ရွေးကောက်ပွဲ

စစ်ကောင်စီ၏ရွေးကောက်ပွဲကို နည်းပေါင်းစုံသုံးဆန့်ကျင်မည်ဟု လူ့ဘောင်သစ်ပါတီ ကြေညာ

အာဏာသိမ်းစစ်ကောင်စီ၏ ဦးဆောင်မှုဖြင့် ကျင်းပမည့် ရွေးကောက်ပွဲကို နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်သွားမည်ဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ DPNS က ဇွန်လ ၁၀ ရက်တွင် ကြေညာလိုက်သည်။

DPNS သည် စစ်ကောင်စီကျင်းပပေးမည့် ရွေးကောက်ပွဲကို အသိအမှတ်မပြုနိုင်ကြောင်း ပထမဆုံးကန့်ကွက်သည့် ပါတီတစ်ခုဖြစ်လာခဲ့သည်။

DPNS ၏ ကန့်ကွက်ကြေညာချက်တွင် တရားမဝင် အာဏာသိမ်းထားသည့် စစ်ကောင်စီဟု သုံးနှုန်းထားပြီး “စစ်ကောင်စီ၏ ရွေးကောက်ပွဲသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ယနေ့ ဆင်နွှဲနေသော နွေဦးတော်လှန်ရေးကြီးနှင့် ပြည်သူလူထုတစ်ရပ်လုံးကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်သို့ ပြန်ပို့ရန် ကြံစည်အားထုတ်မှုတစ်ရပ်သာ ဖြစ်သည်” ဟုလည်း ဖေါ်ပြထားသည်။

အာဏာသိမ်းစစ်ကောင်စီသည် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၏ ခုခံတွန်းလှန်မှု၊ အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ PDFs တို့၏ တန်ပြန်တွန်းလွန်မှုတို့ကို အပြင်းအထန် ခုခံနေရသည်။

စစ်ကောင်စီသည် ရွေးကောက်ပွဲနှင့် ပတ်သက်၍ “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပြီးအပိုင်ဖျက်သိမ်းရေး၊ စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး စသည့် နွေဦးတော်လှန်ရေး၏ ရည်မှန်းချက်များကို ဆန့်ကျင်ဖျက်ဆီးရန်၊ အင်အားစုအသီးသီးကြား အတွေးအကြံများ ရှုပ်ထွေးသွားစေရန်၊ အင်အားစုအသီးသီးကြား သွေးစည်းညီညွတ်ရေး လျော့ရဲသွားစေရန်နှင့် ယနေ့ စစ်ကောင်စီရင်ဆိုင်နေရသည့် အကျပ်အတည်းပေါင်းစုံမှ ရုန်းထွက်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းသာ ဖြစ်သည်” ဟုလည်း DPNS က ဆိုသည်။

ထို့ပြင် အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် နွေဦးတော်လှန်ရေးနှင့် လူမျိုးပေါင်းစုံတို့ကို ရွေးကောက်ပွဲနှင့် လှည့်စားရန် စစ်ကောင်စီက ကြံစည်နေသည်ဟုလည်း DPNS က ဆိုသည်။ ထို့ကြောင့် “ရွေးကောက်ပွဲကို နည်းသဏ္ဌာန်ပေါင်းစုံဖြင့် ဆန့်ကျင်သွားမည်” ဟု ဆိုသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်နေ့တွင် စတင်တည်ထောင်ခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် နိုင်ငံအတွင်း နဝတ စစ်အစိုးရ၏ ဖိနှိပ်မှုများကြောင့် ရပ်တည်နိုင်ခွင့်မရှိတော့ဘဲ ပါတီခေါင်းဆောင်များပါ လွတ်မြောက်နယ်မြေသို့ ပြောင်းရွှေ့လာခဲ့ကြရသည်။

ယင်းနောက် ၂၀၁၃ ခုနှစ်တွင် ပါတီခေါင်းဆောင်များ ပြည်တွင်းပြန်လည်ဝင်ရောက်သွားကြပြီး ၂၀၁၄ အောက်တိုဘာလ ၂၄ ရက်တွင် တရားဝင်ပါတီအဖြစ် ပြန်လည်ရပ်တည်လာခဲ့သည်။ လက်ရှိ ပါတီဥက္ကဋ္ဌမှာ ဦးအောင်မိုးဇော်ဖြစ်သည်။

DPNS သည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်၊ မန္တလေး၊ ဧရာဝတီတိုင်းတို့ရှိ မဲဆန္ဒနယ်အချို့တွင် ကိုယ်စားလှယ်လောင်အချို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ပါတီကိုယ်စားလှယ်လောင်း ၁၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၈၀ ရာခိုင်နှုန်းနီးပါး အနိုင်ရခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို မဲမသမာမှုအကြောင်းပြကာ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ထားသည်။

ထို့နောက် စစ်ကောင်စီသည် ရွေးကောက်ပွဲကော်မရှင်အသစ် ပြန်လည်ဖွဲ့စည်းကာ အချိုးကျကိုယ်စားပြုစနစ် Proportional representation (PR) ကို ကျင့်သုံးရန် ပြင်ဆင်လျက်ရှိနေသည်။ ထို PR စနစ်ကျင့်သုံးရန် ကြံ့ခိုင်ရေးပါတီ USDP နှင့် နိုင်ငံရေးပါတီ ၂၀ ကျော်က သဘောတွေ့နေကြောင်း ယင်းတို့ ပူးပေါင်းထုတ်ပြန်သည့် ထုတ်ပြန်ချက်များအရ သိရသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Related Articles

Back to top button