သတင်း

စရဖဟု ယူဆရသူ ၃ ဦးကို မြောက်ဦးတွင် AA ဖမ်းဆီး၊ တပ်က အရပ်သားများကို ဖမ်းနေ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် ယမန်နေ့ (ဇွန် ၂၁) ညနေက စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) အဖွဲ့ဝင်များဟု ယူဆရသူ ၃ ဦးကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးသွားပြီးနောက် မြို့ပေါ်တွင် စစ်ကောင်စီတပ်က အရပ်သား ၃၀ ထက်မနည်းကို ဖမ်းဆီးလိုက်သည်ဟု သိရသည်။

ယနေ့ (ဇွန် ၂၂) နံနက်မှစ၍ စစ်ထရပ်ကား ၄ စီးဖြင့် မြို့တွင်း လှည့်ပတ်စစ်ဆေးခဲ့သလို အလယ်စျေးတံတား၊ အထက (၁) ကျောင်းအနီး၊ အလယ်စျေးတံတားအပါအဝင် မြို့တွင်းနေရာလေးခုတွင် အခြေချစစ်ဆေး ဖမ်းဆီးခြင်း ဖြစ်သည်ဟု  မြို့ခံများထံမှ သိရသည်။

“မနေ့က စရဖသုံးယောက်ကို AA က ဖမ်းသွားတယ်လို့ ကြားတယ်။ အဲဒါနဲ့ စစ်တပ်က မြို့ထဲဝင်ပြီးတော့ စစ်ဆေးနေတာ။ မြို့ပြင်မှာ စစ်ဆေးနေတာတွေတော့ မဟုတ်ဘူး။ မြို့တွင်းမှာ လှုပ်ရှားနေကြတာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် မြို့ခံတစ်ဦးက Myanmar Now ကို ယနေ့ ပြောသည်။

အဖမ်းခံရသူအရေအတွက်ကို မသိရကြောင်း မြို့ခံများက ပြောသည်။

ယနေ့ နံနက် ၈ နာရီခန့်က ဘုရားပေါ်ရပ်ကွက်မှ ဆိုက်ကားမောင်းသူ အမျိုးသားတစ်ဦးကို စစ်တပ်က ဖမ်းဆီးသွားကြောင်း မြို့ခံအမျိုးသားနောက်တစ်ဦးက ပြောသည်။

“ဘုရားပေါ်ရပ်ကွက်က ဆိုက်ကားသမား ဖုန်းကို စစ်ဆေးတယ်။ စစ်ဆေးတဲ့အချိန်မှာ ဖုန်းအထဲမှာ ဘာတွေ့သွားလည်း မသိဘူး။ သူ့ကို ဖမ်းသွားတယ်။ အဖမ်းခံရတာ ကျောင်းသား ၃ ဦးနဲ့ အားလုံး ၃၀ ကျော်လောက်ရှိတယ်လို့ အကြမ်းအားဖြင့် သိရတယ်။ ဒီမနက်ကလည်း မြို့ပေါ်က တချို့ရပ်ကွက်တွေမှာ အိမ်ပေါ်တက်ပြီး အိမ်ထောင်စုစာရင်းတွေ စစ်ဆေးတာရှိတယ်” ဟု မျက်မြင်သက်သေတစ်ဦးကို ကိုးကားပြီး ထိုမြို့ခံက ဆက်ပြောသည်။

ပြီးခဲ့သည့် ဇွန် ၁၁ ရက်မှစ၍ စစ်တပ်နှင့် AA တို့က ဒေသတွင်း နှစ်ဖက် အပြန်အလှန်ဖမ်းဆီးနေသည်ဟု ဆိုသည်။

မြို့ခံအမျိုးသမီးတစ်ဦးကလည်း စစ်တပ်က ဖမ်းဆီးစစ်ဆေးမှုများရှိနေသည့်အတွက် အလယ်စျေးရပ်ကွက်ရှိ အလယ်တန်းကျောင်းကို မွန်းတည့် ၁၂ နာရီခန့်တွင် လွှတ်ပေးလိုက်ရသည်ဟု ပြောသည်။

အဖမ်းအဆီးကြမ်းနေသော မြောက်ဦးမြို့အဝင်နေရာကို ယနေ့ ဇွန် ၂၂ က တွေ့ ရစဉ်။ (ဓာတ်ပုံ -Myanmar Now) 

“အထကကျောင်းက ကျောင်းသား ၈ တန်းတစ်ယောက်၊ ၇ တန်းတစ်ယောက် နှစ်ယောက်လို့ ကြားပါတယ်။ ကျောင်းကို လာတဲ့လမ်းမှာ ဖမ်းတယ်လို့ ပြောတယ်။ နေပူခံပြီး ထိုင်ခိုင်းထားတယ်လို့ ကြားနေရတယ်။ အလယ်စျေးက ကျောင်းကိုလည်း ၁၂ နာရီကတည်းက လွှတ်ပေးလိုက်တာ တွေ့တယ်” ဟု ထိုမြို့ခံအမျိုးသမီးက ဆိုသည်။

“နန်းရာကုန်းနားတွေမှာ၊ ဆေးရုံဟောင်းနားတွေမှာ စစ်သားတွေ အများကြီးရောက်နေတာ မြင်ခဲ့ရတယ် ဒီမနက်က။ ဖမ်းဆီးထားတဲ့လူအရေအတွက်ကို အတိအကျမသိရဘူး။ ဘယ်သူမှ အပြင်မထွက်ရဲကြဘူးလေ” 

မြောက်ဦးမြို့မစျေး ယနေ့ ပိတ်လိုက်ရပြီး မြို့နယ်ထွေအုပ်နှင့် ကျန်းမာရေးဌာနဝန်ထမ်းတချို့မှာလည်း မသွားရဲမလာရဲဖြစ်နေကြသူများလည်း ရှိကြောင်း ၎င်းက ဆက်ပြောသည်။

မြို့ပေါ်ရှိ လစဉ်ကြေးကောက်ခံသည့် ULA/AA အဖွဲ့ဝင်အချို့၏ နာမည်စာရင်းအတိအကျနှင့် စစ်ကောင်စီတပ်က လိုက်လံရှာဖွေနေသောကြောင့် ထိုသူများများမှာလည်း တိမ်းရှောင်နေကြရသည်ဟု ထိုအမျိုးသမီးက ဆက်ပြောသည်။

“ရပ်ကွက်အလိုက် ငွေကို ဦးဆောင်ပြီးကောက်တဲ့လူတွေရှိတယ်။ အဲဒါကို သူတို့က အားလုံး (အမည်) စာရင်း ရသွားလို့ အိမ်တွေ အိမ်လိပ်စာတွေ အကုန်ရသွားလို့ ဖမ်းဖို့ အစီအစဉ်ရှိတယ်လို့ ကြားတာနဲ့ အားလုံးထွက်ပြေးသွားကြတယ်။ မနေ့ကလည်း ဗန္ဓုလရပ်ကွက်ကလည်း အရပ်သားတစ်ယောက်ပါသွားတယ်။ သူတို့ (စစ်တပ်) က တွေ့ရင် တွေ့တဲ့လူကို ဖမ်းနေကြတာ” ဟု ဆိုသည်။

ထိုသို့ မငြိမ်မသက်ဖြစ်နေသောကြောင့် စာသင်ကျောင်းအချို့ကိုလည်း ပိတ်ထားရပြီး နယ်ဘက် ကျေးရွာများမှ ကျောင်းလာတက်သည့် ကျောင်းသား/သူ များမှာလည်း ကျောင်းလာမတက်ရဲကြောင်း သိရသည်။

ရခိုင်မြောက်ပိုင်းမြို့နယ်တချို့တွင် စစ်တပ်က အရပ်သားများကို ပစ်မှတ်ထားဖမ်းဆီးနေမှုကြောင့် စစ်တွေ- မြောက်ဦး၊ စစ်တွေ – ကျောက်တော်၊ စစ်တွေ- ပုဏ္ဏားကျွန်း စသည့် ဒေသတွင်းပြေးဆွဲနေသည့် လိုင်းကားများကိုလည်း ယာယီရပ်နားထားရကြောင်း သိရသည်။

ယင်းအပြင် ပုဏ္ဏားကျွန်းမြို့ပေါ် မြို့နယ်ထွေအုပ်ရုံးရှေ့တွင် (ဇွန် ၁၆) နေ့လယ်ပိုင်း၌ အမှတ် ၅၅၀ တပ်ရင်းမှ စစ်သားတစ်ဦးကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးသွားသည့်နေက စတင်ပြီး ပုဏ္ဏားကျွန်း – ရသေ့တောင်သို့ ဆက်သွယ်ထားသည့် ကားလမ်းကိုလည်း စစ်ကောင်စီက ယာယီပိတ်ထားကြောင်း ဒေသခံများထံမှ သိရသည်။

၎င်းကားလမ်းတွင် စစ်ကောင်စီက ယခင်တိုက်ပွဲကာလကတည်းက စစ်ဆေးရေးဂိတ် သုံးဂိတ် ချထားသည်။

ရခိုင်ဒေသ ထိုအဖမ်းအဆီးများ၊ ထူးခြားဖြစ်စဉ်များအကြောင်းကို စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button