
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) က အာဏာသိမ်းစစ်ကောင်စီနှင့် သွားရောက် မျက်နှာချင်းဆိုင်ခဲ့သော်လည်း ထိုတွေ့ဆုံမှုမှ ရခိုင်ပြည်နယ်အတွက် အကျိုးထူးမည့်ရလဒ်များ ထွက်ပေါ်လာမည်မဟုတ်ဟု ရခိုင်အသိုင်းအဝိုင်းတွင် ဝေဖန်နေကြသည်။
အာဏာသိမ်းစစ်ကောင်စီနှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့ ဇွန် ၁၃ ရက်က နေပြည်တော်တွင် တွေ့ဆုံခဲ့ကြပြီးနောက် ဝေဖန်မှုများထွက်ပေါ်လာခြင်းဖြစ်သည်။
ထိုတွေ့ဆုံမှုတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ကို စစ်ခေါင်းဆောင်နှင့် ALP ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းတို့ ဆွေးနွေးခဲ့ကြသည်ဟု စစ်ကောင်စီ ဝါဒဖြန့်သတင်းစာများက ရေးသားသည်။
သို့သော် ထိုဆွေးနွေးမှုသည် ရခိုင်ပြည်နယ်အတွက် စစ်မှန်သည့် ဖွံ့ဖြိုးမှုမျိုး ရနိုင်မည်မဟုတ်ကြောင်း ရခိုင်ဝါရင့်နိုင်ငံရေးလေ့လာသူ ဦးဖေသန်းက ပြောသည်။
“လမ်းလေးတစ်လမ်း ကျောင်းလေးတစ်ကျောင်းလောက်ဘဲ ရလိမ့်မယ်။ သို့သော် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ဆိုတဲ့ အနှစ်သာရအထိ သွားဖို့က အဝေးကြီး မမြင်နိုင်သေးဘူး၊ အဲဒါကြောင့် ဒီကိစ္စက ပြည်သူတွေအတွက် ဘာမှအကျိုးမထူးလို့ပဲ ယူဆရမယ်” ဟု ဦးဖေသန်းက ပြောသည်။
အာဏာသိမ်းစစ်ခေါင်းဆောင်က ငြိမ်းချမ်းရေးအတွက် ဆွေးနွေးလိုကြောင်း ဖိတ်ခေါ်ချက်ကို ယင်း၏ ဝါဒဖြန့်မီဒီယာများဖြစ်သော မြဝတီ၊ မြန်မာ့ရုပ်မြင်သံကြားတို့တွင် ပြီးခဲ့သည့်ဧပြီလ ၂၂ ရက်က ကတိုက်ကရိုက် ကြားဖြတ်ထုတ်လွှင့်ခဲ့သည်။
စစ်ခေါင်းဆောင်၏ ဖိတ်ခေါ်ချက် ထွက်ပေါ်လာပြီးနောက် ပြည်ထောင်စုအကျိုး၊ ဒေသအကျိုးကို ဆောင်ရွက်လိုသည့် ဆန္ဒဖြင့် စစ်ခေါင်းဆောင်နှင့် ဆွေးနွေးမည်ဖြစ်ကြောင်း ALP က ပထမဆုံး ထုတ်ပြန်ချက်ထုတ်ခဲ့သည်။
ဆွေးနွေးပွဲရလဒ်နှင့် ပတ်သက်ပြီး မေးမြန်းလိုသော်လည်း နေပြည်တော်မှ ပြန်ခဲ့သည့် ALP အဖွဲ့ဝင်များကို ဆက်သွယ်စုံစမ်း၍ မရသေးပါ။
နေပြည်တော်တွင် စစ်ကောင်စီ၏ ဗိုလ်ချုပ်တချို့နှင့် ALP ကိုယ်စားလှယ်အဖွဲ့ ဆွေးနွေးပွဲအပြီးတွင် စစ်ကောင်စီက သတင်းထုတ်ပြန်ရာ “သုံးရက်တာ ဆွေးနွေး ညှိနှိုင်းချက်များအရ သဘောတူညီချက်များကို အတည်ပြု လက်မှတ်ရေးထိုးကြသည်” ဟု သတင်းတွင် ဖော်ပြထားသည်။
မည်သည့်အရာများကို လက်မှတ်ထိုးကြောင်း ဖော်ပြမထားသော်လည်း စစ်ကောင်စီက ပေးအပ်လိုက်သည့် လက်ဆောင်စာရင်းကိုမူ ပြည့်စုံစွာ တွေ့ရသည်။
ALP ကို ပြည်ထောင်စုနေ့အခမ်းအနားစာအုပ်၊ မှတ်တမ်းစာအုပ်များ၊ စွယ်စုံကျမ်း၊ ကျောင်းသုံးဗလာစာအုပ်နှင့် လက်ဆောင်များ ပေးအပ်လိုက်သည်ဟု ဆိုသည်။
ALP ကိုယ်စားလှယ်အဖွဲ့သည် အာဏာသိမ်းစစ်ခေါင်းဆောင်ကိုလည်း ဇွန် ၁၃ တွင် တွေ့ခဲ့ပြီး ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆက်လက်ဆောင်ရွက်နိုင်မည့် အခြေအနေ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီထုတ်ပြန်သည့် သတင်းတစ်ပုဒ်တွင် တွေ့ရသည်။
ALP အနေဖြင့် စစ်ကောင်စီနှင့် ဆွေးနွေးရာတွင် ရခိုင်ပြည်တိုးတက်ရေးအပြင် ပြည်ထောင်စုတိုးတက်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုအရေးတို့အတွက် စစ်ကောင်စီဘက်က မည်သည့်ကတိများပေးခဲ့သည်ဆိုခြင်းက ပိုအဓိကကျသည်ဟု ဦးဖေသန်းက ထောက်ပြသည်။
“အဲဒါတွေ အရေးကြီးတယ်။ အဲဒီဟာတွေကို မရဘဲ ဆွေးနွေးရုံ ဆွေးနွေးတယ်ဆိုရင်တောင် အဓိပ္ပာယ်မရှိပါဘူး” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီ ဖိတ်ခေါ်ချက်ကို ALP လက်ခံသည့်အတွက် ကန့်ကွက်ကြောင်း ရခိုင်ပြည်ကျောင်းသားသမဂ္ဂအပါအဝင် အရပ်ဘက်အဖွဲ့အစည်း ၂၄ ခုက မေ ၁၅ တွင် ထုတ်ပြန်ခဲ့သေးသည်။
လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ထားသော စစ်ကောင်စီနှင့် တွေ့ဆုံခြင်းသည် ရခိုင် (အာရက္ခ) ပြည်သူများကို ဂုဏ်သိက္ခာကျစေသည့်အတွက် ကန့်ကွက်ရှုတ်ချကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
ALP ဆွေးနွေးပွဲတက်ရောက်ခြင်းနှင့် ပတ်သက်၍ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ရခိုင်ပြည်ကျောင်းသားသမဂ္ဂအပါအဝင် အရပ်ဘက်အဖွဲ့အစည်း ၂၄ ခု၏ ထုတ်ပြန်ချက်ကို ရည်ညွှန်းလျက် “ရခိုင်လူငယ်တွေရဲ့ သဘောထားကို သိကြမှာဖြစ်ပါတယ်၊ ပြည်သူတွေထဲက လူငယ်တွေရဲ့အသံကို ကြည့်ရင် အများကြီးသိနိုင်ပါတယ်” ဟု ဇွန်လ ၁၄ ရက် သတင်းစာရှင်းလင်းပွဲတွင် တုံ့ပြန်ပြောဆိုခဲ့သည်။
အာဏာသိမ်းစစ်ခေါင်းဆောင်၏ ငြိမ်းချမ်းရေးဆွေးနွေးမှု ဖိတ်ခေါ်ချက်အပေါ် ALP အပါအဝင် အဖွဲ့ ၉ ဖွဲ့က လက်ခံခဲ့ကြသည်။ သို့သော် အဖွဲ့များထဲတွင် ရခိုင်ပြည်သူလူထုထောက်ခံမှုနှင့် ယုံကြည်မှုကို ရရှိထားသည့် အင်အားကြီး လက်နက်ကိုင်အဖွဲ့အစည်းအခုဖြစ်သော ရက္ခိုင့်တပ်တော် AA ပါဝင်ခြင်း မရှိခဲ့ပေ။
စစ်ကောင်စီသည် နိုင်ငံတစ်ဝန်းရှိ ရာနှင့်ချီသော ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ခုခံမှု၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားမှုများ၊ နိုင်ငံတကာမှ အာဏာသိမ်းအစိုးရကို အသိအမှတ်မပြုမှု စသည့်အခြေအနေများ ကြုံနေရချိန်တွင် ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခြင်းသည် ယင်းတို့လိုလားသည့် အခြေအနေမျိုးဖြစ်ရန် ဖန်တီနေခြင်းဟုလည်း ခိုင်သုခက ဝေဖန်သည်။
“အဲလောက် စစ်ရေး၊ နိုင်ငံရေး၊ နိုင်ငံတကာသံတမန်အရေး အကျပ်အတည်းတွေ ရှိနေတာတောင် အရင်ဓာတ်ပြားဟောင်းဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအောက်က သူတို့လိုချင်တဲ့ အနေအထားအတိုင်း ရှေ့ဆက်ပြီး လုပ်နေတယ်” ဟု ပြောသည်။
စစ်ကောင်စီ၏ ဖိတ်ခေါ်ဆွေးနွေးမှုများသည် ဟန်ပြဆွေးနွေးမှုသာဖြစ်ပြီး ဆွေးနွေးပွဲတက်ရောက်သည့် အဖွဲ့အစည်းများ “ဗလာပဲ ရလာတယ်” ဟုလည်း ဇွန်လ ၁၄ ရက် သတင်းစာရှင်းလင်းပွဲတွင် ခိုင်သုခက ပြောသည်။
၂၀၁၇ တွင် အိန္ဒိယ-မြန်မာနယ်စပ်ရှိ ALP ဌာနချုပ်ကို ဝင်ရောက်သိမ်းပိုက်လိုက်ကြောင်း AA က ကြေညာခဲ့ဖူးပြီး သိမ်းပိုက်ခံရသည့် စခန်းမှာ ဌာနချုပ်မဟုတ်ဘဲ နယ်စပ်ရှိ ရှေ့တန်းစခန်းတစ်ခုသာဖြစ်ကြောင်း ALP က တုံ့ပြန်သည်။
ရက္ခိုင့်တပ်တော် AA သည် ၂၀၀၉ ခုနှစ်က ကချင်ပြည်နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်ဒေသ လိုင်ဇာတွင် တည်ထောင်ခဲ့သည့် အဖွဲ့ဖြစ်ပြီး ချင်းပြည်နယ်နှင့် ရခိုင်ပြည်မြောက်ပိုင်းတွင် ၂၀၁၅ ခုနှစ်ဝန်းကျင်မှ စတင်လှုပ်ရှားခဲ့သည်။
ALP ကို ၁၉၇၀ ပြည့်နှစ်တွင် ထိုင်း-မြန်မာနယ်စပ် ကရင်အမျိုးသားအစည်းအရုံးလက်အောက်ခံနယ်မြေ ကော်မူးရာတွင် စတင်ထူထောင်ခဲ့ပြီး အိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသနှင့် ထိုင်း-မြန်မာနယ်စပ်တို့တွင် လှုပ်ရှားနေသည်။
ALP ၏ လက်နက်ကိုင်အဖွဲ့ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALA) တွင် အင်အား ၁၀၀ ခန့် ရှိနိုင်သည်ဟု ငြိမ်းချမ်းရေးဖြစ်စဉ် စောင့်ကြည့်ရေးအဖွဲ့ Myanmar Peace Monitor ၏ အွန်လိုင်းစာမျက်နှာတွင် ဖော်ပြထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)