ဆောင်းပါး

အမျှမဝေနိုင်၊ သပိတ်မသွတ်နိုင်၊ ရေစက်မချနိုင် 

သဘာဝလွန်ဖြစ်ရပ်များကို ယုံကြည်လေ့မရှိသော မုန်တိုင်ပင်ရွာသား ကိုလင်း*သည်  ကြုံတွေ့နေရသည့် အဖြစ်အပျက်များအပေါ် ဝေခွဲမရဖြစ်နေသည်။ 

လွန်ခဲ့သော နှစ်လနီးပါးက သေဆုံးခဲ့သူများ မကျွတ်မလွတ်ဖြစ်နေသည်ဟု စစ်ကိုင်းတိုင်း ရေဦးမြို့နယ်မြောက်ဘက်ရှိ မုန်တိုင်ပင်ရွာသူရွာသားများ ယုံကြည်နေခြင်းဖြစ်သည်။ ရွာအရှေ့ပိုင်းမှ ခွေးအူသံများ ကြားရသည်၊ အနံ့အသက်များရသည်၊ အရိပ်အယောင်တွေ့ရသည်ဆိုကာ နေရဲသူမရှိ ဖြစ်နေသည်။

မေလ ၁၀ ရက်နေ့က မုန်တိုင်ပင်ရွာကို စစ်တပ် ဝင်ရောက်စီးနင်းစဉ် ရွာသူရွာသား ၃၀ နီးပါးကို သတ်ဖြတ်ခဲ့သည်။ စစ်တပ်ပြန်ထွက်သွားပြီးနောက် မူးမြစ်ကမ်းဘေးရွာတွင် မီးရှို့ထားသည့် ရုပ်အလောင်းများ တွေ့ရှိရသည်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရခြင်းဖြစ်သည်။

ရုပ်အလောင်းများကို မြေချပြီးသော်လည်း နှစ်လနီးပါးကြာသည်အထိ ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာအရ ရေစက်ချအမျှဝေခြင်း၊ ဆွမ်းသွတ်ပေးနိုင်ခြင်း မရှိသေးပေ။ သတ်ဖြတ်ခံရသူများ၏ ဝိညာဉ်များ မကျွတ်မလွတ်ဖြစ်နေသည်ဟု မုန်တိုင်ပင်ရွာသူရွာသားတို့ ယုံကြည်နေသည်။ 

အလောင်းများတွေ့ပြီး တစ်ပတ်အတွင်း ဆွမ်းသွတ်အမျှဝေရန် ကြိုးစားခဲ့သော်လည်း စစ်တပ်က စစ်ကြောင်းထိုးလာပြန်သဖြင့် ယနေ့အချိန်အထိ မလုပ်နိုင်သေးကြောင်း ကိုလင်းက ပြောသည်။ 

“ဝိညာဉ်တွေအားလုံးကို လွတ်အောင်ကျွတ်အောင် အလှူဒါနလုပ်မယ်၊ ကုသိုလ်ပြုမယ်၊ ရွာကိုလည်း ပရိတ်နာမယ်။ ပရိတ်သဲပက်မယ်ပေါ့။ အဲဒီလို အစီအစဉ်ဆွဲထားတယ်” ဟု သူက ပြောသည်။ 

မုန်တိုင်ပင်ရွာမှ သေဆုံးသူ ၂၈ ဦးအတွက် မေတ္တာပို့ အမျှဝေကာ ပရိတ်ရွတ်ပေးနိုင်ရန် ရွာသူရွာသားများ လိုလားနေကြသည်။ မုန်တိုင်ပင်ရွာကို စွန့်ခွာပြီးနောက် အခြားမြို့ရွာများသို့ ရောက်ရှိနေသော မိသားစုဝင်များအနေဖြင့်လည်း သေဆုံးသူများနာရေးကို အကျဉ်းချုံးသာ လုပ်ပေးနိုင်ကြသည်။

သေဆုံးများကို ရည်စူးအမျှဝေပေးနိုင်ရန် ကျေးရွာခေါင်းဆောင်များ စီစဉ်နေကြောင်း၊ မီးလောင်ထားသည့်အိမ်များတွင် သေဆုံးသူတို့၏ အရိုးစုများ ကျန်ရှိနေနိုင်ကြောင်း၊ မြေဖို့ သန့်ရှင်းရေးလုပ်ရမည်ဖြစ်ကြောင်းလည်း မုန်တိုင်ပင်ရွာသား ကိုလင်းထံမှ သိရသည်။

ရင်နာတယ်။  သူတို့ (စစ်တပ်) လာရင် လွတ်အောင်သာ ပြေးကြပါ။ မပြေးနိုင်ရင်တော့ သူတို့လက်မှာ ဒုက္ခရောက်ရမယ်။ ကျွန်မယောက်ျား ကြုံရသလို ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်တာမျိုးနဲ့ ကြုံရလိမ့်မယ်

မုန်တိုင်ပင်ရွာကို စစ်တပ်ဝင်စီးစဉ် ဒေသခံ ၁၀၀ ကျော် အဖမ်းခံရသည်။ ထိုအထဲမှ မုန်တိုင်ပင်ရွာသား ၂၈ ဦး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရခြင်းဖြစ်သည်။ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့ဝင် ၃ ဦးလည်း အသတ်ခံရသည်။ စုစုပေါင်း ၃၁ ဦးဖြစ်သည်။

သတ်ဖြတ်ခံရသူများအနက် ၁၆  ဦး၏ ဓာတ်ပုံများကို Myanmar Now က ရရှိထားသည်။ 

စစ်တပ်ဝင်ရောက်စီးနင်းစဉ် အဖမ်းခံရသော်လည်း အသက်မသေဘဲ လွတ်မြောက်လာသူ ၅ ဦးကို ဆက်သွယ်မေးမြန်းချက်အရ ၂၈ ဦးမှာ မေ ၁၁ ရက်တွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရခြင်း ဖြစ်သည်။ 

မုန်တိုင်ပင်ရွာ အရှေ့ပိုင်းရှိ နေအိမ်များတွင် တွေ့ရှိရသော မီးလောင်ကျွမ်းထားသည့် ရုပ်အလောင်းများ။ (ဓာတ်ပုံများ – Supplied) 

“သူတို့လာရင် လွတ်အောင်သာ ပြေးကြ”

မုန်တိုင်ပင်ရွာကို စစ်တပ်ဝင်စီးနင်းသည့် မေ ၁၀ နံနက်ပိုင်းက အသက် ၅၀ အရွယ် ဒေါ်သင်းကြည် နေအိမ်တွင် ရှိနေသည်။ အဆက်မပြတ်ထွက်ပေါ်လာသော ပစ်ခတ်သံများကြောင့် နေအိမ်တွင် မနေရဲတော့ဘဲ ရွာဘုန်းကြီးကျောင်းဘက် ထွက်ပြေးခဲ့သည်။

ဘုန်းကြီးကျောင်း ပိဋကတ်တိုက်အောက်တွင် ဒေါ်သင်းကြည်နှင့် ခင်ပွန်းဖြစ်သူ ဦးသိန်းအောင်တို့ အတူတကွ ပုန်းအောင်းနေကြသည်။ ကျောင်းဝင်းအတွင်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲသည်။ ပိဋကတ်တိုက်နံရံကို ကျည်ဆန်ထိမှန်သံများလည်း အတိုင်းသားကြားနေရသည်။ 

အချိန်သိပ်မကြာလိုက်ပေ။ အင်အား ၇၀ ကျော်ရှိ စစ်တပ်က မုန်တိုင်ပင်ရွာဘုန်းကြီးကျောင်းကို စီးနင်း သိမ်းပိုက်လိုက်သည်။ ဒေါသူပုန်ထနေသော စစ်သားများသည် ရွာသူရွာသားများကို အမျိုးသားနှင့် အမျိုးသမီး အုပ်စုခွဲကာ ရိုက်နှက်စစ်ဆေးတော့သည်။

အဲဒီညကတည်းက ကျွန်မတို့ကို အစားအသောက်တွေ ကျွေးပြီးတော့ သတ်ပစ်တော့မယ်၊ သေပြီလို့ပဲ ထင်ထားတယ်။ ဘုရားတရား အောက်မေ့နေရတာပဲ

ဒေါ်သင်းကြည်၏ခင်ပွန်း ဦးသိန်းအောင်လည်း အဖမ်းခံရသည်။ ဘုန်းကြီးကျောင်းတွင် အတူတူပုန်းအောင်းနေရင်း အဖမ်းခံရခြင်းဖြစ်သည်။ ထိုနေ့သည် ဦးသိန်းအောင်ကို နောက်ဆုံးတွေ့လိုက်ရခြင်း ဖြစ်သည်။ ဦးသိန်းအောင်အပါအဝင် အသက် ၂၀ မှ ၅၀ ကြားရှိ ရွာသား ၂၈ ဦးကို စစ်တပ်က သတ်ဖြတ်ခဲ့သည်။

“ရင်နာတယ်။ သူတို့ (စစ်တပ်) လာရင် လွတ်အောင်သာ ပြေးကြပါ။ မပြေးနိုင်ရင်တော့ သူတို့လက်မှာ ဒုက္ခရောက်ရမယ်။ ကျွန်မယောက်ျား ကြုံရသလို ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်တာမျိုးနဲ့ ကြုံရလိမ့်မယ်” ဟု ဒေါ်သင်းကြည်က ပြောသည်။

အတွဲလိုက်ထုတ်သတ် 

မေလ ၁၀ ရက်နေ့ နံနက်ပိုင်းအစောပိုင်း ၆ နာရီခန့်တွင် မုန်တိုင်ပင်ရွာအနီး ရောက်လာသော စစ်တပ်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) က မိုင်းဆွဲတိုက်ခိုက်သည်။ အပြန်အလှန်ပစ်ခတ်ပြီး ပ.က.ဖ အဖွဲ့ ပြန်ဆုတ်သွားချိန်တွင် အနီးဆုံးရှိ မုန်တိုင်ပင်ရွာကို စစ်တပ်က ဝင်စီးခြင်းဖြစ်သည်။​

လက်နက်ကြီးလက်နက်ငယ်များ ပစ်ခတ်ဝင်ရောက်လာသဖြင့် လွတ်မည်ထင်ရာ ရွာဘုန်းကြီးကျောင်းထဲ ပြေးပုန်းရာမှ ရာနှင့်ချီ အဖမ်းခံရခြင်းဖြစ်သည်ဟု မုန်တိုင်ပင်ဒေသခံတို့က ဆိုသည်။ 

ဖမ်းဆီးထားသူများထဲမှ အသက် ၆၀ ကျော်အရွယ် အမျိုးသား ၈ ဦးကို စစ်တပ်က ပြန်လွှတ်ပေးခဲ့သည်။ ထိုသူများတွင် ဦးမြင့်* ဆိုသူလည်း အပါအဝင်ဖြစ်သည်။

မုန်တိုင်ပင်ရွာ ဘုန်းကြီးကျောင်းတွင် ရွာသားများကို နောက်ပြန်ကြိုးတုပ်လျက် စစ်တပ်က ဖမ်းဆီး ထားစဉ်။ (ဓာတ်ပုံ​ – Supplied) 

ရွာကို စီးနင်းပြီးနောက် စစ်တပ်က အမျိုးသမီးများကို သက်သက်ခွဲထားကာ အမျိုးသားများကို ငါးယောက်တစ်တွဲ လက်ပြန်ကြိုးတုပ်ထားကြောင်း၊ ညှဉ်းပန်းနှိပ်စက်ကာ စစ်ဆေးမေးမြန်းကြောင်း ဦးမြင့်က ဆိုသည်။ 

“PDF တွေကို ထောက်ပံ့တယ်ဆိုပြီးတော့ မပြောနိုင်လို့ ရိုက်တာခင်ဗျ။ ရှိရမယ်၊ ဘယ်မှာနေသလဲ၊ ဘယ်နှယောက်လဲလို့ မေးတယ်ခင်ဗျ။ မသိတော့ သူတို့က ရိုက်တယ်ခင်ဗျ” ဟု သူက ပြောသည်။ 

ရွာကို ဝင်စီးပြီး နောက်တစ်ရက်ဖြစ်သော မေလ ၁၁ ရက် နံနက်ပိုင်းတွင် ဖမ်းဆီးထားသူများထဲမှ ၁၀ ဦးတစ်တွဲ၊ ၁၈ ဦးတစ်တွဲ ခေါ်ထုတ်ကာ သတ်ဖြတ်ခြင်းဖြစ်သည်ဟုလည်း ဦးမြင့်က ဆက်ပြောသည်။

“နောက်ပြန်ကြိုးတုပ်ပြီးတော့ မျက်စိပိတ်ထားတယ်” 

မုန်တိုင်ပင်ရွာမှ စစ်တပ်ထွက်သွားပြီးနောက် မေ ၁၂ ရက် ညပိုင်းတွင် ဦးမြင့်နှင့်အတူ အခြားအမျိုးသား ၇ ဦး ပြန်လည်လွတ်မြောက်ခဲ့သည်။

စစ်တပ်က ဖမ်းဆီးခဲ့သူများတွင် အမျိုးသမီး ၇၅ ဦးခန့်ရှိပြီး အစာမကျွေးဘဲ သုံးရက်ကြာ ပိတ်လှောင်ထားကြောင်း ပြန်လွတ်လာသူများထံမှ သိရသည်။ ညှဉ်းပန်းရိုက်နှက်သံများ၊ နာနာကျင်ကျင် အော်ဟစ်သံများအပြင် မီးလောင်နေသည်များကို မြင်တွေ့ရပြီး စစ်တပ်က လာခေါ်သတ်မည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ရသည်ဟု အဖမ်းခံခဲ့ရသူ အမျိုးသမီးတစ်ဦးက ပြောသည်။​  

“အဲဒီညကတည်းက ကျွန်မတို့ကို အစားအသောက်တွေ ကျွေးပြီးတော့ သတ်ပစ်တော့မယ်၊ သေပြီလို့ပဲ ထင်ထားတယ်။ ဘုရားတရား အောက်မေ့နေရတာပဲ” ဟု ထိုအမျိုးသမီးက ပြောသည်။ 

စစ်ကိုင်းတိုင်းအတွင်း စစ်တပ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်သည့် အထောက်အထားများ၊ လူသတ်ရသည်ကို ကျေကျေနပ်နပ်ဖြစ်နေသော စစ်သားများကိုယ်တိုင် ထုတ်ဖော်ပြောဆိုထားသည့် ရုပ်သံနှင့် ဓာတ်ပုံမှတ်တမ်းများကို RFA သတင်းဌာနက ဇွန် ၁၇ တွင် ထုတ်လွှင့်ခဲ့သည်။​

“မယုံဘူးလား၊ မယုံရင် လာကြည့်။ သတ်တဲ့နေရာမှာ ကျွန်တော်က Expert (ကျွမ်းကျင်အဆင့်)၊ ငယ်ငယ်လေးကတည်းက သတ်တာကို ဝါသနာပါတာ” ဟု စစ်သားတစ်ယောက်က ဂုဏ်ယူဝင့်ကြွားထားသည်။

ဘုန်းကြီးကျောင်းတစ်ခုတွင် ရောက်နေသော စစ်သားသုံးဦး အပြန်အလှန်ပြောဆိုရာတွင် မည်သို့မည်ပုံသတ်ဖြတ်ကြောင်း၊ အပိုင်းပိုင်း ခုတ်ထစ်သတ်ဖြတ်ကြောင်းများလည်း ပါဝင်သည်။​ 

စစ်သားများကိုယ်တိုင် ရိုက်ကူးထားသည့် ထိုရုပ်သံမှတ်တမ်းပါ မိုဘိုင်းဖုန်းကို ကောက်ရသည့် ဒေသခံတစ်ဦးက RFA သတင်းဌာနကို ပေးပို့ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးအင်အားစုတစ်ခုကလည်း အဆိုပါ ဓာတ်ပုံနှင့် ရုပ်သံမှတ်တမ်းများကို Myanmar Now ထံ ပေးပို့ထားသည်။

ဓာတ်ပုံတစ်ခုတွင် အဆောက်အအုံကြမ်းခင်းပြင်၌ လက်ပြန်ကြိုးတုပ်နှောင်ထားသည့် အမျိုးသား ၃၀ နီးပါးကို တွေ့ရသည်။ အများစုက အပေါ်ပိုင်း ဗလာကျင်းလျက်ဖြစ်သည်။ အနီးတွင် စစ်ဦးထုပ်အချို့၊ တိုင်မှီထောင်ထားသော ရိုင်ဖယ်သေနတ်တစ်လက်၊ မလှမ်းမကမ်းတွင် စောင့်ကြပ်နေသော လက်နက်ကိုင်စစ်သားအချို့လည်း တွေ့ရသည်။

ထိုဓာတ်ပုံမှာ မုန်တိုင်ပင်ရွာဘုန်းကြီးကျောင်းတွင် ရိုက်ကူးထားခြင်းဖြစ်သည်ဟု အသက် ၄၅ နှစ်အရွယ် ရွာသားတစ်ဦးက ပြောသည်။

“ဒီဓာတ်ပုံထဲမှာ ပါတဲ့သူတွေအားလုံးကို ဘယ်ဟာဘယ်သူဆိုတာကို ကျွန်တော် အားလုံးသိတယ်။ လက်ရှိမြင်တာထဲကတော့ ကိုညိုစိုးလင်းတစ်ယောက်ပဲ မြင်တာ။ ကျန်တဲ့ဟာတွေကတော့ သေဆုံးပြီးသားသူတွေပါပဲ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုသူက ပြောသည်။ 

ဒီလောက်ထိ ရက်ရက်စက်စက်လုပ်တဲ့ စစ်တပ်ကို မုန်းတီးရွံရှာသလားလို့ မမေးပါနဲ့။ ကိုယ်မွေးထားတဲ့ သားသမီးတွေကို စစ်တပ်ဆိုတဲ့ အသံကို ကြားရင် သူတို့ မုန်းတတ်လာအောင်ကို သင်ပေးထားမယ်လို့ အောက်မေ့တာပါပဲ။

စစ်ကောင်စီစစ်သားများ သွားလာလှုပ်ရှားနေသည်များ၊ သွေးသံရဲရဲ သတ်ဖြတ်ထားသည့် အစုလိုက်အပြုံလိုက် ရုပ်အလောင်းများလည်း ဓာတ်ပုံများတွင် တွေ့ရှိရသည်။

အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ RFA သတင်းဌာနက ဆက်သွယ်မေးမြန်းရာတွင် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက စုံစမ်းစစ်ဆေးပြီးမှသော ပြောနိုင်မည်ဖြစ်ကြောင်း တုံ့ပြန်ထားသည်။ 

ဘုန်းကြီးသုံးပါး ဓားစာခံအဖြစ် အဖမ်းခံခဲ့ရ 

မုန်တိုင်ပင်ရွာမှ ပြန်ထွက်သွားချိန်တွင် စစ်တပ်က ဘုန်းကြီးသုံးပါးကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည်။ အဖမ်းခံရသူများတွင် ဦးခေမိန္ဒဆိုသူ သံဃာတစ်ပါးကိုသာ ဘွဲ့အမည်အတိအကျ သိရသေးသည်။

အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် ထိုစစ်ကြောင်း ရေဦးမြို့ပေါ်အရောက်တွင် ထိုဘုန်းကြီးသုံးပါး ဘုန်းကြီးကျောင်းတစ်ကျောင်းသို့ ရောက်လာကြောင်း ရေဦးမြို့မှ ကျောင်းထိုင်ဆရာတော်တစ်ပါးထံမှ သိရသည်။

“ဒကာတစ်ယောက်က လာပို့တယ်။ သူကလဲ အရပ်ဝတ်နဲ့ပဲ။ လာပို့ပြီးတော့ သူ့ဘာသာသူ ပြန်သွားတာပါပဲ။ အစောင့်အရှောက်တော့ မရှိပါဘူး” ဟု ထိုဘုန်းကြီးက ဆိုသည်။

ထို့နောက် ငါးရက်ခန့်အကြာတွင် ထိုဘုန်းကြီးသုံးပါးကို စစ်တပ်အရာရှိအချို့ လာရောက်ခေါ်ဆောင်ကာ နေပြည်တော်ရှိ ဦးခေမိန္ဒ၏ အစ်ကိုတော်စပ်သူ ကျောင်းထိုင်ရာသို့ ထပ်ဆင့်ပို့ဆောင်လိုက်သည်ဟုလည်း ရေဦးမြို့ပေါ်မှ ကျောင်းထိုင်ဆရာတော်က မိန့်သည်။ 

“အဲဒီနေ့က သူတို့က လာကန်တော့သွားတာ။ လမ်းစရိတ်တောင်မှ ထောက်ပေးလိုက်သေးတယ်။ ဗိုလ်မှူးတွေနေမှာပေါ့ ဒကာရယ်။ လာကန်တော့ပြီးတော့ ကားလေးနဲ့ ရွှေဘိုအထိအောင် လိုက်ပို့လိုက်တာ” ဟု သူက ဆက်မိန့်သည်။

မုန်တိုင်ပင်ရွာခံများဆန္ဒ

ရေဦးမြို့နယ် မူးမြစ်ကမ်းဘေးမှ ရွာသူရွာသားများက ခြောက်ခြားစရာကောင်းလှသော အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကြီးကို ၎င်းတို့ ကြုံတွေ့လိုက်ရခြင်းမှာ ကာကွယ်ရေးအဖွဲ့များတွင် တိုက်ပွဲဝင်လက်နက်မရှိခြင်းကြောင့်ဖြစ်သည်ဟု ဆိုကြသည်။

လက်နက်အင်အား မမျှသဖြင့် စစ်ကောင်စီတပ်ကို ရင်ဆိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် လက်နက်တပ်ဆင်ပေးရန် မုန်တိုင်ပင်ရွာသားများ လိုလားနေကြသည်။

“ပြောချင်တာကတော့ NUG က နာမည်ရတဲ့ အဖွဲ့ကြီးတွေကိုပဲ ထောက်ပံ့နေတယ်။ NUG ရဲ့ ထောက်ပံ့မှုတွေကို ဘာမှ မရသေးဘူး။ တိုက်ပွဲတိုင်းမှာ ဖြစ်နေတာက ကျွန်တော်တို့ Local (ဒေသခံ) တွေပဲ” ဟု မုန်တိုင်ပင်ရွာသားတစ်ဦးက ပြောသည်။ 

လက်နက်အင်အားကွာဟမှုကြောင့် အခက်အခဲဖြစ်နေကြောင်း လက်နက်လိုအပ်ချက်ကို ဖြည့်ဆည်းပေးမှသာလျှင် ဒေသခံကာကွယ်ရေးအဖွဲ့များ အသက်ဆက်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။  

ခင်ပွန်းဖြစ်သူကို ဆုံးရှုံးလိုက်ရသူ ဒေါ်သင်းကြည်အတွက်လည်း ထိုသတ်ဖြတ်မှုကြီးမှာ မေ့ပစ်၍ မရနိုင်သော အိမ်မက်ဆိုးကြီးပင်။ တစ်သက်နှင့်တစ်ကိုယ် ထိုသို့ကြုံတွေ့ရလိမ့်မည်ဟု တွေးပင်မတွေးခဲ့ဖူးကြောင်း သူက ဆိုသည်။​ 

ဒေသခံပြည်သူများကို  လက်နက်တပ်ဆင်ပေးကြရန်လည်း ဒေါ်သင်းကြည်က တောင်းဆိုသည်။ မုန်တိုင်ပင်ကဲ့သို့သော အဖြစ်အပျက်များသည် စစ်ခေါင်းဆောင်များ အာဏာရူးမှုအကျိုးဆက်ဖြစ်ကြောင်း၊ စစ်တပ်က ထပ်ပြီး စစ်ကြောင်းထိုးလာမည်ကို စိုးရိမ်နေရသည်ဟု ဆိုသည်။​

“ဒီလောက်ထိ ရက်ရက်စက်စက်လုပ်တဲ့ စစ်တပ်ကို မုန်းတီးရွံရှာသလားလို့ မမေးပါနဲ့။ ကိုယ်မွေးထားတဲ့ သားသမီးတွေကို စစ်တပ်ဆိုတဲ့ အသံကို ကြားရင် သူတို့ မုန်းတတ်လာအောင်ကို သင်ပေးထားမယ်လို့ အောက်မေ့တာပါပဲ” ဟု သားသမီးသုံးဦးနှင့် မုဆိုးမဖြစ်ခဲ့သူ ဒေါ်သင်းကြည်က ပြောလိုက်သည်။  

(* သတင်းရင်းမြစ်တချို့ကို ၎င်းတို့၏ လုံခြုံရေးအတွက် အမည်လွှဲဖြင့် ဖော်ပြထားပါသည်။)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button