
ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် ယမန်နေ့ (ဇူလိုင် ၁၅) ညနေပိုင်းက မြို့နယ်တရားသူကြီးတစ်ဦး သေနတ်ဖြင့် လုပ်ကြံခံရပြီး နေရာမှာပင် သေဆုံးခဲ့ကြောင်း သိရသည်။
မင်္ဂလာတောင်ညွှန့်မြို့နယ် တရားသူကြီးဖြစ်သူ ဦးစန်းလင်းမှာ ယမန်နေ့ ညနေ ၅ နာရီခွဲက ပစ်ခတ်လုပ်ကြံခံရပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်သော Special Task Agency of Burma (STA) ဆိုသောအဖွဲ့က ထုတ်ပြန်သည်။
ထိုမြို့နယ်တရားသူကြီးမှာ မရမ်းကုန်းမြို့နယ် ၅ ရပ်ကွက် အပိုင်း(ခ)၊ ဥတံမျဉ်လမ်း၊ အိမ်နံပတ် ၂၄ တွင် နေထိုင်သူဖြစ်ကြောင်း နေအိမ်သို့ ပြန်ရန် အဌားယာဉ်စီးနင်းချိန်တွင် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်က ဆိုသည်။
မင်္ဂလာတောင်ညွှန့်မြို့နယ် တရားသူကြီးဖြစ်သူ ဦးစန်းလင်းကို လုပ်ကြံရခြင်းမှာ နိုင်ငံရေးအမှုများကို တရားစီရင်ပေးနေ၍ဖြစ်ကြောင်းလည်း အထက်ပါ ပြောက်ကျားအဖွဲ့တာဝန်ခံဆိုသူက ပြောသည်။
“သူက သာကေတက ခရိုင်တရားရုံးက။ မြို့နယ်တရားရုံးတွေကို သူက ညွှန်ကြားတယ်၊ ပြောရရင် နိုင်ငံရေးနဲ့ ပတ်သတ်တဲ့ တရားခွင်တွေကို သူပဲကိုင်ထားတာ။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ၅၀၅ အမှုတွေ ဆန္ဒပြကလေးတွေ အကုန်လုံးကို သူပဲတရားစီရင်တာ။ ပြည်သူတွေက တိုင်ကြားလာလို့ သုတ်သင်လိုက်တာပါ” ဟု ၎င်းက ပြောသည်။
အဆိုပါအဖွဲ့က ယမန်နေ့တွင် Telegram စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ရာတွင် ရုပ်သံမှတ်တမ်းတစ်ခုလည်း ပါရှိပြီး သဲသဲကွဲကွဲ မမြင်ရသော်လည်း အငှားကားတစ်စီးအနီး သေနတ်ပစ်ခတ်သံနှစ်ချက်ကြားရသည်။
သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရသူ မြို့နယ်တရားသူကြီး ဦးစန်းလင်းနှင့် ပတ်သက်၍ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ သေဆုံးသူ၏ မိသားစုဝင်များကိုလည်း ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ၎င်းတို့ကို ဆန့်ကျင်သူမှန်သမျှကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ထောင်ချခြင်းများ အဆက်မပြတ် ပြုလုပ်လျက်ရှိရာ တော်လှန်ရေးအဖွဲ့များကလည်း စစ်ကောင်စီဘက်တော်သားဟု ယူဆသူများကို မကြာခဏ လုပ်ကြံသတ်ဖြတ်နေသည်။
မင်္ဂလာတောင်ညွှန့်မြို့နယ်တရားသူကြီးကို လုပ်ကြံခဲ့သည့် STA ပြောက်ကျားအဖွဲ့က ယမန်နေ့ ညနေပိုင်း၌ပင် လှိုင်သာယာမြို့နယ်တရားရုံးကိုလည်း မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
“တရားရုံးတွေက အခုနောက်ပိုင်းမှာ တော်တော်ဆိုးတယ်။ အမှုရင်ဆိုင်နေရတဲ့ ပြည်သူတွေကို မတရားငွေတောင်းတယ်။ အောက်ခြေဝန်ထမ်းတွေကနေ တရားသူကြီးတွေအထိ အကျင့်စာရိတ္တ ယိုယွင်းပျက်စီးနေပြီ။ ပြည်သူတွေကလည်းတိုင်တယ်။ အဲဒါကြောင့် တရားရုံးတွေကို သတိပေးတာပါ” ဟု STA အဖွဲ့ တာဝန်ခံက ပြောသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)