အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပခုက္ကူတွင် ဒေသကာကွယ်ရေးစခန်းတစ်ခု လေကြောင်းတိုက်ခိုက်ခံရ၊ ၃ ဦးသေဆုံး

ယမန်နေ့ညက စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုအတွင်း ဒေသကာကွယ်ရေးအဖွဲ့ဝင် သုံး ဦး အခင်းဖြစ်ရာနေရာတွင် ကျဆုံးခဲ့သည်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် တော်လှန်ရေးတပ်တစ်ခု၏ ရှေ့တန်းစခန်းတစ်ခု ယမန်နေ့ (စက်တင် ဘာလ ၂၈ ရက်နေ့) ညနေက အင်ဂျင်တပ်လေထီးဖြင့် တိုက်ခိုက်ခံရပြီး စခန်းမှူးအပါအဝင် အဖွဲ့ဝင် သုံး ဦး သေဆုံးခဲ့သည်။ 

ပခုက္ကူမြို့အခြေစိုက် ခြေမြန်တပ်မ ၁၀၁ မှတက်လာသည့် လေထီးတစ်စီးက ယမန်နေ့ ည ၇ နာရီဝန်းကျင် တွင် ဒေသအခြေစိုက် အညာမြေတပ်ပေါင်းစုအဖွဲ့၏ ရှေ့တန်းစခန်းကို ဗုံး နှစ် လုံး ကြဲချရာ ရဲဘော် သုံး ဦးကို ဗုံးသီးတည့်တည့်ထိမှန်ပြီး အခင်းဖြစ်ရာနေရာတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည် ။

“လာကြဲတဲ့အခါမှာတခြားရဲဘော်တွေကို ကတုတ်ကျင်းတွေထဲကိုသွားဖို့၊ Safe zone တွေထဲကို သွားဖို့ တိုက်တွန်းနှိုးဆော်ရင်းနဲ့မှ ဒီဟာက ရုတ်တရက်ပြုတ်ကျလာတယ်။ အဲ့ဒီမှာ သူတို့ သုံး ယောက်က မလွတ် မြောက်ဘဲနဲ့ ကျဆုံးသွားတယ်။ သူတို့က လုံးဝကို တည့်တည့်ကြီးကျမိသွားပြီး ဆေးကုခွင့်တောင် မရဘဲ အသက်ဆုံးသွားတယ်။ ခန္ဓာကိုယ်ကလည်း လုံးဝကိုယိုယွင်းတဲ့အနေအထားဖြစ်သွားတယ်”ဟု အညာမြေ တပ်ပေါင်းစု၏ ပြောရေးဆိုခွင့်ရှိသူ ကိုဘိုဘိုသန့်ဇင်က ပြောသည်။ 

သေဆုံးသူများသည် အညာမြေတပ်ပေါင်းစု၏ တပ်စိတ်မှူး အသက် ၂၀ အရွယ် ရဲဘော်သေမင်း၊ God of Myaning အဖွဲ့မှ အသက် ၁၈ နှစ်အရွယ် ရဲဘော်ဗလ နှင့် PI PDF အဖွဲ့မှ အသက် ၃၄ နှစ်အရွယ် ရဲဘော် နိုင်ကြီးတို့ ဖြစ်သည်။  

အညာမြေတပ်ပေါင်းစုအဖွဲ့သည် ဒေသတွင်းတော်လှန်ရေးအင်အားစု ငါး ခု စုဖွဲ့ထားသည်။ ပခုက္ကူ၊ မြိုင်၊ ပေါက် ဆိပ်ဖြူ စသည့်မြို့နယ်များတွင် စစ်ရေးလှုပ်ရှားမှုများ အဓိကဖော်ဆောင်ပြီး မဟာမိတ်ဖွဲ့ထားသည့် တော်လှန်ရေးအင်အားစုများနှင့်လည်း ပူးတွဲတိုက်ခိုက်မှုများလည်းရှိသည်။  

တိုက်ခိုက်ခံရမှုတွင် စက်တင်ဘာလ ၁၉ ရက်နေ့က ပခုက္ကူမြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့တစ်ခုမှ လက်နက် ငါး လက်နှင့် အတူ စစ်တပ်ထံ ဘက်ပြောင်းခိုလှုံသွားသည့် ရဲဘော် လေး ဦးနှင့်  ဆက်စပ်နိုင်ဖွယ် ရှိကြောင်း ကိုဘိုဘိုသန့်ဇင်က သုံးသပ်သည်။ 

ယနေ့ နံနက်တွင် အညာမြေတပ်ပေါင်းစုက ဈာပနအခမ်းအနား ပြုလုပ်နေကြစဉ်။ (ဓာတ်ပုံ-အညာမြေတပ်ပေါင်းစု)

မြေပြင်တွင် စစ်တပ်စစ်ကြောင်းလည်းမရှိသလို စစ်ရေးလှုပ်ရှားမှု တစ်စုံတစ်ရာမရှိဘဲ စခန်းနေရာကို အတိအကျရပြီး  ဦးတည်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ 

“အဲ့ဒီရဲဘော်တွေကလည်း ကျွန်တော်တို့စခန်း လိုကေးရှင်း (တည်နေရာ) ဘယ်နားရှိလဲ ဆိုတာကိုသိတယ်။ သူတို့ရဲ့ သတင်းပေးမှုကနေ ဒီလိုဖြစ်သွားတယ်လို့ကောက်ချက်ချပါတယ်။ အဲ့ဒီနေရာကို တည့်တည့်လာတယ်။ တည့်တည့်ဖြုတ်ချတယ်” ဟု ၎င်းကဆိုသည်။ 

ထိုသို့ ဘက်ပြောင်းခိုလှုံမှုကြောင့်လုံခြုံရေးအရ စခန်းနေရာကိုရွှေ့ရန် ပြင်ဆင်နေစဉ်အချိန်မှာပင် လေကြောင်းတိုက်ခိုက်မှုနှင့် ကြုံခဲ့ရခြင်းဖြစ်သည်။ 

“တစ်နေရာကို လိုကေးရှင်း (Location) ပြောင်းလိုက်တော့မယ်လို့ ဆွဲထားပြီးသား။ အဲ့ဒီမှာပဲ ည ၈ နာရီ လောက်ဆို ရွှေ့တော့မယ်လို့ လျာထားပြီး မတိုင်ခင်လေးမှာပဲ ဒီလိုမျိုးဖြစ်သွားတာ”ဟု ၎င်းက ဆိုသည်။ 

ရုပ်အလောင်းများကို ယမန်နေ့ညတည်းက ကောက်ယူနိုင်ခဲ့ပြီး လေကြောင်းအန္တရာယ်အရ ယနေ့ နံနက် ၈ နာရီဝန်းကျင်တွင် ဈာပနကျင်းပကာ သေနတ်ပစ်ဖောက်ဂုဏ်ပြုခဲ့ပြီး မီးသင်္ဂြိုဟ် ခဲ့ကြောင်းသိရသည်။ 

ကျဆုံးသွားသည့် ရဲဘော်နိုင်ကြီးတွင် ကလေး နှစ် ယောက်ကျန်ရစ်ပြီး တော်လှန်ရေးစတင်ချိန်ကတည်းကပင် တစိုက်မတ်မတ်ပါဝင်လာသည့် တိုက်ခိုက်ရေးရဲဘော်ဖြစ်ပြီး ရဲဘော် သေမင်းမှာ ဆိပ်ဖြူ လက်ဆည် တိုက်ပွဲ၊ ပခုက္ကူ အနောက်မန်ကျည်းကန်စသည့် တိုက်ပွဲများတွင် ဦးဆောင်တိုက်ခိုက်ခဲ့သူ ဖြစ်ပြီး အမိန့်နာခံမှုကောင်းပြီး ဖြတ်ထိုးဥာဏ်ကောင်းသူဖြစ်ကြောင်း ၊ ရဲဘော်ဗလမှာ ရှမ်းမြောက် စစ်မြေပြင်မှ ပြန်ရောက်လာသည်မှာ ငါးလ ခန့်သာရှိသေးကြောင်းသိရသည်။

စစ်တပ်၏ အရှိန်မြှင့်လာသော လေယာဉ်၊ ဒရုန်း၊ လေထီး စသော လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံများ ထိခိုက် သေဆုံးမှုများရှိသလို တော်လှန်ရေးအဖွဲ့ဝင်သေဆုံးမှုများလည်း ရှိနေသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမရွာတွင် တပ်စွဲထားသည့် စစ်တပ် အား တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်စဉ် ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ULF စစ်ကြောင်း) ၏ စစ်ကြောင်းမှူးကိုနိုင်မင်း လေယာဉ်ဗုံးစထိမှန် သေဆုံး ခဲ့သည်။ 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှ အညာမြေတပ်ပေါင်းစုစခန်းတစ်ခု လေကြောင်းတိုက်ခိုက်မှုအတွင်း ကျဆုံးခဲ့သည့်ရဲဘော်များ၏ ဈာပန အခမ်းအနားကို စက်တင်ဘာ ၂၉ ရက် နံနက်က ကျင်းပစဉ်။ (ဓာတ်ပုံ – အညာမြေတပ်ပေါင်းစု)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button