
တရားမဝင်ကုန်သွယ်မှုနှင့် ဆက်စပ်သည်ဆိုကာ မြန်မာပဲမျိုးစုံနှင့် ပရဆေးတန်ချိန် ၁၀,၀၀၀ ကျော် တရုတ်နိုင်ငံဘက်တွင် အသိမ်းခံလိုက်ရပြီးနောက် ပို့ကုန်တင်ပို့မှု ကျဆင်းလာချိန် လယ်ယာထွက်ကုန်များ ပုံမှန်ပြန်ပို့ရန် တရုတ်အစိုးရက မန္တလေးကုန်သည်များကို တောင်းဆိုထားသည်။
ဧပြီလက ယူနန်ပြည်နယ်တွင် ထိုသို့ အရေးယူစဉ် မြန်မာကုန်သည်များ အထိနာခဲ့သည်။ ထိုစဉ်က မြန်မာကုန်သည် ၄၀ ခန့်က တရုတ်ကုမ္ပဏီများထံ အကြွေးစနစ်ဖြင့် တင်ပို့ထားသည့် ပဲမျိုးစုံ၊ ဆီထွက်သီးနှံနှင့် ပရဆေးများ အသိမ်းခံရသည်။
ထိုဖြစ်စဉ်အပြီး ကုန်ဝင်ရောက်မှု ကျဆင်းသွားရာ တက်ဟုန်ပြည်နယ် အာဏာပိုင်များက မန္တလေးကုန်စဉ်ဒိုင်ကို လူကိုယ်တိုင်လာရောက်ခဲ့သလို ယခုလလယ်တွင် စာပေးပို့ အကြောင်းကြားခဲ့သည်ဟု ကုန်သည်တစ်ဦးက Myanmar Now ကို ပြောသည်။
ယူနန်ပြည်နယ် တက်ဟုန်ပြည်နယ်ခွဲ အစိုးရက ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) တို့ထံ ပေးပို့သည့် ဩဂုတ် ၁၅ ရက်စွဲတပ် အကြောင်းကြားစာတွင် စိုးရိမ်မှုများဖယ်ရှား၍ ယုံကြည်စွာတင်ပို့ရန် တိုက်တွန်းထားသည်ဟု အမည်မဖော်လိုသည့် ကုန်စည်ဒိုင်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ဆိုသည်။
“လောလောဆယ် အဲ့ဒီဘက်ကို ပို့တဲ့လူနည်းတယ်။ ပို့တဲ့လူနည်းလို့ပဲ မန္တလေးဘက်ကို လာပြီးတော့၊ (တက်ဟုန်ပြည်နယ်တာဝန်ရှိသူ) အဓိကက တရုတ်အစိုးရအဖွဲ့နဲ့ ပါလာပြီးတော့၊ ကုန်စည်ဒိုင်ဘက်ကို ဝင်ပြီးတော့၊ ဥပဒေဘောင်ထဲက ပိုမိုတင်ပို့ဖို့ လာပြီးတော့ ပြောတာလဲပါတယ်” ဟု ကုန်စည်ဒိုင်တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဖမ်းဆီးခံရသည့် တရုတ်ကုမ္ပဏီများသည် အခွန်တိမ်းရှောင်မှုနှင့် ဆက်စပ်နေပြီး ကုမ္ပဏီအမည်နှင့် ဖြစ်စဉ်အသေးစိတ်ကို မသိရပေ။ မြန်မာကုန်သည်များ၏ ပို့ကုန်ရငွေများ ပြန်လည်ပေးရန် စီးပွားကူးသန်းဝန်ကြီးဌာနနှင့် မန္တလေးကုန်သည်အသင်းက ကြိုးပမ်းနေသည်ဟုလည်း သူက ဆိုသည်။
တရုတ်ကုမ္ပဏီတို့ကို အရေးယူရာတွင် မြန်မာကုန်သည်များ ကြားညပ်ကြောင်း၊ တရုတ်ဗဟိုအစိုးရက တရားမဝင်ကုန်သွယ်မှုကို ပြင်းပြင်းထန်ထန်နှိမ်နှင်းရန် မူဝါဒချမှတ်ထားသဖြင့် ပို့ကုန်ငွေများပြန်ရရန် မဖြစ်နိုင်ကြောင်း သူက သုံးသပ်သည်။
တရုတ်နယ်စပ်ကုန်သွယ်ရေးတွင် ပစ္စည်းရောက်ပြီးမှ ငွေချေလေ့ရှိသည်ဟု သိရသည်။
ဧပြီလအတွင်း ဖမ်းဆီးမှုသည် မြန်မာကုမ္ပဏီများနှင့် ကုန်စည်များကို ပစ်မှတ်ထားခြင်း မဟုတ်ကြောင်း တက်ဟုန်ပြည်နယ်ခွဲအစိုးရ၏ အကြောင်းကြားစာ၌ တွေ့ရသည်။
“တရုတ်နိုင်ငံ၏ ပြည်ပတံခါးဖွင့်မှုသည် ပိုမိုကြီးမားကျယ်ပြန့်လာမည်ဖြစ်သော်လည်း တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ လယ်ယာထွက်ကုန်ပစ္စည်းများ တိုးချဲ့တင်သွင်းမှုအပေါ် သဘောထားနှင့် မူဝါဒများသည် မည်သို့မျှပြောင်းလဲမည်မဟုတ်ပါ” ဟု မန္တလေးကုန်စည်ဒိုင်ထံပို့သည့် ထိုစာတွင် ဖော်ပြထားသည်။
နယ်စပ်ကုန်သွယ်မှုကို အပြုသဘောဆောင် အားပေးကြောင်း၊ မြန်မာဘက်အနေဖြင့် တရုတ်နိုင်ငံ၏ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းကို နားလည် သဘောပေါက်စေလိုကြောင်း ထိုစာတွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံ ဝမ်တိန်ရှိ ဂိုဒေါင်များသို့ ရောက်သွားသော၊ ကျပ်သိန်းပေါင်း ၃ သိန်း တန်ဖိုးရှိသော မြန်မာကုန်ပစ္စည်းများကို ချိပ်ပိတ်သိမ်းဆည်းကာ ယခုနှစ် မေတွင် လေလံတင် ရောင်းချခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နှင့် အကြီးဆုံးရင်းနှီးမြှုပ်နှံသည့် နိုင်ငံတစ်ခုဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် လယ်ယာထွက်ကုန်များ တရုတ်သို့ တင်ပို့နေသည်။ မြန်မာဘက်သို့ လူသုံးကုန်၊ ဆေးဝါးနှင့် စားသောက်ကုန်များ တင်သွင်းနေသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် အမေရိကန်နှင့် အနောက်နိုင်ငံများ၏ ပစ်မှတ်ထားဒဏ်ခတ်မှု များပြားလာသဖြင့် အာဏာသိမ်းစစ်အုပ်စုက တရုတ်နှင့် ဆက်ဆံမှု တိုးမြှင့်ရန် ပိုမိုကြိုးစားလာသည်ဟု နိုင်ငံရေးလေ့လာသူများက ဆိုသည်။
ဩဂုတ် ၁၇ ရက်နေ့က တရုတ်နိုင်ငံ ကူမင်းမြို့တွင် ပြုလုပ်သည့် မဟာမဲခေါင်ဒေသ စီးပွားရေးစင်္ကြံအစည်းအဝေး၊ တရုတ်နှင့် တောင်အာရှကုန်စည်ပြပွဲတို့ကို စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဒေါက်တာကံဇော်၊ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်း၊ ကုန်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးတို့ သွားတက်ခဲ့ကြသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)