သေဒဏ်ချမှတ်ခံထားရသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ လွှတ်တော်အမတ် ဦးဖြိုးဇေယျာသော်တို့နှင့် ပတ်သက်၍ ကွပ်မျက်မိန့်ကို အမှန်တကယ် ဆက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ထပ်မံပြောဆိုသည်။
နိုင်ငံတကာအသိုင်းအဝိုင်းက အပြင်းအထန် ဝေဖန်ကန့်ကွက်နေသော်လည်း ကြိုးပေးကွပ်မျက်မည့်အစီအစဉ်ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့ (ဇွန် ၇) တွင် RFA သတင်းဌာနကို ထပ်မံအတည်ပြုသည်။
အာဏာသိမ်းစစ်ကောင်စီ၏ တရားရုံးများက သေဒဏ်ချမှတ်ထားသူများအထဲမှ ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်တို့ အပါအဝင် အင်းစိန်ထောင်၌ ထိန်းသိမ်းခံထားရသည့် ဦးလှမျိုးအောင်၊ ဦးအောင်သူရဇော်တို့ လေးဦး၏ စီရင်ချက်များနှင့် ပတ်သက်ပြီး ဆက်လက်လုပ်ဆောင်မည်ဟု စစ်ကောင်စီက ဇွန် ၁ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
“သေဒဏ်ပေးမှုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အစိုးရအနေနဲ့ ပြစ်မှုနဲ့ညီတဲ့ ပြစ်ဒဏ်ကို ပေးနိုင်ဖို့ ဆောင်ရွက်လျက်ရှိတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုပွဲတွင် ထည့်သွင်းပြောဆိုခဲ့သည်။
ထင်ရှားသည့် နိုင်ငံရေးသမားတစ်ဦးဖြစ်သော ဦးဂျင်မီကို ဒဂုံမြို့သစ်မြောက်ပိုင်းတွင် ယမန်နှစ် အောက်တိုဘာ ၂၃၊ ဦးဖြိုးဇေယျာသော်ကို ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရတနာနှင်းဆီအိမ်ရာတွင် နိုဝင်ဘာ ၁၈ တို့တွင် စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
၎င်းတို့နှစ်ဦးလုံးသည် ရန်ကုန်မြို့ပေါ် ဖောက်ခွဲတိုက်ခိုက်မှုများ ပြုလုပ်သည့် မြို့ပြပြောက်ကျားအဖွဲ့များကို ဦးဆောင်သူများဖြစ်သည်ဆိုကာ စစ်ကောင်စီက ကြီးလေးသော ပုဒ်မများဖြင့် အမှုဖွင့်ပြီးနောက် စစ်ခုံရုံးက သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ထို့အတူ ဦးလှမျိုးအောင်နှင့် ဦးအောင်သူရဇော်တို့ နှစ်ဦးသည်လည်း ပြီးခဲ့သည့်နှစ် မတ်လအတွင်းက လှိုင်သာယာမြို့နယ်၌ အမျိုးသမီးတစ်ဦးကို သတ်ဖြတ်သည်ဆိုကာ သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
အာဏာသိမ်းပြီးနောက်ပိုင်း လှိုင်သာယာမြို့နယ်အပါအဝင် ရန်ကုန်ရှိ မြို့နယ်အချို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာကာ ဖမ်းဆီးရမိသည့် ဆန့်ကျင်တော်လှန်သူများကို စစ်ခုံရုံးဖြင့် သေဒဏ်များ ချမှတ်ခဲ့သည်။
စစ်ကောင်စီတရားရုံးများက သေဒဏ်ချမှတ်ထားသူ ၇၃ ဦးရှိပြီး ထိုအထဲတွင် အသက် ၁၈ နှစ်အောက် နှစ်ဦးပါဝင်ကြောင်း၊ ၄၁ ဦးကို မျက်ကွယ်သေဒဏ် ချမှတ်ထားကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်းအတွင်း ၆ မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် အမှု ၂၃ မျိုးကို စစ်ခုံရုံးဖြင့် စီရင်မည်ဖြစ်ကြောင်းလည်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။
စစ်ခုံရုံးများက အပြီးအပြတ် စီရင်နိုင်သည်ဆိုသော်လည်း သေဒဏ်စီရင်ချက်ကိုမူ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သာ အတည်ပြုနိုင်ကြောင်း စစ်ကောင်စီ၏ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အာဏာသိမ်းပြီး တစ်နှစ်ကျော်လာသော်လည်း နိုင်ငံအနှံ့ ဆန့်ကျင်တော်လှန်ရေး စစ်ပွဲများကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထိန်းချုပ်နိုင်ခြင်း မရှိသော စစ်ကောင်စီက ဖမ်းဆီးရမိထားသူများကို သေဒဏ်စီရင်မည့်အကြောင်း ထုတ်ပြောလာသည်။
မည်သည့်အချိန်တွင် စီရင်ကွပ်မျက်မည်ကိုမူ စစ်ကောင်စီက အသေးစိတ်ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
ထောင်များက အကျဉ်းသားများ မိသားစုနှင့် တွေ့ဆုံခွင့်ကို ကိုဗစ်ကပ်ဘေးကာလ အစပိုင်းကတည်းက ပိတ်ပင်ထားသည်။
အင်းစိန်ထောင်ရောက် ဦးဂျင်မီ ၊ ဦးဖြိုးဇေယျာသော်တို့မှာ မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်နေကြောင်း၊ မပြီးပြတ်သေးသည့် အမှုများရှိသော်လည်း ရုံးထုတ်စစ်ဆေးခြင်း မရှိကြောင်း တရားလွှတ်တော်ရှေ့နေတစ်ဦးက Myanmar Now ကို ပြောသည်။
“သက်ရှိထင်ရှားရှိနေသေးတယ်။ အင်းစိန်ထောင်တွင်းမှာပဲ ရှိနေတာ” ဟု ၎င်းက ယမန်နေ့တွင် ပြောသည်။
စစ်ကောင်စီက ထင်ရှားသည့် အကျဉ်းသားများကို သေဒဏ်စီရင်မည်ဟူသော ပြောဆိုချက်နှင့် စပ်လျဉ်း၍ နိုင်ငံတကာနှင့် သံတမန်အသိုင်းအဝိုင်းနည်းတူ တော်လှန်ရေးအင်အားစုများနှင့် နိုင်ငံရေးနယ်ပယ်မှ ထင်ရှားသူများကလည်း ကန့်ကွက်ထားသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါ်လာသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် တိုင်းရင်းသားအစုအဖွဲ့များ ပါဝင်သော အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကလည်း ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်သည်။
ပြည်တွင်းရှိ နိုင်ငံတကာသံရုံးအချို့ကလည်း တရားမဝင်အစိုးရဖြစ်သော စစ်ကောင်စီ၏ သေဒဏ်ဆိုင်ရာ ပြောကြားချက်ကို ဝေဖန်ကန့်ကွက်ထားရာ စစ်ကောင်စီကလည်း ယင်းထုတ်ပြန်ချက်များကို တုံ့ပြန်ကန့်ကွက်ထားသည်။
၁၉၈၈ စစ်အာဏာသိမ်းမှုမတိုင်မီက မြန်မာနိုင်ငံအကျဉ်းထောင်များတွင် သေဒဏ်ကျအကျဉ်းသားများကို ကွပ်မျက်ခဲ့သည်။ ယင်းနောက်ပိုင်းတွင် တရားရုံးများက သေဒဏ်ချမှတ်သော်လည်း လက်တွေ့ကြိုးပေးကွပ်မျက်ခြင်း မရှိခဲ့ပေ။
စစ်ကောင်စီဘက်က သေဒဏ်ကျအကျဉ်းသား ကွပ်မျက်မည့်အစီအစဉ်ကို အမှန်တကယ်လုပ်ဆောင်မည်ဆိုပါက သက်ရောက်မှုအတိုင်းအတာမှာ ခန့်မှန်း၍ မရအောင် ပြင်းထန်မည်ဟု ဝါရင့်တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောဆိုသည်။
“လက်စားချေမှုတွေ၊ မြေပြင်တိုက်ပွဲတွေ၊ သံတမန်တိုက်ပွဲတွေကတော့ အကြီးအကျယ်ဖြစ်မယ်။ ပြည်သူလူထုက အကြီးအကျယ်မုန်းတီးမယ်” ဟု ၎င်းက ဆိုသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)