သတင်း

စစ်တပ်မွှေသည့် ရေဦး၊ မုန်တိုင်ပင်ရွာတွင် မီးကျွမ်းနေသည့် ၂၇ လောင်းတွေ့

စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်စီးနင်းခဲ့ပြီး နှစ်ရက်ကြာ တပ်စွဲခဲ့သည့် စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မုန်တိုင်ပင်ကျေးရွာနှင့် အနီးဝန်းကျင်တွင် မီးရှို့ထားသည့် ရုပ်အလောင်း ၂၇ လောင်း တွေ့ရကြောင်း ဒေသခံများထံမှ ယနေ့ (မေ ၁၃) တွင် သိရသည်။

အင်အား ၁၀၀ ကျော်ပါဝင်သည့် စစ်ကောင်စီတပ် မူးမြစ်ကမ်းအနီးရှိ ထိုရွာတွင် တပ်စွဲပြီး ပြန်သွားချိန်တွင် တွေ့ရခြင်းဖြစ်သည်ဟု ၎င်းတို့က ပြောသည်။

ရွာတောင်ပိုင်း၌ မီးရှို့ခံထားရသည့် နေအိမ် ၄ လုံးအတွင်းမှ ၁၇ လောင်း၊ ရွာအနီး အင်ပင်ကျေးရွာ၌ မီးရှို့ခံရသည့် အိမ် ၁ လုံးအတွင်းမှ ၁၀ လောင်း ရှာတွေ့သည်ဟု ရွာသို့ အစောဆုံးပြန်လာခဲ့သူများထဲမှ တစ်ဦးက ဆိုသည်။

“မနေ့ကရော ဒီနေ့ရော ရှာရင်းရှာရင်းနဲ့ ၂၇ လောင်းတွေ့တာ၊ မီးရှို့ထားတဲ့ အိမ်ရှေ့မျက်နှာစာမှာ သွေးကွက် ၆ ကွက်လောက် တွေ့တယ်ဆိုရင် အဲဒီအိမ်ကို ရှာရင် ၆ လောင်းလောက် တွေ့တယ်” ဟု အသက် ၄၀ အရွယ် အထက်ပါ မုန်တိုင်ပင် ရွာခံ အမျိုးသားက ပြောသည်။

စစ်တပ်ဝင်စဉ် ဖမ်းခံခဲ့ရသည့် မုန်တိုင်ပင်ကျေးရွာသားများကို ရိုက်နှက်သတ်ဖြတ်ပြီး ရုပ်အလောင်းများကို နေအိမ်အတွင်း ထည့်ကာ မီးရှို့ခဲ့ခြင်းဖြစ်နိုင်သည်ဟု ရုပ်အလောင်းများ မြေချရေးအတွက် ကူညီနေသည့် ထိုသူက ဆက်ပြောသည်။

“အပြင်မှာ သတ်ပြီးမှ ထည့်ပြီးတော့ မီးရှို့တဲ့သဘောဗျ။ တွေ့တာက ငါးအိမ်လောက်ရှိတယ်ဗျ” ဟု ၎င်းက ဆက်ပြောသည်။ 

“၆ လောင်း တွေ့တာက ၂ အိမ်။ ၃ လောင်း ၁ အိမ်နဲ့ ၂ လောင်း ၁ အိမ်။ ကျွန်တော်တို့ ရွာခေါင်းရင်းက အင်ပင်ရွာမှာ ၁၀ လောင်း ထပ်တွေ့တယ်”

မေ ၁၀ ရက်က စစ်တပ်ဝင်စီးစဉ် မုန်တိုင်ပင်ရွာခံ ၁၀၀ ကျော်မှာ စစ်တပ်၏ ဖမ်းဆီးခံခဲ့ရပြီး ထိုအထဲမှ အမျိုးသား ၃၀ ကျော်ကို စစ်တပ်က ခေါ်ထုတ်သွားခဲ့ကြောင်း၊ ကျေးရွာဘုန်းကြီးကျောင်းမှ သံဃာ ၃ ပါး ပါဝင်ကြောင်း ပြန်လည်လွတ်မြောက်လာသူ အသက် ၆၀ ကျော်အရွယ် အမျိုးသားက ပြောသည်။ 

“(မေ) ၁၁ ရက်နေ့မနက်မှာ ၁၀ ဦး၊ နေ့လယ်ပိုင်းမှာ ၂၀ ဦးကို ၅ ယောက်တစ်တွဲစီ လက်ပြန်ကြိုးတုပ်ပြီး ခေါ်ထုတ်သွားတာ တွေ့ရပါတယ်” ဟု ၎င်းက ပြောသည်။

“ကျွန်တော်တို့ ၈ ယောက်ကိုတော့ (ရွာဘုန်းကြီးကျောင်း) အခန်းထဲမှာ ကြိုးတုပ်ထားပြီး အဲဒီည ၂ နာရီလောက်မှာ သူတို့ပြန်ထွက်သွားတော့ လွတ်မြောက်လာခဲ့ပါတယ်”

စစ်တပ်က ဖမ်းဆီးထားစဉ် PDF တို့ ရှိနိုင်မည့် နေရာများကို ရိုက်နှက်စစ်ဆေးမေးမြန်းနေသံ ကြားခဲ့ရကြောင်း အခြားသက်ကြီးအမျိုးသား ၇ ဦးနှင့်အတူ အခန်းတစ်ခုတွင် ချုပ်နှောင်ခံခဲ့ရသည့် ထိုသူက ဆက်ပြောသည်။

အထက်ပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များ အတည်မပြုနိုင်သေးသလို စစ်ကောင်စီထံ မေး၍ မရသေးပေ။

ထိုဒေသမှ PDF တပ်ဖွဲ့က တိုက်ခိုက်ရန် စောင့်ဆိုင်းခဲ့သော်လည်း မုန်တိုင်ပင်မှ ပြန်ထွက်လာသည့် စစ်သားများကြားတွင် ဘုန်းကြီး ၃ ပါးနှင့် ရွာသားများ ရှိနေသဖြင့် ချုံခိုတိုက်ခိုက်ရန် အခွင့်မသာခဲ့ဟု ဆိုသည်။  

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မုန်တိုင်ပင်ကျေးရွာ တည်နေရာပြမြေပုံ။

စစ်တပ်၏ မီးရှို့မှုကြောင့် အိမ်ခြေ ၄၀၀ နီးပါးရှိသည့် မုန်တိုင်ပင်ကျေးရွာတွင် အိမ်ခြေ ၃၀ ကျော် လောင်ကျွမ်းသွားသည်ဟု ဒေသခံတို့ထံမှ သိရသည်။

မေ ၁၀ နံနက်က စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် PDF အဖွဲ့များ မုန်တိုင်ပင်ကျေးရွားအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် စစ်ကောင်စီက ၎င်းတို့ရွာကို ရန်ရှာခြင်းဖြစ်နိုင်သည်ဟု မုန်တိုင်ပင်ရွာခံတို့က ယူဆထားကြသည်။

ထိုနေ့က တိုက်ပွဲအတွင်း အသက် ၂၈ နှစ်အရွယ် ကိုအောင်အောင်နှင့် အသက် ၂၅ အရွယ် ကိုရှိုင်းတို့ ၂ ဦး လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရသည်ဟု ဒေသခံတို့ထံမှ သိရသည်။

အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း PDF အားကောင်းသည့် စစ်ကိုင်းတိုင်း၌ ရွာစဉ်လှည့်မီးရှို့၊ အစုအပြုံလိုက်သတ်ဖြတ်မှုများ ကျူးလွန်နေသော်လည်း ၎င်းတို့လက်ချက် မဟုတ်ဟု စစ်ကောင်စီက အစဉ် ငြင်းဆိုလေ့ရှိသည်။

သို့သော် ၂၀၁၆၊ ၁၇ တွင် ရခိုင်ပြည်နယ်အတွင်း အလားတူကျူးလွန်ခဲ့သည့် လုပ်ရပ်များကြောင့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် တရားရင်ဆိုင်နေရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button