
စစ်တပ်သတင်းပေးဟူသော သံသယဖြင့် ဖမ်းဆီးထိန်းသိမ်းထားသည့် ၂၄ ဦးကို ခံဝန်ဖြင့် ယနေ့ (မေ ၂၆) တွင် ပြန်လွှတ်ပေးလိုက်ကြောင်း ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ထံမှ သိရသည်။
ကရင်နီဒေသအတွင်း ဖမ်းဆီးထိန်းသိမ်းထားသူ ၁၂၆ ဦးအနက် စစ်တပ်သတင်းပေးဟု သံသယရှိခံရသည့် ထိုအမျိုးသား၂၄ ဦးကို လူသားချင်းစာနာထောက်ထားမှု၊ နိုင်ငံတကာအဖွဲ့များ၏ တောင်းဆိုမှုနှင့် ကာယကံရှင်အကျဉ်းသားများ၏ ခံဝန်ကတိကြောင့် ပြန်လွှတ်ပေးခြင်းဖြစ်ကြောင်း KSCC ၏ ယနေ့ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
“စစ်ဆေးမေးမြန်းကြည့်တဲ့အခါမှာ စုံစမ်းကြည့်တဲ့အခါမှာ သူတို့က အပြစ်ရယ်လို့ ကြီးကြီးမားမားသိပ်မရှိဘူး။ နောက် ထိန်းချုပ်ထားတာ ရက်ကြာပြီဆိုတော့လည်း အပြစ်ပေး အရေးယူမယ်ဆိုရင်လည်း သူတို့ အပြစ်က လွတ်သင့်ပြီပေါ့လေ။ အဲဒါကြောင့် လွှတ်လိုက်ပြီဆိုတဲ့ သဘောပါပဲ” ဟု KSCC ပြောရေးဆိုခွင့်ရှိသူက Myanmar Now ကို ပြောသည်။
ထို ၂၄ ဦးမှာ လခစား/နေ့စား အစိုးရဝန်ထမ်းများ၊ အလုပ်သမားများ၊ ဈေးရောင်းသူများဖြစ်ပြီး ၈၀ ရာခိုင်နှုန်းမှာ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်းစသည့် မြန်မာနိုင်ငံအလယ်ပိုင်းမှဖြစ်ပြီး ၂၀ ရာခိုင်နှုန်းမှာ လွိုင်ကော်မြို့ပေါ် နေထိုင်သူများဖြစ်ကြောင်း ၎င်းက ဆိုသည်။
“စစ်ကောင်စီကနေပြီးတော့ သူတို့ကို သွားခွင့်လာခွင့်ပေးတယ်။ အဲဒီနေရာကို သွားခွင့်ပေးပြီးတော့မှ (နေရပ်) ပြန်ရောက်လာလို့ရှိရင် သတင်းမေးတယ်။ အဲလိုမျိုးအဆင့်တွေပဲပေါ့နော်” ဟု KSCC ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
ဖမ်းဆီးခံရသူများမှာ နေရာမတူ၊ အမှုတွဲမတူဘဲ အများဆုံး ၂ လ၊ အနည်းဆုံး ၁ လသာ ချုပ်နှောင်ခံထားရသူများဖြစ်ကြောင်း သိရသည်။
ဆက်လက်ထိန်းသိမ်းထားသူ ၁၀၂ ဦးတွင် ရာဇဝတ်မှုကျူးလွန်သူများပါ ပါဝင်ကြောင်း၊ စစ်တပ်သတင်းပေးများ ပါဝင်ကြောင်း အထက်ပါပြောရေးဆိုခွင့်ရှိသူက ဆက်ပြောသည်။
“ဆက်ထိန်းထားတာကတော့ သူတို့ကတော့ တကယ့်အထောက်အထားခိုင်ခိုင်မာမာနဲ့ စစ်ကောင်စီဘက်ကို ထောက်ခံပါဝင်နေတဲ့ သူတို့အကျိုးစီးပွားအတွက် အလုပ်လုပ်ပေးနေတဲ့သူတွေပါတယ်။ မူးယစ်ဆေးဝါးကိစ္စတွေလည်း ပါတယ်။ တခြားပြစ်မှု၊ ရာဇဝတ်မှုတွေလည်းပါတယ်။ ခိုးမှုတွေ၊ လုယက်မှုတွေပေါ့”
KSCC အနေဖြင့် ထုတ်ပြန်ကြေညာခြင်းရှိသော်လည်း သတင်းပေး (ဒလန်) သံသယဖြင့် ဖမ်းဆီးခံရပြီး စစ်ဆေးမေးမြန်းရာတွင် ပြစ်မှုမပေါ်သဖြင့် ၃၊ ၄ ရက်အတွင်း ပြန်လွှတ်ပေးခဲ့သူများလည်းရှိကြောင်း ၎င်းက ဆိုသည်။
“စစ်ကောင်စီဘက်ကနေ သွားပြီးတော့ ရပ်တည်ပေးတယ်ဆို လူထုအချင်းချင်း သတ်သလိုပဲပေါ့။ စစ်ကောင်စီဘက်ကနေ ရပ်တည်ပြီးတော့မှ ဆောင်ရွက်မယ်၊ ကြားခံပေးမယ်ဆိုရင်တော့ ဖမ်းမယ်ဆီးမယ်၊ ထိန်းသိမ်းမှာပဲ။ ဥပဒေအရတော့ လုပ်ရမှာပဲပေါ့” ဟု KSCC ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောသည်။
ပဋိပက္ခနယ်မြေအတွင်း တော်လှန်ရေးအဖွဲ့များက သံသယဖြင့် ဖမ်းဆီးထားသူများကို အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သော ရဲများဖြင့် ဖွဲ့စည်းထားသည့် ကရင်နီပြည်ရဲဌာန (KSP) သို့ အပ်နှံပြီး CDM တရားရေးဝန်ထမ်း အချို့၏ အကြံပေးချက်ဖြင့် အမှုများကို စီရင်ကြောင်း KSCC ထံမှ သိရသည်။
ပြီးခဲ့သည့် ဧပြီ ၂၁ ၌ ဖယ်ခုံ-လွိုင်ကော် ကားလမ်းမကြီးပေါ်တွင် လျှပ်စစ်ဓာတ်အားလိုင်း လာပြုပြင်သည်ဆိုသော အသက် ၃၀ မှ ၅၀ ကြားရှိ အမျိုးသား ၂၄ ဦးနှင့် အမှတ် ၃၃၆ ခြေမြန်တပ်ရင်းမှ စစ်ဗိုလ် ၂ ဦးကို လျှပ်စစ်လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ KNDF က ဖမ်းဆီးခဲ့သည်။
ကြားကာလအတွင်း အမှုစီရင်ရာတွင် ဥပဒေပညာရှင်၊ အတတ်ပညာရှင်၊ ရပ်ရွာအကြီးအကဲများ၊ လူမှုရေးအဖွဲ့အစည်းခေါင်းဆောင်များ၊ အမျိုးသမီးအဖွဲ့ခေါင်းဆောင်များ စသူတို့ ပါဝင်သည့် တရားစီရင်ရေးကော်မတီဖွဲ့ပြီး ထိုအဖွဲ့က ဆုံးဖြတ်ချက်ချကြောင်း KSP ပြန်ကြားရေးတာဝန်ခံ ဦးဘိုဘိုက မေလဆန်းပိုင်းက Myanmar Now ကို ပြောထားသည်။
“တော်လှန်ရေးကာလမှာကျတော့ ဒလန်တို့ ဖမ်းမိတဲ့ စစ်သုံ့ပန်းတို့ Non-CDM တို့လိုမျိုးကျတော့ ဒေသန္တရဥပဒေနဲ့က မရှိဘူးခင်ဗျ။ အဲဒီတော့ ခုနက အဖွဲ့အစည်းနဲ့ ဖွဲ့ပြီးတော့ ဆုံးဖြတ်ချက်ချတာမျိုးပေါ့” ဟု ၎င်းက ပြောသည်။
ခိုးမှု၊ လုယက်မှု စသည့် ရပ်ရွာတွင် အဖြစ်များသည့် အမှုများကို ကရင်နီရိုးရာအစဉ်အလာအရ ကျင့်သုံးသည့် ဒေသန္တရဥပဒေဖြင့် ပြစ်ဒဏ်ချမှတ်လေ့ရှိကြောင်း ဆိုသည်။
စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဧပြီလတွင် ကရင်နီပြည်နယ်ရှိ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း ၅ ခု၊ ၂၀၂၀ ရွေးကောက်ခံအမတ်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ လူငယ်နှင့် အမျိုးသမီးအဖွဲ့အစည်းများ၊ နိုင်ငံခြားရောက်ကရင်နီများ၊ တတ်သိပညာရှင်များ စုစည်း၍ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ကို ဖွဲ့စည်းခဲ့သည်။
နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) နှင့် KSP တို့သည် KSCC ၏ နိုင်ငံရေးအရ ဦးဆောင်မှုအောက်တွင်ရှိကြောင်း KSCC က ကြေညာထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)