သတင်း

မိုးတွင်းတွင် တိုက်ပွဲအရှိန်မြှင့်မည်ဟု NUG ပြော

အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား နိုင်ငံအနှံ့ တိုက်ပွဲပြင်းထန်လာခဲ့သည်မှာ ၁ နှစ်နီးပါး ကြာမြင့်လာချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က  လာမည့်မိုးရာသီ၌ပင် တိုက်ပွဲအရှိန်မြှင့်သွားမည်ဟု ပြောသည်။ 

စစ်တပ်၏ လေကြောင်းအသုံးပြုနိုင်သည့် အခြေအနေ၊ လက်နက်ကြီး ပစ်ခတ်အသုံးပြုနိုင်သည့် အခြေအနေများမှာ မိုးရွာသီတွင် ကန့်သတ်ချက်များစွာရှိလာမည်ဖြစ်၍ ထိုအချက်ကို အသုံးချမည်ဟု NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်က  ဆိုသည်။

“မိုးတွင်းမှာတော့ စစ်ကောင်စီဘက်က လေကြောင်းအသုံးပြုနိုင်တဲ့ လက်နက်ကြီးအသုံးပြုနိုင်တဲ့အနေအထား အကန့်အသတ်အများကြီးရှိသွားပါပြီ။ သူတို့ရဲ့ အကန့်အသတ်ဖြစ်မှုအပေါ်မှာ မူတည်ပြီးတော့ ဒီတော်လှန်ရေးကို ပိုပြီးတော့ ကြီးမားလာအောင် လုပ်ဖို့ရှိပါတယ်” ဟု အမြဲတမ်းအတွင်းဝန်က ပြောသည်။ 

ယမန်နှစ်မိုးရာသီက စစ်ရေးအတွေ့အကြုံရှိခဲ့သည့် PDF ရဲဘော်များလည်း ရှိနေပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ အကူအညီဖြင့် ပြည်သူ့စစ်မဟာဗျူဟာကို ဖော်ဆောင်သွားမည်ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။ 

“လက်နက်တွေကို သုံးစွဲနိုင်တဲ့ စွမ်းရည်ပေါ့။ လက်နက်ကြီးတွေကို တချို့နေရာတွေမှာ သုံးစွဲရမဲ့ အနေအထားမျိုးရှိတော့ ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်နေပါတယ်” ဟု ဦးနိုင်ထူးအောင်က ဆိုသည်။

“နောက်တစ်ခုက တပ်ရင်းတပ်ဖွဲ့အလိုက် တိုက်ခိုက်တဲ့အခါမှာ လေ့ကျင့်မှုနဲ့ အတွေ့အကြုံနဲ့ လိုအပ်နေတော့ ဒါတွေနဲ့ ပတ်သက်ပြီးတော့ အတွေ့အကြုံရှာဖွေထားတာတွေ ရှိပါတယ်”

PDF ရဲဘော်များ၏ စားဝတ်နေရေးနှင့် လက်နက်ခဲယမ်း ရရှိရေးမှာလည်း မိုးရာသီကာလ လမ်းပန်းဆက်သွယ်ရေးအခြေအနေကြောင့် ခက်ခဲလာနိုင်သော်လည်း ထိုအခက်အခဲကို ပြည်သူလူထု၏ အကူအညီဖြင့် ရင်ဆိုင်ကျော်ဖြတ်သွားမည်ဟု ၎င်းက ဆက်ပြောသည်။  

မိုးရာသီကာလတွင် ရာသီဥတုအခြေအနေကြောင့် စစ်တပ်၏ စစ်ရေးစွမ်းရည် ကျဆင်းလာနိုင်သည့်အခြေအနေကို အကျိုးရှိရှိ အသုံးချနိုင်ရန် လိုအပ်သည်ဟု နေပြည်တော် အမှတ် ၄၅ ကင်းထောက်လေတပ်စခန်းမှ အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်လာသူ ဗိုလ်ကြီးဇေသူအောင်က သုံးသပ်သည်။ 

မိုးတွင်းကာလတွင် စစ်တပ်သုံး MI 35, MI 17 ရဟတ်ယာဉ်များကို ရှေ့တန်းသို့ မပို့နိုင်တော့ဘဲ သက်ဆိုင်ရာ တပ်စခန်းများတွင် ပြန်လည်ထားရှိရသောကြောင့် မိုးတွင်းတိုက်ပွဲများတွင် လေယာဉ်ပစ်ကူကို အသုံးပြုနိုင်ရန်မှာ အခက်အခဲများရှိနေကြောင်း ၎င်းက ပြောသည်။

“စစ်ကောင်စီက အရင်တုန်းက ပုံမှန်တောင်မှ တိုက်တဲ့အချိန်မှာ ခြေလျင်တွေနဲ့ လူအင်အား စစ်ကူပေးဖို့ အရမ်းခက်တယ်။ သူတို့ မလာနိုင်ဘူး။ တိုက်ပွဲတစ်ခုဖြစ်ပြီဆိုရင် လက်နက်ကြီးနဲ့ ပစ်မယ်၊ လက်နက်ကြီးနဲ့ မနိုင်ရင် လေယာဉ်ပစ်ကူခေါ်မယ်” ဟု ဗိုလ်ကြီးဇေသူအောင်က ဆိုသည်။ 

ထို့ပြင် မိုးတွင်းကာလအတွင်း တိုက်ပွဲဖြစ်ရာနေရာသို့ အရောက်သွားရသည်မှာ ခက်ခဲပြီး တိုက်ခိုက်ရာတွင်လည်း မြင်ကွင်းကန့်သတ်ချက်များကြောင့် ပစ်မှတ်ဧရိယာကို မမှန်းဆနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။ 

“မိုးရွာပြီဆိုရင် လေပြင်းလေ့ရှိတယ်။ လက်နက်ကြီးကျည်တွေဆိုရင်လည်း သူတို့ ပစ်ချင်တဲ့ နေရာကို ကျဖို့အတွက်က အရမ်းခက်တယ်။ အဝေးကနေ လှမ်းပစ်ရတဲ့ ဟာမျိုးဖြစ်တယ်” ဟု ဗိုလ်ကြီးဇေသူအောင်က ပြောသည်။ 

သို့သော်လည်း စစ်ကောင်စီတပ်က မိုးတွင်းကာလအတွက် ရင်ဆိုင်ရမည့် အခက်အခဲများကို ကျော်လွှားနိုင်ရန် ဧပြီလမှစ၍ လက်နက်၊ ခဲယမ်းနှင့် ရိက္ခာများ စုဆောင်းနေကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။ 

ပြီးခဲ့သည့် ဧပြီလမှစ၍ စစ်ကောင်စီတပ်က ရှေ့တန်းစခန်းများရှိရာ ကယားပြည်နယ် ဖရူဆိုနှင့် ဘော်လခဲမြို့နယ်များသို့ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများ လုပ်ဆောင်နေပြီး မိုးရာသီမရောက်မီ အပြီးအစီးဆောင်ရွက်နေသည်ဟု ယူဆကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ပြန်ကြားရေးတာဝန်ခံက ပြောသည်။ 

“လက်နက်ခဲယမ်းတွေ၊ ရိက္ခာတွေ အင်အားဖြည့်တင်းတာတွေ သူတို့လုပ်နေတယ်၊ ခုကတည်းက သူတို့ ကြိုတင်ပြင်ဆင်နေတာဖြစ်တဲ့အတွက် မိုးတွင်းပဲဖြစ်ဖြစ်ပေါ့နော်၊ လာမဲ့ရာသီတွေမှာ တော်တော်လေးကို ပြင်းပြင်းထန်ထန်လုပ်မဲ့ အနေအထားမျိုးရှိတယ်” ဟု ၎င်းက ပြောသည်။ 

PDF တပ်ဖွဲ့များအနေဖြင့်လည်း မိုးရာသီဖြစ်၍ ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းများ ခက်ခဲသွားနိုင်ပြီး ရိက္ခာအခက်အခဲရှိနိုင်ကြောင်း၊ စိုက်ပျိုးရေးရာသီတွင် ပြည်သူလူထု၏ စိုက်ပျိုးသီးနှံများ ပျက်စီးမည်ကို စိုးရိမ်ရ၍ တိုက်ပွဲဖော်ဆောင်ရန် ခက်ခဲကြောင်း KNDF ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

“မိုးရာသီမှာကတော့ မိုးရွာတာတွေ မုန်တိုင်းရှိတာတွေ ရာသီဥတုက ခက်ခဲတဲ့ အချိန်မှာ လေယာဉ်သုံးတာက လျော့နိုင်တယ်လို့ ထင်တယ်” ဟု ၎င်းက ပြောသည်။

KNDF အခြေစိုက်သည့် ကရင်နီပြည်နယ်အတွင်း မြို့တော် လွိုင်ကော်ကိုပင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ယခုနှစ်ဆန်းပိုင်းအထိ စိုးမိုးနိုင်ခဲ့သည့် အခြေအနေတွင် ရှိခဲ့ပြီး ယနေ့အထိ ပြည်နယ်အတွင်း စစ်ကောင်စီနှင့် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေသည်။

စစ်မြေပြင်တွင် PDF နှင့် မဟာမိတ်တပ်များကြောင့် အဘက်ဘက်မှ အထိနာလာသည့် စစ်ကောင်စီတပ်သည် အရပ်သားပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်နေသလို လေကြောင်းနှင့် လက်နက်ကြီးများကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြောင်း ပြီးခဲ့သည့် မတ်လက ထုတ်ပြန်သည့် NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ပြည်သူ့ခုခံတွန်းလှန်စစ် ၆ လပြည့်အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

ထို့ကြောင့် PDF ရဲဘော်များအနေဖြင့် အင်အားမပွန်းပဲ့စေရန်အတွက် လက်နက်ခဲယမ်း မပြည့်စုံသေးချိန်တွင် သတိကြီးကြီး၊ ဉာဏ်ကြီးကြီးဖြင့် စစ်ရေးလှုပ်ရှား ဆောင်ရွက်ကြရန် ထိုထုတ်ပြန်ချက်တွင် ပါရှိသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် အရပ်သားအစိုးရကို ဖြတ်ချကာ စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်နေရာ နိုင်ငံအနှံ့တွင် ဒေသကာကွယ်ရေးအဖွဲ့များစွာ ပေါ်ပေါက်လာပြီး စစ်ကောင်စီကို ခုခံနေကြသည်။ 

စစ်မျက်နှာများစွာဖွင့်ထားရသည့် စစ်ကောင်စီက  လက်နက်ကိုင်အဖွဲ့များကို နေပြည်တော်သို့ ဖိတ်ခေါ် တွေ့ဆုံလျက်ရှိသည်။ PDF အဖွဲ့များကိုမူ တွေ့ဆုံမည်မဟုတ်ဟု ဆိုသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button