သတင်း

စစ်တွေမြို့ကို စစ်တပ်က အင်အားသုံးရှာဖွေ၊ ၁၃ ဦးထက်မနည်း အဖမ်းခံရ

ရခိုင်ပြည်နယ်မြို့တော် စစ်တွေ၌ စစ်ဗိုလ်တစ်ဦးနှင့် စစ်သားတစ်ဦး အဖမ်းခံရပြီးနောက် စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ရှာဖွေစစ်ဆေးနေပြီး ဒေသခံ ၁၃ ဦးထက်မနည်း အဖမ်းခံထားရသည်ဟု မြို့ခံများထံမှ သိရသည်။

ယမန်နေ့ မွန်းတည့် ၁၂ နာရီခန့်က စစ်တပ်မှ ဗိုလ်အဆင့်ရှိသူတစ်ဦး စစ်တွေမြို့အဝင် ကားဂိတ်တွင် အဖမ်းခံရပြီးနောက် မွန်းလွဲ ၁ နာရီခန့်တွင် အနောက်စံပြရပ်ကွက်၌ စစ်သားတစ်ဦး ထပ်အဖမ်းခံရကြောင်း၊ ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မြို့ခံတို့က ဆိုသည်။

စစ်ကောင်စီနှင့် AA ကြား စစ်ရေးအခြေအနေ တင်းမာသထက် တင်းမာလာပြီးနောက် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ကျောက်တော်၊ မြောက်ဦးနှင့် ပုဏ္ဏားကျွန်းတို့တွင် ယခုသီတင်းပတ်အတွင်း နှစ်ဖက်အပြန်အလှန်ဖမ်းဆီးမှုများ ရှိလာပြီးနောက် စစ်တွေမြို့ပေါ်အထိ ရောက်ရှိလာခြင်းဖြစ်သည်။ 

စစ်တွေမြို့တွင် စစ်တပ်နှင့် ရဲ ပူးပေါင်းအဖွဲ့က ရပ်ကွက်အချို့ကို လိုက်လံစစ်ဆေးသည့်ပြင် မြို့အဝင်၌လည်း အစစ်အဆေးကြမ်းနေသောကြောင့် ယမန်နေ့ ညနေပိုင်းအထိ လူသွားလူလာ မရှိသလောက် တိတ်ဆိတ်ခဲ့သည်ဟု ဆိုသည်။

နှစ်ရက်ဆက် စစ်ဆေးဖမ်းဆီးမှုများကြောင့် စစ်တွေမြို့တွင် အဖမ်းခံရသူ ၁၃ ဦးထက်မနည်းရှိကြောင်း မြို့ခံများက ဆိုသော်လည်း အတိအကျ မသိရပေ။ 

ယမန်နေ့ ညနေပိုင်းတွင် မြို့ဝင်ဂိတ်နားရှိ ရပ်ကွက်ကို စစ်တပ်က ဝင်ရောက်စစ်ဆေးပြီး လူငါးဦးထက်မနည်း ဖမ်းဆီးသွားကြောင်း ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။​

စစ်တပ်က မြို့ဝင်မုခ်ဦးတွင် စနိုက်ပါသမားများပါ ချထားပြီး စစ်ဆေးနေသောကြောင့် ဆိုင်များပါ ပိတ်ထားရသည်ဟု ဆိုသည်။ 

“မနေ့က ညပိုင်းက မြို့ဝင်မုခ်ဝနားမှာ ပစ်တယ်။ အရမ်းကြောက်ဖို့ကောင်းပါတယ်” 

ရပ်ကွက်ကြီးတစ်ခုဖြစ်သော မင်းဂံရပ်ကို စစ်တပ်က နှစ်ကြိမ်ခန့် ထပ်ရောက်လာပြီး လူလေးဦးထပ်ဖမ်းခဲ့ကြောင်း နောက်ထပ် မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။​

“မနက်မိုးလင်းတာနဲ့ ရပ်ကွက်က လူတွေပြောတာက လေးယောက်လောက် ပါသွားတယ်လို့ ပြောကြတယ်။ အခုလည်း မင်းဂံဘက်မှာ စစ်တပ်က ရှိနေသေးတယ်” ဟု ထိုအမျိုးသမီးက ယနေ့ (ဇွန် ၂၄) ပြောသည်။

စစ်တွေမြို့တောင်ဘက်ရှိ ရွာသစ်ကေအုပ်စု၊ သက္ကေပြင်ကျေးရွာမှ အသက် ၄၆ နှစ်အရွယ် ဦးမောင်မောင်ခင် (ခ) ဆော်လိမ်ဆိုသူကိုလည်း ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်တပ်က ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

“သက္ကေပြင်စျေးကနေ ဖမ်းသွားတာ။ ဘာကြောင့် ဖမ်းသွားတယ်ဆိုတာကို မသိဘူး။ စစ်သားတွေ အင်အားဘယ်လောက်ပါတယ်ဆိုတာကို မတွေ့လိုက်ရဘူး။ ကျွန်မက အိမ်ထဲမှာ နေတာဆိုတော့ မမြင်လိုက်ရဘူး” ဟု အဖမ်းခံရသူ၏ ဇနီးက ပြောသည်။

သက္ကယ်ပြင်ကျေးရွာမှာ ၂၀၁၂ ခုနှစ်က ပဋိပက္ခဖြစ်ပြီးနောက် အစ္စလာလာမ်ဘာသာဝင်များကို ရွှေ့ပြောင်းနေရာချထားသည့်နေရာဖြစ်ပြီး အသွားအလာကန့်သတ်ထားသည့် နေရာလည်းဖြစ်သည်။

စစ်တပ်က စစ်တွေ့မြို့ရှိ လှေဆိပ်များကို ဝင်ရောက်စစ်ဆေးကာ ရေယာဉ်များ သွားလာခွင့်ပိတ်ပင်ထားကြောင်း အမြန်ရေယာဉ်လိုင်းတစ်ခုမှ တာဝန်ရှိသူက ဒေသခံ မီဒီယာတစ်ခုကို ပြောကြားထားသည်။ 

အရပ်သားပြည်သူများကို အပြစ်ရှာပြီး မတရားဖမ်းဆီးနေသော အာဏာသိမ်းစစ်ကောင်စီတပ်သည် လူ့အခွင့်အရေးချိုးဖောက်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေသောကြောင့် ပြင်းထန်စွာရှုတ်ချကြောင်း အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်သော ရခိုင်လူ့အခွင့်အရေးကာကွယ်မြင့်တင်သူများအဖွဲ့က ယနေ့ထုတ်ပြန်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button