သတင်း

လုံခြုံရေးထူထပ်စွာဖြင့် ကြံ့ခိုင်ရေးပါတီထိပ်သီးအစည်းအဝေး ပြုလုပ်နေ

ပါတီဥက္ကဋ္ဌအပါအဝင် ထိပ်ပိုင်းခေါင်းဆောင်အပြောင်းအလဲဖြစ်ဖွယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ထိပ်သီးအစည်းအဝေးကို နေပြည်တော်ရှိ ပါတီဌာနချုပ်တွင် လုံခြုံရေးထူထပ်စွာဖြင့် ယနေ့ (ဇွန် ၈) တွင် စတင်ကျင်းပနေသည်။

နှစ်ရက်ကြာ ကျင်းပမည့်အစည်းအဝေးတွင် ပါတီဥက္ကဋ္ဌများနှင့် ဗဟိုကော်မတီဝင်များ အပြောင်းအလဲရှိနိုင်သည်ဟု နီးစပ်သူများက ဆိုပြီး ပါတီရုံးဝင်းအတွင်း လက်နက်ကိုင်စစ်သားများ လုံခြုံရေးယူထားကာ အပြင်ဘက်တွင်လည်း လက်နက်ကိုင်စစ်သားများနှင့် စစ်ကားများရှိနေသည်ဟု သိရသည်။

“ပါတီဌာနချုပ်ဝင်းရဲ့ ပတ်ဝန်းကျင်မှာတော့ ထိုက်သင့်တဲ့ လုံခြုံရေးတွေလည်း ရှိပါတယ်။ သူတို့ ဌာနချုပ်မှာ နေထိုင်နေတဲ့ အချိန်အတွင်းမှာတော့ လုံခြုံစိတ်ချရနိုင်တဲ့ အနေအထားအထိတော့ ဖန်တီးပေးထားတာပေါ့” ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေက ယနေ့ မွန်းလွဲပိုင်းတွင် Myanmar Now ကို ပြောသည်။

နေပြည်တော် လယ်ဝေးမြို့နယ်အနီး ဒက္ခိဏသီရိမြို့နယ်၊ ကံ့ကော်ပန်းအဝိုင်းအနီးရှိ ကြံ့ခိုင်ရေးပါတီဌာနချုပ်ဝန်းကျင် သွားလာသူများကို ယာဉ်ထိန်းရဲများက စစ်ဆေးနေသလို လုံခြုံရေးစောင့်ကြပ်နေသော ရဲနှင့် စစ်သားများလည်းရှိသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ထိုကံ့ကော်အဝိုင်းနှင့် မလှမ်းမကမ်းတွင် ပြီးခဲ့သည့် မေလ ၁၆ ရက်က ဗုံးပေါက်ကွဲခဲ့သည်။ စစ်တပ်ထောက်ခံပွဲသွားရောက်ရန် စုရုံးနေသည့် ကြံ့ခိုင်ရေးပါတီဝင်များကို ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း နေပြည်တော်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တာဝန်ရှိသူက ထိုစဉ်က ပြောသည်။ 

အာဏာသိမ်းစစ်ကောင်စီက လာမည့် ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပပေးမည်ဖြစ်ကြောင်း လေသံပစ်ထားသည့်နည်းတူ ကြံ့ခိုင်ရေးပါတီကလည်း နှစ်အတန်ကြာ ပျက်ကွက်နေသည့် ထိပ်သီးအစည်းအဝေးကို ကျင်းပလာခြင်းဖြစ်သည်။

ဆန့်ကျင်တော်လှန်သူများက စစ်တပ်နှင့် စစ်တပ်ကျောထောက်နောက်ခံပြုသူများကို တိုက်ခိုက်နေချိန်တွင် ကြံ့ခိုင်ရေးပါတီက လုံခြုံရေးထူထပ်စွာဖြင့် ကျင်းပနေခြင်းဖြစ်သည်။ 

လုံခြုံရေးအရ အမည်မဖော်လိုသည့် အစည်းအဝေးတက်ရောက်နေသူ ပါတီဝင်တစ်ဦးက “တအား အဓိကကျတာပေါ့ဗျာ။ CEC ပြန်ရွေးတာတို့၊ ဥက္ကဋ္ဌကအစ ပြန်ရွေးလို့ရတယ်။ သူက ဒီမှာရွေးတာ။ ဟဲဗီးအရေးကြီးတယ်။ အပြောင်းအလဲဖြစ်သွားခြင်း၊ မဖြစ်သွားခြင်းကတော့ ပါတီဗဟိုကော်မတီဝင် ၄၀၀ လောက်ရဲ့ သဘောထားက အဓိကကျတာပေါ့” ဟု ပြောသည်။

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ကြံ့ခိုင်ရေးပါတီဌာနချုပ်အပြင်ဘက်တွင် လုံခြုံရေးယူထားသူအချို့ကို တွေ့ရစဉ်။ (ဓာတ်ပုံ​ – Supplied) 

ပါတီထိပ်ပိုင်းခေါင်းဆောင်အပြောင်းအလဲနှင့် ပတ်သက်၍ မနက်ဖြန် (ဇွန်လ ၉ရက်) မှသာ သိရနိုင်သည်ဟုလည်း ၎င်းက ပြောသည်။

ကြံ့ခိုင်ရေးပါတီပြောရေးဆိုခွင့်ရှိသူ နောက်တစ်ဦးဖြစ်သည့် ဒေါက်တာနန္ဒာလှမြင့်ကို ဆက်သွယ်မေးမြန်းရာတွင်လည်း ပါတီထုတ်ပြန်ချက်ကိုသာ စောင့်ကြည့်ရန် အကြောင်းပြန်သည်။

ထိပ်သီးအစည်းအဝေးကို ရည်ရွယ်ချက်ငါးချက်ဖြင့် ပြုလုပ်နေခြင်းဖြစ်ကာ လာမည့်ရွေးကောက်ပွဲ အနိုင်ရရှိရေးလည်း ပါဝင်ကြောင်း ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောသည်။

၂၀၁၆ ခုနှစ်မှစ၍ လက်ရှိအချိန်ထိ ပါတီဥက္ကဋ္ဌဖြစ်သူ ဦးသန်းဌေးမှာ ယခင်စစ်အစိုးရလက်ထက်တွင် စွမ်းအင်ဒုဝန်ကြီးနှင့် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် စွမ်းအင်ဝန်ကြီး၊ ရထားပို့ဆောင်ရေးဝန်ကြီးအဖြစ် တာဝန်ယူဖူးသည်။

ပါတီဒုတိယဥက္ကဋ္ဌများမှာ စစ်ဗိုလ်ချုပ်ဟောင်းများဖြစ်သည့် ဦးခင်ရီ၊ ဦးမြတ်ဟိန်းနှင့် ဦးလှထွန်းတို့ ဖြစ်သည်။ 

ဦးသန်းဌေးသည် ၎င်း၏ဥက္ကဋ္ဌသက်တမ်းတိုးနိုင်ရန် ဥပဒေစည်းမျဉ်းများကို ပြင်ဆင်လိုသည့်အတွက် ပါတီအတွင်း မကျေနပ်မှုများ ကျယ်ကျယ်ပြန့်ပြန်ထွက်ပေါ်နေသည်ဟု ပါတီနှင့် နီးစပ်သူများက ဆိုသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

ကြံ့ခိုင်ရေးပါတီခေါင်းဆောင်ပိုင်းနှင့် ပတ်သက်၍ ထိပ်သီးဗဟိုကော်မတီဝင်တစ်ဦးဖြစ်သော မင်းကင်းမြို့နယ်လွှတ်တော်အမတ်ဟောင်း ဦးမောင်မြင့်က ၎င်း၏လူမှုကွန်ရက်တွင် “ညံ့ဖျင်းတဲ့ ခေါင်းဆောင်မှုအောက်မှာ တောက်ပြောင်တဲ့ပါတီ ဖြစ်မလာနိုင်ပါဘူး” ဟု ရေးသားထားသည်။

ထို့ပြင် ၎င်းအနေဖြင့် ပါတီဥက္ကဋ္ဌအဖြစ် ဦးသောင်းအေးနှင့် ဦးခင်ရီကို သဘောကျကြောင်းလည်း ရေးတင်ထားသည်။

ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌနေရာနှင့် ပတ်သက်၍ သမ္မတဦးသိန်းစိန်နှင့် လွှတ်တော်ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းတို့ကြား အားပြိုင်မှုများရှိခဲ့ပြီးနောက် ၂၀၁၅ ခုနှစ် ဩဂုတ်လအတွင်းက သူရဦးရွှေမန်းဖြုတ်ခံရချိန်တွင် သန်းခေါင်ယံအာဏာသိမ်းပွဲဟု အမည်တွင်ခဲ့သည်။​

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဝင်ရောက်ယှဉ်ပြိုင်သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီက ၄၁ နေရာ အနိုင်ရခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင်မူ ၃၃ နေရာသာ အနိုင်ရရှိသည်။

ရွေးကောက်ပွဲတွင် အပြတ်အသတ်ရှုံးနိမ့်ပြီးနောက် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီက ရွေးကောက်ပွဲရလဒ်ကို လက်မခံကြောင်း အကြိမ်ကြိမ်ထုတ်ပြန် ကန့်ကွက်သည့်ပြင် စစ်တပ်ထောက်ခံပွဲများကိုလည်း ဦးဆောင်ကျင်းပခဲ့သည်။

ရွေးကောက်ပွဲအပြီး နှစ်လကျော်အကြာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အရပ်သားအစိုးရကို ဖြုတ်ချပြီး NLD ပါတီခေါင်းဆောင်များနှင့် ပါတီတာဝန်ရှိသူ ရာဂဏန်းကို ထိန်းသိမ်းကာ တိုင်းပြည်အာဏာသိမ်းယူခဲ့သည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button