခင်အစိုးရနှစ်ဆက်တွင် ကုန်သွယ်လိုငွေ များစွာရှိခဲ့သော်လည်း ၎င်း၏လက်ထက်တွင် ကုန်သွယ်မှုလိုငွေ ထိန်းချုပ်နိုင်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထုတ်ဖော်ဝင့်ကြွားလေ့ရှိသည်။​

နိုင်ငံခြားသုံးငွေရှားပါးလာသည့် စစ်ကောင်စီက ဒေါ်လာသုံးစွဲမှုလျှော့ချရန် ဇိမ်ခံပစ္စည်းများသာမက ပြည်ပမှ မရှိမဖြစ်ဝယ်ယူတင်သွင်းရသော လူသုံးကုန်ပစ္စည်းများကို ထိန်းချုပ်သဖြင့် သွင်းကုန်လုပ်ငန်း ရပ်ဆိုင်းကာ မှောင်ခိုလုပ်ငန်းကြီးထွားလာသည်ဟု လုပ်ငန်းရှင်တို့က ဆိုထားသည်။​ 

လွန်ခဲ့သည့် မေလအတွင်းက ပို့ကုန်စာရင်းလက်ကျန် အကြောင်းပြကာ ကုမ္ပဏီ ၁၅၈ ခုနှင့် ဒါရိုက်တာအဖွဲ့ဝင် ၄၀၀ ကျော်ကို စစ်ကောင်စီက အမည်ပျက်စာရင်းသွင်းခဲ့သည်။ လွန်ခဲ့သော သုံးနှစ်ကျော်က ပို့ကုန်စာရင်းဖြင့် အကြောင်းရှာ နှိပ်ကွပ်ခြင်းဖြစ်သည်။​

ကုန်စည်စီးဆင်းမှု နှောင့်နှေးနေချိန် စစ်ကောင်စီ၏ မူဝါဒအပြောင်းအလဲများကြောင့် နယ်စပ်ကုန်သွယ်ရေးသည်ပင် ကမောက်ကမအခြေအနေများနှင့် ကြုံတွေ့နေရသည်။​ 

တရုတ်၊ ထိုင်းနိုင်ငံတို့နှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ရာတွင် ယွမ်နှင့် ဘတ်ငွေအသုံးပြု တိုက်ရိုက်ပေးချေရန် ပြီးခဲ့သည့် ဒီဇင်ဘာနှင့် မတ်လအတွင်း စစ်ကောင်စီက ညွှန်ကြားခဲ့သော်လည်း ယခုအခါ အမေရိကန်ဒေါ်လာ ပြန်အသုံးပြုရန် သတ်မှတ်ပြန်သည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button