နိုင်ငံရေးအကျဉ်းသားအချို့ကို အာဏာသိမ်းစစ်ကောင်စီက သေဒဏ်စီရင်မည်ဟု ပြောဆိုခြင်းနှင့် ပတ်သက်ပြီး တော်လှန်ရေးအင်အားစုများက ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ယနေ့ (ဇွန် ၇) တွင် ကြေညာချက်များ အသီးသီးထုတ်ပြန်သည်။
ထုတ်ပြန်ကြသည့်အထဲတွင် ၂၀၂၀ ရွေးကောက်ပွဲနိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အမတ်အများစုဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် တိုင်းရင်းသားအစုအဖွဲ့များ ပါဝင်သော အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့လည်း ပါဝင်သည်။
ဖမ်းဆီးပြီးနောက် သေဒဏ်ချမှတ်ခံထားရသူများဖြစ်သည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်အပါအဝင် လူအချို့ကို သေဒဏ်စီရင်မည်ဟု ပြောဆိုခြင်းနှင့် ပတ်သက်၍ စစ်ကောင်စီက ဆောင်ရွက်ခွင့်မရှိကြောင်း CRPH က ဆိုသည်။
စစ်ကောင်စီ၏ သေဒဏ်စီရင်ချက်များသည် နိုင်ငံတော်၏ တည်ဆဲဥပဒေများသာမက နိုင်ငံတကာသဘောတူစာချုပ်များ၊ ဥပဒေများကို လေးစားလိုက်နာခြင်းမရှိဘဲ ပြောင်ပြောင်တင်းတင်း ချိုးဖောက်ဆောင်ရွက်သည့် လူမဆန်သောလုပ်ရပ်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
ယမန်နှစ်အတွင်း စစ်အုပ်ချုပ်ရေးကြေညာထားသည့် ဒဂုံမြို့သစ်မြောက်ပိုင်းတွင် အောက်တိုဘာ ၂၃ က ဦးဂျင်မီကိုလည်းကောင်း၊ နိုဝင်ဘာ ၁၈ တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရတနာနှင်းဆီအိမ်ရာ၌ ဦးဖြိုးဇေယျာသော်ကိုလည်းကောင်း စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။
ထို့နောက် ၎င်းတို့ကို လက်နက်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခြင်း၊ အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ခြင်း၊ ပြုလုပ်ရန် ညွှန်ကြားခြင်းတို့ဖြင့် စစ်ကောင်စီက အမှုဖွင့်ခဲ့သည်။
ယခုနှစ် ဇန်နဝါရီ ၂၁ ၌ စစ်ကောင်စီ၏ စစ်ခုံရုံးက ၎င်းတို့နှစ်ဦးကို အကြမ်းဖက်မှုဥပဒေ ရာဇသတ်ကြီး ပုဒ်မ ၄၉ (က)၊ ၅၀ (စျ)၊ ၅၀ (ည) ပုဒ်မတို့ဖြင့် သေဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ဇွန် ၂ သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်တို့၏ အယူခံကို ပလပ်လိုက်ပြီး သေဒဏ်အမိန့်ကို အထမြောက်အောင် ဆက်လက်အကောင်အထည်ဖော်နေကြောင်း၊ အမှန်တကယ် သေဒဏ်ချမည့်အကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
ထိုပြောဆိုမှုအပေါ် NUCC ကလည်း ပြင်းထန်စွာကန့်ကွက်ရှုတ်ချခဲ့ပြီး စစ်ကောင်စီသည် ကြီးလေးသည့် ရာဇဝတ်ပြစ်မှုကို ကျူးလွန်နေခြင်းဖြစ်ကြောင်း၊ စစ်အုပ်စုကို နိုင်ငံတကာခုံရုံးတွင် အပြစ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း NUCC ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
CRPH ကလည်း စစ်ကောင်စီအလိုကျ ဆောင်ရွက်ပေးနေသည့် တရားရုံးများသည်လည်း ရာဇဝတ်မှုမြောက် ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သောကြောင့် တရားဥပဒေအရ ထိရောက်စွာ အရေးယူအပြစ်ပေးခံရမည်ဖြစ်ကြောင်း၊ ယင်းသို့ အပြစ်ပေးနိုင်ရန် CRPH အနေဖြင့် ပြည်တွင်းပြည်ပတော်လှန်ရေးအင်အားစုများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်တို့သည် မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်နေပြီး အင်းစိန်ထောင်တွင်း၌ ချုပ်နှောင်ထားသည်မှာ တစ်လခန့် ရှိနေပြီးဖြစ်ကြောင်း အတည်မပြုသေးသည့် သတင်းများအရ သိရသည်။
သေဒဏ်စီရင်မှု အကောင်အထည်ဖော်ခြင်းမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ အတည်ပြုချက်ရမှ အတည်ဖြစ်မည်ဟု စစ်ကောင်စီက သတ်မှတ်ထားသည်ဟု ဆိုသည်။
သေဒဏ်စီရင်ချက် ချခံထားရသူများကို ကွပ်မျက်ပါက လူထု၏ မုန်တီးနာကြည်းမှု၊ ပိုမိုအားကောင်းသည့် ဆန့်ကျင်တော်လှန်မှုများ မလွဲမသွေပေါ်ပေါက်လာမည်ဟု NUG ၏ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဇွန် ၄ ရက်တွင် Myanmar Now ကို ပြောထားသည်။
“တကယ်တမ်း ကြိုးပေးပြီး သတ်ဖြတ်မယ်ဆိုရင် မလိုလားအပ်တဲ့ တုံ့ပြန်မှုတွေ၊ နာကြည်းမှုကြောင့် ပိုပြီးတော့ ပြင်းထန်တဲ့ ဆန့်ကျင်မှုတွေဖြစ်လာမှာ မလွဲမသွေပါပဲ၊ အကြောက်တရားနဲ့ ခြိမ်းခြောက်ပေမဲ့ စစ်ကောင်စီကို စိန်ခေါ်ရင်ဆိုင်မဲ့ လူထုရဲ့ လှုပ်ရှားမှုတွေ အားကောင်းမယ်ဆိုတာ ကောင်းကောင်း နားလည်သဘောပေါက်ဖို့ လိုပါတယ်” ဟု သူက ဆိုသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အချက်အလက်များအရ သေဒဏ်ချခံထားရသူ ၁၁၄ ဦးရှိပြီး ယင်းတို့အထဲတွင် အသက်မပြည့်သေးသူ ၂ ဦး ပါဝင်နေသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ယမန်နှစ် မတ် ၁၅ ကတည်းက ရန်ကုန်တိုင်းရှိ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)နှင့် မြောက်ဥက္ကလာမြို့နယ်တို့ကို စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် ကြေညာခဲ့ပြီး စစ်ခုံရုံးဖွင့်လှစ်စစ်ဆေးကာ သေဒဏ်ချမှတ်နေခြင်း ဖြစ်သည်။
၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပြီးနောက် တတိယအကြိမ်လွှတ်တော်များကို ဖျက်သိမ်းလိုက်ကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းခဲ့သည်။
ထိုနှစ် ဖေဖော်ဝါရီ ၅ တွင် ပြည်ထောင်စုလွှတ်တော်အမတ် ၁၇ ဦးက ဦးဆောင်ကာ CRPH ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
အလားတူ ယမန်နှစ် မတ် ၈ တွင် ထူထောင်သည့် NUCC ၌ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဖြင့် ဖွဲ့စည်းထားသော CRPH, တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီ၊ ပြည်နယ်/လူမျိုးစုကို အခြေခံ၍ ဖေဖော်ဝါရီ ၁ နောက်ပိုင်းဖွဲ့ထားသည့် အတိုင်ပင်ခံကောင်စီများ ပါဝင်သည်။
သေဒဏ်စီရင်ချက် ချမှတ်ခဲ့မှုနှင့် ပတ်သက်၍ ရန်ကုန်မြို့ ပြင်သစ်သံရုံး၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူတို့က ကန့်ကွက်ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ထုတ်ပြန်ပြောကြားထားကြသည်။
စစ်ကောင်စီကလည်း ထိုသူတို့၏ ပြောဆိုချက်၊ ထုတ်ပြန်ချက်များမှာ တာဝန်မဲ့ကြောင်း၊ တရားမဝင်စစ်အစိုးရဟု သုံးနှုန်းမှုကို ပြင်းထန်စွာကန့်ကွက်ကြောင်း ယမန်နေ့က ထုတ်ပြန်ကြေညာထားသည်။
အဆိုပါ ထုတ်ပြန်ပြောဆိုချက်များမှာ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း ဖြစ်သည်ဟု အာဏာသိမ်းစစ်ကောင်စီ၏ ထုတ်ပြန်ချက်က ဆိုသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)