သတင်း

စစ်တပ်မီးရှို့သွားသော ပခုက္ကူ ၆ ရွာ နေရေးစားရေး ခက်ခဲနေ

စစ်ကောင်စီတပ် မီးရှို့သွားသော မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ကျေးရွာများမှ ဒေသခံများ စားဝတ်နေရေးအခက်အခဲများ တွေ့ကြုံနေကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များနှင့် ဒေသခံတို့ထံမှ သိရသည်။ 

ပြီးခဲ့သည့် ဧပြီ၊ ဇွန်နှင့်ဇူလိုင်အတွင်း ပခုက္ကူမြို့နယ်နှင့် ဆိတ်ဖြူမြို့နယ်အစပ်၊ ယောချောင်းတစ်လျှောက်ရှိ ရှားဒူ၊ စိုင်ဖြူ၊  ဒဲပြား၊ မြစ်ဖျား၊ တောင်ပလူနှင့် အရှေ့ကမ်းဖြူကျေးရွာ ၆ ရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး မီးရှို့ခဲ့မှုကြောင့် အိမ်ခြေ ၄၀၀ ကျော် မီးလောင်ပြီး ဒေသခံ ၇၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

စစ်ကောင်စီတပ်က ဒေသတွင်း စစ်ကြောင်းထိုးနေဆဲဖြစ်၍ ဒေသခံအများစုမှာ ကျေးရွာများအတွင်း ပြန်လည် ဝင်ရောက်နေထိုင်ခြင်း မပြုနိုင်ဘဲ ဘေးကင်းမည်ဟု ယူဆရသည့်နေရာတွင် ဖြစ်သလို နေထိုင်စားသောက်နေရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ မြစ်ခြေနှင့် ကျွန်းချောင်းမြို့နယ်အခြေစိုက်တပ်ဖွဲ့ထံမှ သိရသည်။

“တောထဲ ရှောင်နေရတာပေါ့ဗျာ။ ဖြစ်သလိုစား၊ ဖြစ်သလိုနေနဲ့ ရွာတွေထဲ ပြန်မဝင်နိုင်ဘူး။ အဓိက စားရေးသောက်ရေးရယ် အဝတ်အထည်ရယ်လိုတာပေါ့” ဟု အထက်ပါအဖွဲ့မှ တာဝန်ခံ ဦးနဂါးကြီးက ပြောသည်။ 

ပြီးခဲ့သည့် ဇူလိုင် ၈ က ပခုက္ကူမြို့နယ်၊ ယောချောင်းဘေးရှိ ရှားဒူကျေးရွာနှင့် စိုင်ဖြူကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့မှုကြောင့် အိမ်ခြေ ၁၁၉ လုံး မီးလောင်ဆုံးရှုံးခဲ့သည်။ 

ယင်းနေ့က မီးရှို့ပြီးနောက် ကပ်လျက်ကျေးရွာများဖြစ်သော ဒဲပြားနှင့် မြစ်ဖျားကျေးရွာတို့ကို စစ်ကြောင်းထိုး ဝင်ရောက်ကာ ယနေ့အထိ အဆိုပါရွာများမှ ပစ္စည်းများကို စစ်ကောင်စီတပ်က ကားများဖြင့် သယ်ယူနေသည်ဟု အထက်ပါလူက ဆက်ပြောသည်။

ယခုရက်ပိုင်း စစ်ကြောင်းဝင်နေသော ဒဲပြားကျေးရွာအပါအဝင် တောင်ပလူနှင့် အရှေ့ကမ်းဖြူရွာတို့ကို စစ်ကောင်စီတပ်က ဇွန် ၈ ရက်က ဝင်ရောက်ကာ အိမ်ခြေ ၂၁၅ လုံး မီးရှို့ ဖျက်ဆီးခဲ့သည်။ 

မြစ်ဖျားကျေးရွာမှာ ဧပြီ ၈ တွင် အိမ်ခြေ ၁၀၆ လုံး မီးရှို့ခံထားရပြီးဖြစ်ကြောင်း ပခုက္ကူ PDF က ပြောထားသည်။

မြစ်ဖျားကျေးရွာ အဝင်တစ်နေရာကို ယခုနှစ် ဧပြီလအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-CJ)

မြစ်ဖျားကျေးရွာ ဒေသခံများအနေဖြင့် ဆန်၊ ဆီနှင့် ဆား စသည့် အခြေခံစားသောက်ကုန် လိုအပ်နေကြောင်း၊ သယ်ယူရန်လည်း အခက်အခဲရှိနေကြောင်း ထိုရွာဒေသခံ ကိုဖက်တီးက ပြောသည်။

“ယောချောင်းဘေးဆိုတော့ အသီးအနှံလေးတွေက အဆင်ပြေသေးတယ်။ အဓိက ဆန်၊ ဆီ၊ ဆား ခက်ခဲတာ။ ဒီနယ်မြေကိုလည်း ဒီကောင်တွေ (စစ်တပ်) က ပိတ်ထားတာဆိုတော့ ပို့ရခက်တယ်။ ဆန် ၁၀ အိတ် ၁၅ အိတ်လောက် သယ်ရင်ကို စစ်နေတော့ ကားတွေက မသယ်ရဲကြဘူး” ဟု ဆိုသည်။

၎င်းတို့ရွာမှ ဒေသခံများသည် တောထဲ၌ ထန်းလက်များမိုးကာ တဲထိုးနေကြသော်လည်း လာမည့်လများတွင် ရာသီဥတုဒဏ်ကို ခံရဦးမည်ဟု ၎င်းက ဆက်ပြောသည်။

“မိုးရွာရင်တော့ တော်တော်လေး အခက်ခဲဖြစ်မယ်။ မိုးရာသီဆို ဒီဘက်ကလမ်းတွေက ပျက်တော့ ကားတွေ ထွက်မရဘူး။ ရှေ့လျှောက်ကတော့ ဘယ်လိုလုပ်ရမလဲမသိဘူး” 

ပခုက္ကူ PDF က ဆန်နှင့် ဆီ ထောက်ပံ့ထားသော်လည်း ဒုက္ခသည်အရေအတွက်များသောကြောင့် တစ်လစာပင် ဖူလုံမည်မဟုတ်ဟု အထက်ပါဒေသခံက ဆက်ပြောသည်။

မီးရှို့ခံရသော အိမ်ခြေစာရင်းကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တောင်းခံလာ၍ ပေးပို့ထားသော်လည်း ထောက်ပံ့မှု မရရှိသေးကြောင်း ပြောသည်။

“အရင်လူတွေကို ထောက်ပံ့နိုင်ဖို့ စာရင်းတင်ပေးထားတုန်းရှိသေးတယ်။ နောက်ထပ်ရွာတွေ ထပ်ရှို့ခံရပြန်ရော။ အဲဒီလိုဖြစ်နေတာ” ဟု ကိုဖက်တီးက ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သည် ဧရာဝတီမြစ်တစ်ဖက်ကမ်း ပုဂံညောင်ဦးနှင့် မျက်နှာချင်းဆိုင်ရှိ တန့်ကြည်တောင်ဒေသ ဆိက္ခဝရွာတွင် တပ်စွဲထားသည်။

ထို့ပြင် ၎င်းတို့ လေ့ကျင့် လက်နက်တပ်ဆင်ပေးထားသော၊ နယ်မြေကျွမ်းကျင်သော ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ပခုက္ကူမြို့နယ်နှင့် ဆိတ်ဖြူမြို့နယ်အကြား ယောချောင်းတစ်လျှောက်ရှိ ကျေးရွာများကို ဆက်တိုက်စစ်ကြောင်းထိုးကာ နေအိမ်များကို မီးရှို့ခြင်း၊ ပစ္စည်းများ ခိုးယူခြင်း စသည့်အမှုများ ကျူးလွန်နေသည်ဟု သိရသည်။

အိမ်မီးရှို့ခံရသည့်အထဲ မပါသော ဒေသခံများသည် ရံဖန်ရံခါ ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်နေထိုင်သော်လည်း စစ်ကောင်စီတပ် လာသည်ဟု သတင်းရပါက ပြန်လည်ထွက်ပြေးနေရသည်။

ပခုက္ကူမြို့နယ်အတွင်းရှိ ရှားဒူ၊ စိုင်ဖြူ၊ ဒဲပြား၊ မြစ်ဖျား၊ တောင်ပလူနှင့် အရှေ့ကမ်းဖြူကျေးရွာ မီးလောင် ဆုံးရှုံးမှုစာရင်း။ (ပေးပို့)

မကွေးတိုင်း၊ ဧရာဝတီမြစ်အနောက်ဘက်ကမ်းဒေသများဖြစ်သော ပခုက္ကူမြို့နယ်ရှိ မြစ်ခြေ- ကျွန်းချောင်း၊ ဆိတ်ဖြူ၊ ရေစကြို၊ မြိုင်နှင့် ပေါက်မြို့နယ်များ၊ ဂန့်ဂေါခရိုင်အတွင်းရှိ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ယော ဒေသများသည် အာဏာသိမ်းစစ်ကောင်စီတပ်ကို အပြင်းအထန်ခုခံနေသည်။‌

စစ်ကိုင်း၊ ချင်း၊ မကွေး စသည့် ဒေသများတွင် စစ်ကောင်စီတပ်က PDF တိုက်ဖျက်ရေးအကြောင်းပြချက်နှင့် ရွာအများအပြားကို မီးရှို့လျက်ရှိသည်။ 

ပြည်သူတို့၏ အိုးအိမ်ပေါင်း ၁၈,၈၈၆ လုံးထက်မနည်းကို စစ်ကောင်စီတပ်သားတို့က မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း Data For Myanmar အဖွဲ့က ဇွန် ၇ တွင် ထုတ်ပြန်သည်။ 

စစ်ကောင်စီကမူ မီးရှို့မှုများမှာ PDF တို့၏ လက်ချက်ဖြစ်သည်ဟု ပြည်ပအခြေစိုက်သတင်းဌာနတချို့ကို ရံဖန်ရံခါ ပြောတတ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button