သတင်း

စစ်တပ်နှင့် AA ဆက်ဆံရေးတင်းမာ၊ အပြန်အလှန်ဖမ်းဆီးမှုများ ဆက်ရှိနေ

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ အခြေအနေတင်းမာလျက်ရှိပြီး အပြန်အလှန်ဖမ်းဆီးမှုများရှိနေရာ ဇွန်လ ၂၂ ရက်နေ့က မြောက်ဦးမြို့နယ် ပေါင်းတုတ်ကျေးရွာမှ အသက်မပြည့်သည့် လူငယ်တစ်ဦး အပါအဝင် သုံးဦးကို စစ်ကောင်စီတပ်စစ်ကြောင်းက ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

စစ်ကားသုံးစီး ရောက်ရှိလာပြီး ပေါင်းတုတ်ရွာသစ်မှ ရာအိမ်မှူးဆိုသူ၏ သားတစ်ဦး၊ ပေါင်းတုတ်ရွာကြီးက အသက်မပြည့်သူလူငယ်တစ်ဦးနှင့် တခြားတစ်ဦးတို့ကို ဖမ်းဆီးသွားခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။

“ရွာထိပ်ကို ရောက်လာတယ်။ အဲဒီကနေ စစ်သားတွေက လမ်းလျှောက်လာတယ်။ ကားက နောက်က လိုက်လာတယ်။ အဲဒီမှာ သုံးယောက်ကို ဖမ်းသွားတာ” ဟု ၎င်းရွာလူကြီးက ပြောသည်။

ပေါင်းတုတ်ရွာသစ်က ရာအိမ်မှူး ဒေါယာက၏သား အသက် ၃၀ ကျော်အရွယ် ဇာဟဲတူဆောင်းအပါအဝင် အသက်မပြည့်သူတစ်ဦးနှင့် အခြားသူတစ်ဦးကို ဖမ်းသွားခြင်းဖြစ်သည်။ ယင်းနောက် ညသန်းခေါင်အချိန်တွင် ဇာဟဲတူဆောင်းကို ပြန်လွှတ်ပေးခဲ့သည်ဟု ပေါင်းတုတ်ကျေးရွာသစ် ရာအိမ်မှူးဒေါယာက ပြောသည်။

“စစ်တပ်က ဖမ်းသွားတာပါ၊ ၅၄၀ တပ်က ဖမ်းသွားတာပါ” ဟု သူက ပြောသည်။ သို့သော် မည်သည့်အတွက် ဖမ်းသွားသည်ကိုမူ မသိရသေးပေ။

ပေါင်းတုတ်ကျေးရွာကြီးမှ ဝပ်ရှော့ဆိုင်ပိုင်ရှင်တစ်ဦးကို စစ်တပ်က လာရှာစဉ် မတွေ့၍ ရှိနေသည့်သူများကို ဖမ်းသွားခြင်း ဖြစ်နိုင်သည်ဟုလည်း ထိုရွာလူကြီးက ဆက်ပြောသည်။

“အလုပ်ရှင်ကို မတွေ့လို့ အလုပ်သမားလေးတွေကို ဖမ်းသွားတာပါ။ သူတို့က ဒီရွာက မဟုတ်ပါဘူး။ တစ်ယောက်က မင်းပြားမြို့နယ် အောင်တိုင်ရွာက၊ နောက်တစ်ယောက်က မြောက်ဦးမြို့နယ် ဆီသည်ရွာက ဖြစ်ပါတယ်” ဟု ပြောသည်။

မြောက်ဦးမြို့နယ်က ပေါင်းတုတ်ကျေးရွာအုပ်စုတွင် ပေါင်းတုတ်ရွာကြီး၊ ပေါင်းတုတ်ရွာသစ်နှင့် ဘလောင်တောရွာဟူ၍ ကျေးရွာသုံးရွာရှိပြီး ပေါင်းတုတ်ရွာသစ်တွင် အိမ်ခြေ ၅၅၄၊ ပေါင်းတုတ်ရွာကြီးတွင် အိမ်ခြေ ၅၆၀၊ ဘလောင်တောရွာတွင် အိမ်ခြေ ၁၈၆ ရှိသည်။ ထိုရွာသုံးရွာမှာ မြောက်ဦးမြို့ပေါ်နှင့် ၅ မိုင်ခန့်သာဝေးပြီး မြောက်ဦးမှ မင်းပြားဘက်သို့ သွားသည့် အာရှကားလမ်းမကြီးပေါ်တွင် ရှိသည်။ 

ဇွန် ၂၄ တွင် AA က စစ်ကောင်စီတပ် ဗိုလ်အဆင့်ရှိသူ အရာရှိတစ်ဦးနှင့် တပ်သားတစ်ဦးတို့ကို ဖမ်းဆီးခဲ့သည်။ ယင်းနောက် စစ်ကောင်စီတပ်က စစ်တွေမြို့တွင်း ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ဒေသခံ ၁၃ ဦးထက်မနည်းကို ဖမ်းဆီးသွားခဲ့သေးသည်။

ဇွန် ၂၁ ညနေပိုင်းကလည်း မြောက်ဦးမြို့ပေါ် စားသောက်ဆိုင်တစ်ခုတွင် ထမင်းစားနေကြသည့် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင် (စရဖ) အဖွဲ့ဝင်သုံးဦးကို ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များက ဖမ်းသွားခဲ့သည်။ ယင်းနောက် စစ်ကောင်စီကလည်း ကျောင်းသားများအပါအဝင် အရပ်သား ၃၀ ထက်မနည်းကို ဖမ်းဆီးသွားသည်ဟု မြို့ခံများထံမှ သိရသည်။

အပြန်အလှန်ဖမ်းဆီးနေသည့် ရခိုင်ပြည်နယ်တွင် ပုဏ္ဏားကျွန်းမြို့တွင်း အရပ်ဝတ်နှင့် စျေးဝယ်ထွက်လာသည့် စစ်ကောင်စီတပ်သားတစ်ဦးကို ဇွန် ၁၆ တွင် AA က ဖမ်းဆီးခဲ့သည်။ ထိုဖြစ်စဉ်ပေါ်ပေါက်ပြီးနောက် ဇွန် ၁၈ တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ပုဏ္ဏားကျွန်းမြို့တွင် နယ်ဘက်မှ စျေးဝယ်လာသူတစ်ချို့အပါအဝင် လူ ၁၀ ဦးထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းဆီးထားသည်ဟု ဒေသခံများက ဆိုသည်။

စစ်ကောင်စီတပ်က AA တပ်ဖွဲ့ဝင်နေအိမ်များကို ညအချိန် ဝင်ရောက်ဖမ်းဆီးခြင်း၊ မေလနှင့် ဇွန်လအတွင်း AA တပ်ဖွဲ့ဝင်တချို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားခြင်းတို့ကြောင့် တုံ့ပြန်ခြင်းဖြစ်သည်ဟု AA ပြောခွင့်ရ ခိုင်သုခက ဇွန်လ ၁၄ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

“ကျွန်တော်တို့ဘက်ကလည်း သူတို့တပ်ဖွဲ့ဝင်တွေကို ပြန်ပြီးတော့ ဖမ်းဆီးရတာ ဖြစ်ပါတယ်။ သူတို့က ဒီအတိုင်းဆက်လုပ်နေရင် ကျွန်တော်တို့ကလည်း အဲဒီအတိုင်းပဲ ပြန်ပြီးတုံ့ပြန်သွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်၊ မြောက်ဦးမြို့နယ်များတွင် ယခုလ ဒုတိယပတ်မှ စတင်သည့် ထိုဖြစ်ရပ်များတွင် ဖမ်းဆီးခံအရေအတွက် အတိအကျနှင့် ဖမ်းဆီးခံများ ပြန်လွတ်လာသည့်အခြေအနေများကို Myanmar Now က ဆက်လက်စုံစမ်းဆဲဖြစ်သည်။

စစ်ကောင်စီက ထိုဖြစ်ရပ်များနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

စစ်ကောင်စီတပ်သားများနှင့် AA တို့ ဆက်ဆံရေးတင်းမာနေပြီး ဒေသတွင်း ရှုပ်ထွေးနေသည့်အခြေအနေတွင် ရခိုင်ပြည်နယ်အတွင်း လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ပေါ်ပေါက်ရန် ဖန်တီးမှုများရှိနေသည်ဟု ရက္ခိုင့်တပ်တော် AA က ဇွန် ၂၁ ရက်တွင် သတိပေးချက်ထုတ်ပြန်ထားသည်။

“ရန်သူသည် ယင်းလုပ်ရပ်များကို ၎င်းတို့၏ လက်ကိုင်တုတ်ရခိုင်တချို့၊ အမျိုးသားသစ္စာဖောက်တချို့နှင့် ၎င်းတို့၏ အဖွဲ့အစည်းအတွင်းမှ ရခိုင်စကားပြောတတ်သူများကို အသုံးချ ခိုင်းစေကြောင်း တွေ့ရသည်” ဟု AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button