သတင်း

ပုဏ္ဏားကျွန်းမြို့လယ်ရောက် စစ်သားတစ်ဦးကို AA ဝင်ဖမ်း

ယနေ့ (ဇွန် ၁၆) မွန်းလွဲပိုင်းက ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့တွင် အရပ်ဝတ်နှင့် စျေးဝယ်ထွက်သော စစ်ကောင်စီတပ်သားတို့ကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးရာ တစ်ဦးကို ဖမ်းမိပြီး တစ်ဦး လွတ်မြောက်သွားသည်ကို တွေ့ရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ 

အမှတ် ၅၅၀ ခြေမြန်တပ်ရင်းမှ ထိုစစ်သားနှစ်ဦးကို မွန်းလွဲ ၃ နာရီခန့်က စံပြရပ်ကွက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီး ထိုသို့ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“လမ်းမပေါ်မှာ ထိုးလို့ကြိတ်လို့ ဖြစ်နေကြတော့ ၄၊ ၅၊ ၆ ယောက်က နှစ်ယောက်နဲ့ ဖြစ်နေကြတယ်ဆိုတော့ လူတွေက အစက ရန်ဖြစ်နေကြတယ် ထင်တာပေါ့” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ 

“တစ်ယောက်ကိုတော့ ဖမ်းရလိုက်တယ်။ နောက်တစ်ယောက်က ဒဏ်ရာနည်းနည်းလေး ရသွားပြီး ၅၅၀ တပ်ရင်းထဲ ဝင်ပြေးသွားတယ်။ အဲဒီအခါကျမှ စစ်သားကို AA က ဖမ်းတယ်ဆိုပြီ‌းတော့ သိသွားကြတာ” 

အဆိုပါနေရာသည် ၅၅၀ တပ်ရင်းနှင့် မလှမ်းမကမ်းဖြစ်ပြီး ထိုကဲ့သို့ ဝင်ဖမ်းဆီးပြီးနောက် တပ်ရင်းဘက်မှ သေနတ်သံများကြားရကြောင်း ၎င်းက ဆက်ပြောသည်။ 

“အဲဒီသတင်းကြားတာနဲ့ တစ်ခါတည်း မြို့ပျက်သလိုပဲ ရုန်းရင်းဆန်ခတ်ဖြစ်သွားတာ။ ဘုန်းတော်ကြီးကျောင်းက ကလေးတွေ ထွက်ပြေး၊ ဆိုင်တွေပိတ် အဲဒီလိုဖြစ်သွားတာ” ဟု သူက ပြောသည်။ 

“၃ နာရီ ၃၀ လောက်မှာ မြို့ထဲကိုလည်း (စစ်သားတွေ) ရောက်လာတယ်။ သေနတ် ၆ ချက်လောက် ပစ်ခဲ့တယ်။ တခြားဘက်တွေမှာလည်း ပစ်တယ်လို့ ပြောကြတယ်။ ကျွန်တော်တို့ဘက်မှာတော့ ၆ ချက်လောက် ပစ်တယ်”  

ပုဏ္ဏားကျွန်းမြို့ပေါ်ဖြစ်ရပ်နောက်ပိုင်း စစ်တွေမြို့အဝင် တပ်ထိန်းဂိတ်၌လည်း ကား၊ ဆိုင်ကယ်၊ တုတ်တုတ် ခေါ် သုံးဘီးအငှားယာဉ်များအား အကြီးအကျယ်စစ်ဆေးကြောင်း မြို့ခံများထံမှ သိရသည်။

“စံပြရပ်ကွက်က အောင်မင်္ဂလာရေကန်နား ထွေအုပ်ရုံးရှေ့နားလေးက ဖမ်းသွားတာလို့ သိရတယ်။ ၅၅၀ တပ်ရင်းနဲ့လည်း နီးပါတယ် သိပ်မဝေးဘူး။ လူတွေကတော့ အဲဒီတပ်ထဲက သေနတ် ၅ ချက်လောက် ပစ်တယ်လို့ ပြောပါတယ်။ ကျွန်မက ဆိုင်သိမ်းပြီး ဆိုင်ကယ်နဲ့ အိမ်ကို လောလောနဲ့ ပြေးလာခဲ့တာ” ဟု မြို့ခံအမျိုးသမီးတစ်ဦးက ညနေပိုင်းတွင် ပြောသည်။

လက်ရှိတွင် ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်ဘက်သို့ သွားသည့် လမ်းခွဆုံနှင့် ဂူဝဘုရားအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်နေသောကြောင့် စိုးရိမ်ကြောက်လန့်နေရသည်ဟု ၎င်းအမျိုးသမီးက ဆက်ပြောသည်။

ပုဏ္ဏားကျွန်းမြို့ပေါ် လမ်းမထက် တချို့နေရာများတွင် လက်နက်အင်အားအပြည့်နှင့် စစ်သားများ နေရာယူထားသည်ကို တွေ့ရပြီး မြို့ပေါ်တွင်လည်း တိတ်ဆိတ်ငြိမ်သက်နေသည်ဟု ပုဏ္ဏားကျွန်းသို့ ခေတ္တရောက်ရှိနေသည့် ဧည့်သည် အမျိုးသမီးတစ်ဦးက ပြောသည်။

“(စစ်) ကားနဲ့ဆိုတော့ အင်အားဘယ်လောက်ပါတယ်ဆိုတာ မမြင်လိုက်ရဘူး။ ပြေးရင်းနဲ့ မြင်လိုက်ရတာ။ ကားက တစ်စီးတည်းပါ။ အခုလည်း လမ်းမထက် တချို့နေရာတွေမှာ စစ်သားတွေ စောင့်နေကြတာ တွေ့ပါတယ်” ဟု သူက ပြောသည်။ 

စစ်ကောင်စီတပ်သားတစ်ဦးကို AA တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်ဟု ကြားသိရသော်လည်း မြို့ပေါ်တွင် လုံခြုံရေးတင်းကျပ်ထားသဖြင့် အခြေအနေစုံစမ်းရန် ခက်ခဲကြောင်း မြို့ခံအမျိုးသားတစ်ဦးကလည်း ပြောသည်။

“အဲဒီလို ဖမ်းသွားတယ်လို့တော့ ကြားတယ်။ အခြေအနေကို အတိအကျ ပြောဖို့ခက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အပြင်ကို ထွက်လို့လည်းမရဘူး။ အစစ်အဆေးတွေ လုပ်နေကြတယ်” ဟု ၎င်းက ဆက်ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ပိုမိုသိရှိရန် နှစ်ဖက်တာဝန်ရှိသူများကို Myanmar Now က ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်သည်။

ပြီးခဲ့သည့် (ဇွန် ၁၁) ကလည်း ကျောက်တော်မြို့ပြင် မီးရထားဘူတာဝန်ထမ်းများနေထိုင်သည့် အဆောက်အအုံတွင် တပ်စွဲထားသည့်တပ်မှ စစ်သားနှစ်ဦး မြို့ထဲသို့ ရောက်ရှိနေစဉ် AA တပ်ဖွဲ့ဝင်များက ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။

အဆိုပါဖြစ်စဉ် ဟုတ်မှန်ကြောင်း ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရ ဦးခိုင်သုခက ဇန်နဝါရီ ၁၄ တွင် ပြုလုပ်သော တတိယအကြိမ်မြောက်သတင်းစာရှင်းလင်းပွဲ၌ အတည်ပြုထားသည်။

ယင်းသို့ဖမ်းဆီးရခြင်းမှာ စစ်ကောင်စီအနေဖြင့် ၎င်းတို့၏ ULA/AA တပ်ဖွဲ့ဝင်နေအိမ်များအား ညအချိန် ဝင်ရောက်ဖမ်းဆီးခြင်း၊ မေလနှင့် ဇွန်လအတွင်း ULA/AA တပ်ဖွဲ့ဝင်တချို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားခြင်းတို့ကြောင့် တန်ပြန်ဖမ်းဆီးခြင်းဖြစ်ကြောင်း ခိုင်သုခက ပြောသည်။

“ပြီးခဲ့တဲ့လနဲ့ ယခုလအတွင်းမှာ ကျွန်တော်တို့ ULA/AA တပ်ဖွဲ့ဝင်တချို့ကို စစ်တပ်ဘက်က ဖမ်းဆီးထားတာတွေ ရှိတယ်။ ဆိုတော့ အဲဒါကြောင့် ကျွန်တော်တို့ဘက်ကလည်း သူတို့တပ်ဖွဲ့ဝင်တွေကို ပြန်ပြီးတော့ ဖမ်းဆီးရတာ ဖြစ်ပါတယ်။ သူတို့က ဒီအတိုင်းဆက်လုပ်နေရင် ကျွန်တော်တို့ကလည်း အဲဒီအတိုင်းပဲ ပြန်ပြီးတုန့်ပြန်သွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ဖမ်းဆီးထားသူများရှိသလို စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၎င်းတို့ထံ ထွက်ပြေးခိုလှုံလာသည့် စစ်သားအရေအတွက် ရာနှင့်ချီ ရှိကြောင်း AA ဘက်က ထိုနေ့သတင်းစာရှင်းပွဲ၌ ထုတ်ဖော် ပြောဆိုထားသည်။ 

ရခိုင်မြောက်ပိုင်းတွင် စစ်ရေး ဆက်လက်တင်းမာနေပြီး စစ်တပ်က လူသူလက်နက်အင်အားတိုးချခြင်းများကို ပေါ်ပေါ်ထင်ထင်ပြုလုပ်လာနေသည်ကို တွေ့မြင်ရကြောင်း ဒေသခံများထံမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားနေသော စစ်ကောင်စီတပ်၏ တပ်မ ၂၂ အပါအဝင် တပ်မ ၅၅ တပ်ဖွဲ့ဝင်များ ထပ်မံဝင်ရောက်လာနေကြောင်း AA ဘက်က ပြောဆိုထားသည်။

စစ်ကောင်စီက ရခိုင်ဒေသရောက် စစ်သားများ ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်မှု မရှိသေးပေ။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button