သတင်း

စစ်တပ်ကြောင့် မြစ်သာမြစ်တစ်လျှောက် ပြည်သူ့အသက် အိုးအိမ်များဆုံးရှုံးနေ

မကွေးတိုင်း ဂန့်ဂေါနှင့် စစ်ကိုင်းတိုင်း ကလေးမြို့နယ်စပ် မြစ်သာမြစ်တစ်လျှောက် ရွာစဉ်လှည့် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ဒေသခံတစ်ဦးကို ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့သလို ပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီးခဲ့သည်ဟု သတင်းရင်းမြစ်အချို့က အတည်ပြုသည်။

စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားပြီး မြစ်သာမြစ်အရှေ့ခြမ်း၊ ကလေးမြို့နယ်၊ ကျောက်ပြုတ်ရွာကို အခြေပြုသည့် အရပ်ဝတ်လက်နက်ကိုင် (ပျူစောထီး) နှင့် စစ်တပ် ပူးပေါင်းအင်အား ၁၀၀ ကျော်က ထိုဒေသအတွင်း ဇွန် ၃၀ ရက်မှ ယမန်နေ့ (ဇူလိုင် ၅) အထိ စစ်ရေးလှုပ်ရှားနေခြင်းဖြစ်ကြောင်း သိရသည်။

ထိုစစ်ကြောင်းသည် ဇူလိုင် ၄ ရက်နေ့တွင် စစ်ကိုင်းတိုင်းဘက်အခြမ်း မြစ်အနောက်ဘက်ကမ်းရှိ ရေရှင်ရွာကို ဝင်ရောက် စီးနင်းစဉ် အသက် ၃၅ နှစ်အရွယ် ကိုမုန်းဖေကို နှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း၊ နှစ်ရက်အကြာ (ဇူလိုင် ၆) စစ်တပ် ပြန်ထွက်သွားချိန်မှ ရုပ်အလောင်းကို ကောက်ယူသင်္ဂြိုဟ်နိုင်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ရွာထဲမှာ မိပြီး (ဒေသကာကွယ်ရေးအဖွဲ့ PDF) စခန်းတွေဘာတွေကို မေးတဲ့အချိန်မှာ မဖြေလို့ သတ်တာထင်တယ်။ လည်ပင်းမှာ ပဝါစကို ဆွဲထားတာ။ မျက်နှာသုတ်ပဝါစကို လည်ပင်းမှာ တင်း‌နေအောင် ဆွဲပြီးတော့ စစ်မေးပြီးတော့ သေနတ်နဲ့ ပစ်သတ်သွားတဲ့ပုံရှိတယ်” ဟု အလောင်းကို ကိုယ်တိုင်တွေ့ခဲ့သည့် ထိုသူက ပြောသည်။

“ကျွန်တော်တို့ ရောက်သွားတော့ အနားကပ်ဖို့က သိပ်အဆင်မပြေဘူး။ အနံ့က တအားထွက်နေပြီ” ဟု အထက်ပါ ဒေသခံက ဆက်ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဇူလိုင် ၅ ရက်နေ့က ချောင်းခွရွာကို စီးနင်းပြီး နောက်တစ်ရက်တွင် တောင်ခင်ရန်းရွာရဲစခန်းသို့ ဝင်ရောက်သွားကြောင်း အမည်မဖော်လိုသည့် အခြားဒေသခံအချို့ကလည်း အတည်ပြုသည်။

စစ်ကောင်စီစစ်ကြောင်းသည် ကျေးရွာများကို စီးနင်းစဉ် မြင်သားရွာမှ နေအိမ်အချို့နှင့် နှမ်းခါးရွာမှ ဆိုင်ကယ် ၄ စီးကိုလည်း မီးရှို့ခဲ့ကြောင်း၊ နေအိမ်များကို မွှေနှောက်၊ ကြက်၊ ဝက်များကို သတ်ဖြတ် စားသောက်ရုံမျှမက စစ်ရှောင်များ စုဆောင်းထားသည့် ဆန်အိတ်များကိုပါ ဖျက်ဆီးခဲ့ကြောင်း‌ ၎င်းတို့က ပြောသည်။

“စစ်ဘေးရှောင်တွေက တစ်နှစ်စာ စုထားတာတွေ။ ဆန်တွေ တအားများလွန်းလို့ PDF တွေဟာ ထင်ပြီး ဖျက်ဆီးသွားတယ်။ ဆန်တွေ အိတ် ၄၀ လောက်ရှိတယ်။ တချို့ကျတော့ တောထဲက လွတ်ကင်းရာ တဲတစ်တဲကို သူ့အမျိုး၊ ကိုယ့်အမျိုးရယ်လို့ ပို့ထားတာရှိတယ်။ ရွာထဲမှာ အထားနည်းတယ်” ဟု စစ်ဘေးရှောင်များအရေးကူညီနေသည့် အသက် ၃၀ ဝန်းကျင်အရွယ် ဒေသခံက ပြောသည်။

စစ်ကောင်စီ တပ်စွဲထားသည့် တောင်ခင်ရန်းရွာရဲစခန်း ဇွန် ၂၉ ရက်က တိုက်ခိုက်ခံရပြီးနောက် PDF အားကောင်းသည်ဟု ယူဆသည့် မြစ်သာမြစ်တစ်ကြောကျေးရွာများကို စစ်တပ်က ဝင်မွှေခြင်းဖြစ်မည်ဟု အထက်ပါ သတင်းရင်းမြစ်များက သုံးသပ်သည်။

ကလေးနှင့် ဂန့်ဂေါနယ်ရှိ မြောက်ခင်ရန်း၊ ကုက္ကား၊ ဟံသာဝတီ၊ လယ်ကြီးနှင့် ကျောက်ပြုတ်ရွာတို့တွင် ပျူစောထီးအဖွဲ့ အားကောင်းပြီး အနီးအနားကျေးရွာများကို မကြာခဏ ဝင်ရောက်ဖျက်ဆီးတတ်၍ လူငယ်လူရွယ်များမှအပ သက်ကြီး ရွယ်အိုများမှာ နီးစပ်ရာတောများတွင် လွန်ခဲ့သည့် လေးလဝန်းကျင်ကတည်းက ရှောင်တိမ်းနေရသည်ဟု ၎င်းတို့ထံမှ သိရသည်။

စစ်ကောင်စီနှင့် ပျူစောထီးရန်ကြောင့် ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှ ကျေးရွာ ၁၂ ရွာမှ ဒေသခံ ထောင်နှင့်ချီပြီး ရှောင်တိမ်းနေရကြောင်း၊ ဆေးဝါးလိုအပ်ချက် အခက်အခဲသာမက ကုသပေးမည့် ကျန်းမာရေးဝန်ထမ်း ဆရာဝန်၊ ဆရာမများလိုအပ်နေကြောင်း စစ်ရှောင်များအရေး ကူညီနေသည့် အထက်ပါ သတင်းရင်းမြစ်က ပြောသည်။ 

“မနေ့ကဆို တော်တော်လေးဒုက္ခရောက်တယ်။ စစ်ကြောင်းက တောတောင်တွေထဲထိ လိုက်ပြီး ထိုး (စစ်ရေးလှုပ်ရှား) တော့ တော်တော်ဒုက္ခရောက်တယ်။ မိုးကလည်း ရွာတယ်။ တချို့ဆို လှည်းတွေ၊ ဆိုင်ကယ်တွေ ထားပြီး ပြေးရတယ်” ဟု ၎င်းက ပြောသည်။

“နောက်က လိုက်ပစ်တာဆိုတော့။ သူတို့က လူစုစုမြင်ရင် ပစ်တာပဲ။ ရှင်းလင်းရေးလုပ်တဲ့သဘော နေမှာ။ တောထဲဝင်တာနဲ့ တောက်လျှောက်ပစ်တာ” ဟု ထိုဒေသခံက ဆက်ပြောသည်။ 

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီက ထုတ်ပြန်ပြောဆိုခြင်း မရှိသေးသလို သီးခြားအတည်ပြု၍ မရသေးပါ။

အရပ်သားအစိုးရကို ဖြုတ်ချ၍ စစ်တပ်က အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော်အတွင်း နိုင်ငံအနှံ့ ခုခံမှုများ မြင့်တက်နေရာ တော်လှန်ရေးနှင့် နှစ်ပေါင်းများစွာ အလှမ်းဝေးသည့် မြန်မာနိုင်ငံအလယ်ပိုင်းမှ စစ်ကိုင်းနှင့် မကွေးတိုင်းတို့သည်လည်း ရှေ့တန်းမှ ပါဝင်နေသည်။

ရရာလက်နက်ဖြင့် ခုခံနေသည့် ထိုဒေသများတွင် စစ်ကောင်စီက လေကြောင်းပါ သုံး၍ တုံ့ပြန်တိုက်ခိုက်နေသလို ရွာစဉ်လှည့် မီးရှို့မှုများ၊ အစုအပြုံလိုက်သတ်ဖြတ်မှုများ မကြာခဏ ပြုလုပ်နေသည်။

အရပ်ဘက်အချက်အလက်ကောက်ယူရေးအဖွဲ့ Data For Myanmar ၏ ဇွန်လဆန်းစာရင်းအရ နိုင်ငံအနှံ့တွင် စစ်ကောင်စီလက်ချက်ဖြင့် မီးလောင်သည့် ပြည်သူပိုင်အိုးအိမ် ၁၉,၀၀၀ နီးပါးရှိကာ ၁၇,၀၀၀ နီးပါးမှာ စစ်ကိုင်းနှင့် မကွေးတိုင်းတို့မှ ဖြစ်ကြောင်း တွေ့ရသည်။

မီးရှို့မှု၊ သတ်ဖြတ်မှုများမှာ ၎င်းတို့ လက်ချက်မဟုတ်ဟု စစ်ကောင်စီက ငြင်းလေ့ရှိသည်။ သို့သော် ၂၀၁၆၊ ၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်အတွင်း အလားတူကျူးလွန်မှုမျိုးဖြင့် စစ်ကောင်စီမှာ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် အမှုရင်ဆိုင်နေရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button