အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပခုက္ကူတွင် မိုင်းလှည့်ကွက်မိသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ကျော်သေဟုဆို

ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ မကွေးတိုင်း ပခုက္ကူမြို့နယ်တွင် စစ်သား၊ ရဲနှင့် ပျူစောထီးအဖွဲ့များ ပါသော စစ်ကောင်စီစစ်ကြောင်းကို မိုင်းဖြင့် လှည့်စားတိုက်ခိုက်နိုင်ခဲ့ကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က ဆိုသည်။

စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသည့် အရပ်ဝတ်ပျူစောထီးအဖွဲ့ဝင်နှင့် ရဲများ အင်အား ၂၅ ဦးခန့်ကို ပခုက္ကူမြို့တောင်ဘက် မြစ်ခြေ-ကျွန်းချောင်းလမ်းဘေး ညောင်လှရွာအနီးတွင် မေ ၂၃ ရက်က မိုင်းဆွဲတိုက်ခိုက်ရာ ၁၃ ဦးအထိ သေဆုံးသည်ဟု PDF ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

ဟန်ပြထောင်ထားသည့် မိုင်းကို စစ်ကောင်စီအဖွဲ့ လာရောက်ဖြုတ်သိမ်းကာ လိုက်ထရပ်ကားပေါ်သို့ တင်ဆောင်ထွက်ခွာသွားချိန်မှ ဖုန်းအသုံးပြုကာ အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲလိုက်ခြင်းဖြစ်ကြောင်း ထိုသူက ပြောသည်။

အဆိုပါ ရဲနှင့် ပျူစောထီးပူးပေါင်းအဖွဲ့မှာ ဧရာဝတီမြစ်တစ်ဖက်ကမ်း ပုဂံညောင်ဦးနှင့် မျက်နှာချင်းဆိုင်ရှိ တန့်ကြည်တောင်ဒေသသို့ ပြန်လည်ထွက်ခွာချိန်တွင် ထိုသို့တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။​

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“အရင်ကလည်း (စစ်ကောင်စီက) မိုင်းတွေဖော်ဖော်ပြီး ယူသွားတယ်။ အဲဒါကြောင့် ကျွန်တော်တို့က ဟန်ပြလေး မိုင်းထောင်ထားတာ။ အဲဒီမိုင်းအတွင်းထဲမှာမှ ဖုန်းနဲ့ ချိတ်ထားတဲ့ မိုင်းဆင်ထားတာ” ဟု PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“သူတို့ (စစ်ကောင်စီက) က အဲဒီမိုင်းကြီးကို ကားပေါ်တင်သွားတာ။ အဲဒါ ကျွန်တော်တို့က ကားလမ်းပေါ်ရောက်မှ ခွဲချလိုက်တာ”

ထိုစစ်ကောင်စီအဖွဲ့မှာ ဒေသတွင်း၌ PDF များထောင်ထားသည့် မိုင်းများကို ရှင်းလင်းနေကြဖြစ်၍ ယင်းသို့ လှည့်စားရန် စီစဉ်ခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

ဆိုင်ကယ်ဖြင့် လာသည့် စစ်ကောင်စီအဖွဲ့ဝင်များမှအပ လိုက်ထရပ်ကားပေါ်ပါသူ အားလုံးသေသည်၊ ၎င်းတို့နှင့် သိကျွမ်းသည့် ဒေသခံပျူစောထီးအချို့ပါသည်ဟု ထိုသူက ဆိုသည်။

“ကျနော်တို့ခွဲခွဲချင်းနေ့က ၅ ယောက်သေတယ်လို့ သိတာ။ နောက်နေ့မှာ (စစ်ကောင်စီဘက်မှ PDF၏ လူက) သတင်းလှမ်းပေးတယ် ကားပေါ်မှာ ပါတဲ့သူတွေ သေတယ်တဲ့ အသက်မရှင်ဘူးတဲ့ ချက်ချင်းမသေဘဲ ညကျမှ သေသွားတယ်” ဟု ထိုပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထိုနေ့ ညနေပိုင်းတွင်လည်း မြစ်ခြေ- ကျွန်းချောင်းလမ်းပေါ်၌ ဆိက္ခဝရွာဘက်မှ ထွက်ခွာလာသည့် စစ်တပ်ယာဉ်နှစ်စီးကို ဆိပ်ဖြူမြောက်ပိုင်း PDF နှင့် ပေါင်းကာ ထပ်မံတိုက်ခိုက်ရာ စစ်သားနှစ်ဦးသေပြီး ပျူစောထီးခေါင်းဆောင် ကိုဖိုးဇင်ဆိုသူ ဒဏ်ရာရသွားသည်ဟု မြစ်ခြေ-ကျွန်းချောင်း PDF တာဝန်ရှိသူက ဆိုသည်။

“ပျူစောထီးခေါင်းဆောင် ဖိုးဇင်က နေပြည်တော်ထိ ဆေးသွားကုရတယ်။ သတင်းရတယ်။ ကျနော်တို့ ဝိုင်းပစ်တာကိုး။ (စစ်ကောင်စီက) ပါဂျဲရိုးရယ်၊ ဟိုက်ဂျက်ရယ် ကား၂ စီးတက်လာတာ” 

အဆိုပါဖြစ်စဉ်များ၊ စစ်ကောင်စီဘက်မှ သေဆုံးသည်ဟု PDF ဘက်က ပြောသည့် အချက်အလက်များကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ စစ်ကောင်စီဘက်ကလည်း ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါ။

ထိုသို့ တိုက်ခိုက်မှုများအပြီးတွင် ဧရာဝတီမြစ်တစ်ဖက်ကမ်း ပုဂံညောင်ဦးဘက်မှ စစ်ကောင်စီအဖွဲ့ဝင် ၁၀၀ ခန့် ဆိက္ခဝရွာဘက်သို့ ရောက်ရှိလာပြီး မူလရှိသည့် အင်အားနှင့် ပေါင်းကာ မြစ်ခြေ၊ ကျွန်းချောင်းဒေသအတွင်း စစ်ရေးလှုပ်ရှားရန် ပြင်ဆင်နေသည်ဟု အထက်ပါ PDF ထံမှ ရသည်။

“ကျနော်တို့လည်း ဘယ်လိုလုပ်ရမလဲဆိုတာ ပြင်ဆင်နေတယ်” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံအလယ်ပိုင်းရှိ PDF အားကောင်းရာ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းရှိ အခြားနေရာများနည်းတူ ၎င်းတို့ဒေသတွင်းရှိ ရွာများကို စစ်တပ်က စီးနင်းမီးရှို့မှုများ လုပ်နေကြောင်း မြစ်ခြေ၊ ကျွန်းချောင်း PDF ဘက်က ပြောသည်။

မကွေးတိုင်း၊ ဧရာဝတီမြစ်အနောက်ဘက်ကမ်း ပခုက္ကူမြို့နယ်ရှိ မြစ်ခြေ- ကျွန်းချောင်း၊ ဆိတ်ဖြူ၊ ရေစကြို၊ မြိုင်နှင့် ပေါက်မြို့နယ်များ၊ ဂန့်ဂေါခရိုင်အတွင်းရှိ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ယော ဒေသတို့တွင် အာဏာသိမ်းစစ်ကောင်စီကို ရရာလက်နက်ဖြင့် အပြင်းအထန်ခုခံနေသည်။

စစ်ကိုင်း၊ မကွေးရှိ ခုခံမှုအားကောင်းရာ ဒေသများတွင် အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲနိုင်သည့် လက်လုပ်မိုင်းများကို PDF တို့က တွင်ကျယ်စွာ သုံးစွာနေကြရာ စစ်ကောင်စီက ဒေသအတော်များများတွင် အင်တာနက်နှင့် ဖုန်းလိုင်းများကို လိုသလို ဖြတ်တောက်၍ စစ်ရေးလှုပ်ရှားနေသည်။

ထိုအခြေအနေတွင် ဖုန်းဖြင့် ဆက်သွယ်ပြောဆို၍ ရသေးသည့် မြစ်ခြေ၊ ကျွန်းချောင်းဒေသတွင် PDF က အဝေးထိန်းမိုင်းဖြင့် စစ်ကောင်စီကို တိုက်ခိုက်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။ 

သီးခြားအတည်ပြုနိုင်ခြင်း မရှိသလို စစ်ကောင်စီက ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles