သတင်း

ပခုက္ကူ တော်လှန်ရေးတပ်စခန်းတစ်ခုကို စစ်တပ်ဝင်စီးပြီး ၃ ဦးကို သတ်ဖြတ်

အရပ်သားယောင်ဆောင်လာသည့် စစ်သားများသည် အင်္ဂါနေ့က ပခုက္ကူမြို့အနီးမှ ၎င်းတို့စခန်းငယ်တစ်ခုကို ဝင်စီးပြီး လူ ၃ ဦးကို သတ်ဖြတ်သွားသည်ဟု ပခုက္ကူပကဖက ဆိုသည်။

မကွေးတိုင်း၊ ပခုက္ကူမြို့၏ အရှေ့မြောက်ဘက် ၄ မိုင်အကွာ ကင်မွန်းခါးရွာအနီးရှိ ၎င်းတို့၏ စခန်းငယ်တစ်ခုကို စစ်တပ်က ပြီးခဲ့သည့် အင်္ဂါနေ့ (ဇွန် ၁၈) တွင် ဝင်ရောက်စီးနင်းခဲ့ပြီး အရပ်သားတစ်ဦး၊ တော်လှန်ရေးတပ်သားနှစ်ဦးတို့ကို သတ်ဖြတ်သွားသည်ဟု ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တပ်ဖွဲ့ဝင်များက ပြောသည်။

ညနေ ၄ နာရီခန့်တွင် အရပ်ဘက်သုံး ကုန်တင်ကားဖြင့် စစ်သား ၄၀ ခန့် ရုတ်တရက် ရောက်လာပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ ပခုက္ကူပကဖဘက်က ဆိုသည်။

စစ်တပ်က ဒေသခံစျေးကားတစ်စီးကို ရှေ့မှ မောင်းခိုင်းကာ ထိုကားနောက်မှ ကပ်လိုက်လာခဲ့ပြီးမှ စခန်းအတွင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပခုက္ကူမြို့နယ်ပကဖ တပ်ခွဲ ၁ တာဝန်ခံ ရဲဘော်ပြေက ပြောသည်။

“ရဲဘော်တစ်ဦးနဲ့ ထမင်းချက်ပေးတဲ့ တစ်ယောက်ကတော့ မိပြီး အနီးကပ်‌တေ့ပစ်ခံရတယ်၊ တစ်ယောက်ကတော့ ခုခံရင်း ကျသွားတယ်” ဟု ၎င်းက ဆိုသည်။

စီးနင်းမှုအတွင်း လွတ်မြောက်လာသူ ၉ ဦးရှိသည်၊ သေဆုံးသူတို့မှာ အသက် ၃၉ နှစ်အရွယ် ရဲဘော်ပုလင်း၊ အသက် ၁၉ နှစ်အရွယ် ရဲဘော်လားလားနှင့် စခန်းတွင် ထမင်းချက်တာဝန်ယူထားသည့် အရပ်သားတစ်ဦးတို့ ဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် G-3 မောင်းပြန်ရိုင်ဖယ် နှစ်လက်၊ AK 47 မောင်းပြန်ရိုင်ဖယ် တစ်လက်၊ MK 12 တစ်လက် ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီဝါဒဖြန့် အွန်လိုင်း လူမှုကွန်ရက်စာမျက်နှာများတွင် PDF သုံးဦးကို ပစ်သတ်ခဲ့ကြောင်း၊ လက်နက်များ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။

သို့သော်လည်း လက်နက်စာရင်းတွင် AK 47 မောင်းပြန်သေနတ် မပါဝင်ပေ။

စစ်ကောင်စီတပ်သည် အရပ်သုံးကားကို အသုံးပြုသလို ဒေသခံ ဈေးကားတစ်စီးနှင့် ယှဉ်တွဲမောင်းလာသဖြင့် ကင်းထောက်နေသည့် အဖွဲ့များလည်း စစ်ကြောင်းကို သတိမထားမိခြင်း ဖြစ်သည်ဟု ရဲဘော်ပြေက ပြောသည်။

“မနက်ဈေးလာဝယ် ညနေ (ရွာ) ပြန်တဲ့ ကားတွေရှိတယ်။ အဲကားတစ်စီးကို ရှေ့ကထားမောင်းခိုင်းပြီး လိုက်လာတာ၊ စခန်းနားကျတော့ ပြည်သူကားက မောင်းပြေးသွားတော့တာ၊ အဲမှာ ဆင်းပစ်တာပဲ”​ ဟု သူက ဆိုသည်။

စစ်ကောင်စီတပ်က နာရီဝက်ခန့် စီးနင်းပြီး ပြန်ဆုတ်သွားကြောင်း၊ ဆုတ်သွားသည့် လမ်းကြောင်းတွင် ကြိုတင်တပ်ဆင်ထားသည့်မိုင်းများ မကွဲခဲ့ခြင်းမှာ စစ်တပ်တွင် ဂျန်မာ ခေါ် ဖုန်းလိုင်းဖြတ်တောက်သည့်စက် ဆောင်ထားခြင်းကြောင့် ဖြစ်နိုင်ကြောင်း၊ အလောင်းများကို ညတွင်းချင်းပင် ကောက်ယူသင်္ဂြိုဟ်ခဲ့ကြောင်း သူက ဆက်ပြောသည်။

“နယ်မြေစိုးမိုးမှုနယ်မြေအစပ်ဆိုတော့ သူတို့လည်း တိုက်မိုင်းဆင်ပြီး ချက်ချင်းပြန်သွားတာ၊ သူတို့ပြန်အပြေးမှာ ကျွန်တော်တို့နယ်မြေစိုးမိုးမှုယူထားတဲ့ နှစ်ရွာဖြတ်ပြန်ရတယ်၊ ကျွန်တော်တို့ ၄၀ (ဗုံးသီး) တွေနဲ့ ဝိုင်းပစ်သေးတယ်။ မိုင်းကတော့ ဂျန်မာပါလို့ မကွဲဘူး” ဟု ပခုက္ကူပကဖ တပ်ခွဲ ၁ တာဝန်ခံ ရဲဘော်ပြေက ပြောသည်။

ဧရာဝတီမြစ်အနောက်ဘက် ကပ်လျက်ရှိ ပခုက္ကူသည် စစ်ကောင်စီ၏ နယ်မြေစိုးမိုးမှု ကျဆင်းလာပြီး ပြည်သူ့ကာကွယ်အဖွဲ့များ နယ်မြေစိုးမိုးမှုအားကောင်းလာနေသည့် မြို့နယ်ဖြစ်ကြောင်း မြန်မာနိုင်ငံအတွက် အထူးအကြံပေးကောင်စီ (SAC-M) က ထုတ်ပြန်ထားသလို မြေပြင်တွင်လည်း ချုံခိုတိုက်ခိုက်မှုအားကောင်းသည့် ဒေသဖြစ်သည်။

ယခုနှစ်မေလအတွင်းပင် ပခုက္ကူလေဆိပ်အနီး ချုံခိုတိုက်ခိုက်မှု နှစ်ခုအတွင်း စစ်ကောင်စီဘက်မှ ၁၇ ဦးထက်မနည်း ပစ်သတ်ခံထားရပြီး မောင်းပြန်သေနတ် ၁၆ လက်ထိ ကာကွယ်ရေးတပ်များဘက်က ရရှိထားသည်။

Show More

Related Articles

Back to top button