သတင်း

လူမျိုးရေး၊ ဘာသာရေးပဋိပက္ခ ဖန်တီးလာသည်ကို သတိပြုကြရန် AA ထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီက ရခိုင်စကားပြောတတ်သူများကို အသုံးချကာ ရခိုင်ပြည်နယ်အတွင်း လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများပေါ်ပေါက်လာစေရန် ဖန်းတီးလာသည့်အတွက် အဆိုပါ သပ်လျှိုမှုကို သတိပြုရန် ဇွန် ၂၁ တွင် ရက္ခိုင့်တပ်တော် (AA) က သတိပေးကြေညာလိုက်သည်။

လတ်တလော ရခိုင်ပြည်နယ်အတွင်း လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်စေနိုင်သည့် ဖြစ်စဉ်များ ဆက်တိုက်တွေ့လာရသည်ဟု AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယခုရက်ပိုင်းအတွင်း မောင်တောင်မြို့နယ်မှ မူလတန်းကျောင်းအုပ်နှင့် လက်ထောက်ဆရာမတို့ ပြန်ပေးဆွဲခံရခြင်း၊ ပေါက်တာမြို့နယ် ကြိမ်ခမော်ရွာမှ မွတ်စလင်လူငယ်တစ်ဦး လက်ပြန်ကြိုးတုပ်လျက် ကျောကုန်းကို ကျောက်တုံးဖိထားခဲ့ခြင်း၊ မြောက်ဦးနှင့် ကျောက်တော်မြို့များတွင် စပါးရိတ်စက်များနှင့် ကောက်လှိုင်းစီးများ မီးရှို့ခံရခြင်း၊ မုဒိမ်းကျင့်ရန် ကြံစည်ခြင်း စသည့် ဖြစ်စဉ်များ ပေါ်ပေါက်ခဲ့သည်ဟု ဆိုသည်။

“ရန်သူသည် ယင်းလုပ်ရပ်များကို ၎င်းတို့၏ လက်ကိုင်တုတ်ရခိုင်တချို့၊ အမျိုးသားသစ္စာဖောက်တချို့နှင့် ၎င်းတို့၏ အဖွဲ့အစည်းအတွင်းမှ ရခိုင်စကားပြောတတ်သူများကို အသုံးချ ခိုင်းစေကြောင်း တွေ့ရသည်” ဟုလည်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ် သင်္ဘောလှကျေးရွာမှ ကျောင်းအုပ်ဆရာနှင့် ဆရာမတစ်ဦး ဇွန် ၁၆ ရက်က ပျောက်ဆုံးခဲ့ရာ လိုက်လံရှာဖွေသူများနှင့် ဒေသခံမွတ်စလင်များအကြား အခြေအနေတင်းမာလျက်ရှိသည်။

ပျောက်ဆုံးနေသော ထိုပညာရေးဝန်ထမ်းနှစ်ဦးကို လိုက်လံရှာဖွေရာတွင် စစ်ကောင်စီလက်အောက်ခံ နယ်မြေခံတပ်ရင်းများနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့က မည်သို့မျှ ကူညီဆောင်ရွက်ပေးခြင်း မရှိကြောင်း ဒေသခံများက ထုတ်ဖော်ပြောဆိုထားသည်။

ထိုပညာရေးဝန်ထမ်းနှစ်ဦးကို အာဆာ (ARSA) အဖွဲ့က ပြန်ပေးဆွဲသည်ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ပြောဆိုချက်ကို အာဆာအဖွဲ့က ထုတ်ပြန်ချက်ဖြင့် ပြင်းပြင်းထန်ထန် ငြင်းဆိုထားသည်။

အာဏာသိမ်းပြီး တစ်နှစ်ကျော်အထိ အခြေအနေတည်ငြိမ်နေခဲ့ရာမှ ပြီးခဲ့သည့်လများအတွင်း ရခိုင်ပြည်နယ်တွင် AA နှင့် စစ်ကောင်စီတို့ စစ်ရေးတင်းမာလာကာ ထိတွေ့တိုက်ပွဲများ စတင်ဖြစ်ပွားလာသည်။

အတိတ်တွင် ဖြစ်ပျက်ခဲ့သော လူမျိုးရေးပဋိပက္ခများကို သင်ခန်းစာယူရန်နှင့် လက်ရှိအချိန်တွင် ရခိုင်ပြည်သူများ ရန်သူ့ထောင်ချောက်အတွင်း မကျရောက်စေရေး အထူးသတိထားရန် လိုအပ်သည်ဟုလည်း AA ထုတ်ပြန်ချက်က ဆိုသည်။

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီနှင့် AA တို့အကြား အခြေအနေတင်းမာလာသည်နှင့်အမျှ နှစ်ဖက်အပြန်အလှန်ဖမ်းဆီးမှုများ စိပ်လာပြီး ယခုလအတွင်း၌ပင် အနည်းဆုံးလူ ၂၀ ကျော် အဖမ်းခံထားရသည်။

ကျောက်တော်၊ မြောက်ဦးနှင့် ပုဏ္ဏားကျွန်းတို့တွင် နှစ်ဖက်အပြန်အလှန်ဖမ်းဆီးမှုများပြုလုပ်နေပြီး စစ်သား ၃ ဦးနှင့် ရဲ ၄ ဦးကို AA က ဖမ်းဆီးခဲ့သလို စစ်တပ်ကလည်း အရပ်သား ၁၆ ဦးထက်မနည်းကို ဖမ်းဆီးထားပြီး စစ်ကြောရေးစခန်း ရောက်နေသူ အနည်းဆုံး ငါးဦးရှိသည်ဟု ဒေသခံတို့ထံမှ သိရသည်။

၂၀၂၀ ရွေးကောက်ပွဲမတိုင်မီက ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စစ်တပ်နှင့် AA တို့ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သည့်နည်းတူ ယခုကဲ့သို့ အပြန်အလှန်ဖမ်းဆီးမှုများ ရှိခဲ့သည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက AA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားခြင်းမှ ပယ်ဖျက်ပေးခဲ့သည့်ပြင် AA သံသယဖြင့် ဖမ်းဆီးထောင်ချထားသူများကို ပြန်လွှတ်ပေးခဲ့သည်။ 

ပြီးခဲ့သည့်လအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များကို ၎င်းကိုယ်တိုင် တွေ့ဆုံဆွေးနွေးလိုကြောင်း အာဏာသိမ်းခေါင်းဆောင်က ဖိတ်ခေါ်ခဲ့ရာ နေပြည်တော်သို့ သွားရောက်သော အဖွဲ့များရှိသော်လည်း AA က တက်ရောက်ခြင်း မရှိပေ။

ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တွေ့ဆုံဆွေးနွေးသည့်အကြောင်း AA တာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုခဲ့သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံအနှံ့အပြားတွင် အာဏာသိမ်းစစ်ကောင်စီနှင့် ယခင်ရှိပြီးသား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့အပြင် စစ်အာဏာရှင်စနစ်ကို အမြတ်ပြတ်တိုက်ထုတ်လိုသော အစုအဖွဲ့များ နေ့စဉ်ရက်ဆက်တိုက်ပွဲဖြစ်နေသည်ဟုလည်း AA ၏ ယနေ့ညပိုင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မြန်မာနိုင်ငံ၏ အခြေအနေသည် အဆိုးဝါးဆုံးအဆင့်ကို ရောက်ရှိကာ တိုင်းပြည်သည် အဘက်ဘက်မှ ယိုယွင်းပျက်စီး၍ ကျရှုံးနိုင်ငံအဖြစ် ဦးတည်လျက်ရှိသည်ဟုလည်း AA က ဆိုသည်။

AA ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီက ချက်ချင်းတုံ့ပြန်ခြင်း မရှိသေးပေ။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button