သတင်း

PDF ကို ဟန့်တားရန် စစ်တပ်က ရွာမီးရှို့ခြင်းဖြစ်သည်ဟု NUG ပြော

စစ်တပ်က ကျေးရွာအများအပြားကို လိုက်လံမီးရှို့နေခြင်းမှာ လက်နက်ကိုင်အန်တုသူတို့ ခြေကုပ်မယူနိုင်စေရန် ရည်ရွယ်ပုံရသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ပြောလိုက်သည်။

ယခင်ကတည်းက တိုင်းရင်းသားဒေသစစ်ဆင်ရေးများတွင် စစ်တပ်က ရွာဖျက်သည့်စနစ်ကို ကျင့်သုံးခဲ့သောကြောင့် ဒေသခံတို့ နေရာသစ်ကို မဖြစ်မနေထွက်ပြေးကြရသည်ဟု ဝန်ကြီးက Myanmar Now ကို ပြောသည်။

စုဆောင်းထားသည့် မျိုးစပါးကိုပါ ဖျက်ဆီးခြင်းဖြစ်ရာ ထိုဖြစ်ရပ်မျိုးနှင့် ကြုံရသည့် စိုက်ပျိုးရေးသမားသည် လာမည့်မိုးရာသီတွင် စိုက်ပျိုးနိုင်ကြတော့မည်မဟုတ်ကြောင်းလည်း ဦးအောင်မျိုးမင်းက ဆိုသည်။

“မိုးတွင်းကာလတစ်ခုလုံးတင် မကဘူး။ နောက်ထပ် နှစ်ပေါင်းများစွာ အသက်ရှင်ရမဲ့ သက်မွေးဝမ်းကြောင်းကော၊ နောက်တစ်ခါ စိုက်ပျိုးရေးကဏ္ဍတစ်ခုလုံးပါ ဖျက်ဆီးလိုက်တဲ့အတွက် ပြည်သူလူထု အရမ်းကို ဒုက္ခရောက်စေတဲ့ အပြုအမူဖြစ်တယ်” ဟု ၎င်းက ပြောသည်။

“အစုလိုက်၊ အပြုံလိုက်နေရာကနေ မောင်းထုတ်ခြင်းကတော့ လူသားမျိုးနွယ်ကို ထိခိုက်တဲ့ ရာဇတ်မှုတင်မကဘူး၊ စစ်ပွဲတိုက်ခိုက်မှုပုံစံအတွင်းမှာ ကျူးလွန်တာဖြစ်တဲ့အတွက် War Crime လို့ခေါ်တဲ့ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုအထိကို မြောက်နေတာ တွေ့ရပါတယ်”

အာဏာသိမ်းစစ်ကောင်စီတပ်က အရပ်သားပြည်သူတို့ကို အခြေအနေမဲ့ဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိဆောင်ရွက်ခြင်းသည် ကြီးမားသောရာဇဝတ်မှုဖြစ်သောကြောင့် ထိုဖြစ်ရပ်များကို မှတ်တမ်းတင်ပြီး သူ၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနသို့ တိုင်ကြားပေးပို့နိုင်သလို သတင်းဌာနများသို့ ဆက်သွယ်အကြောင်းကြားပါက ကျူးလွန်သူတို့ကို တော်လှန်ရေးအပြီး တရားစွဲသည့်အခါ အသုံးတည့်မည့် အရေးကြီးသက်သေအထောက်အထားများ ဖြစ်သည်ဟု ပြောသည်။

အချက်အလက်စုဆောင်းသည့် အရပ်ဘက်အဖွဲ့ Data for Myanmar ၏ မေ ၁ ရက်စာရင်းအရ နိုင်ငံအနှံ့အပြားတွင် မီးရှို့ခံရသည့် နေအိမ် ၁၀,၀၀၀ ကျော်ရှိပြီး ထက်ဝက်မှာ စစ်ကိုင်းတိုင်းမှဖြစ်ကြောင်း သိရသည်။ 

စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှ မီးဘေးသင့်ပြည်သူတို့ကို ကူညီပေးနေသည့် ဒေသခံအမျိုးသားတစ်ဦးက ဒေသတွင်း ထိုဖြစ်ရပ်များကို မှတ်တမ်းတင်ထားသူများ ရှိသည်ဟု ဆိုသည်။

“ကလေးမြို့တောင်ပိုင်းကျေးရွာတွေမှာတော့ မီးရှို့ခံရတဲ့ အိမ်တွေ၊ စာရင်းတွေ၊ အချက်အလက်တွေကို ရွာအလိုက်တာဝန်ခံတွေက မှတ်ထားတယ်။ စာရင်းလုပ်ထားတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော အဆိုပါ ပရဟိတသမားက Myanmar Now ကို ပြောသည်။

သို့သော်လည်း စနစ်တကျမှတ်တမ်းပြုစုနိုင်ခြင်း မရှိသေးဟု ဆိုသည်။

စစ်တပ်က လေ့ကျင့်ပေးထား၊ လက်နက်တပ်ဆင်ပေးထားသော ပြည်သူ့စစ် ခေါ် ပျူစောထီးတပ်ဖွဲ့ဝင်များ၊ ဒလန်များက ရွာမီးရှို့ရာတွင် စစ်တပ်နှင့်အတူ ပူးပေါင်းပါဝင်တတ်ကြကြောင်း ဒေသခံများထံမှ သိရသည်။

အများအားဖြင့် PDF နှင့် ဆက်စပ်သူ၊ အားပေးထောက်ခံသူဟု ယူဆခံရသူတို့၏ နေအိမ်များ ပစ်မှတ်ထားခံရသည်ဟု သိရသည်။

မေ ၂၂ တွင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အနောက်ဘက်ခြမ်း နဂါးတွင်းရွာသို့ ရောက်လာသော စစ်သားများ တစ်နေကုန်မီးရှို့ခဲ့ရာ ပျက်စီးသည့် အိမ်ခြေ ၅၃ လုံးထဲတွင် တပ်ထောက်ခံသူတို့၏ နေအိမ် ၆ လုံးပါသည်ဟု ဒေသခံနှစ်ဦးက ပြောသည်။

အရပ်သားတို့၏နေအိမ်များကို မီးရှို့သည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီက ပယ်ချလေ့ရှိကာ PDF တို့၏လက်ချက်ဖြစ်သည်ဟု မကြာခဏ တုံ့ပြန်နေသည်။

၎င်းတို့၏ ယနေ့ထုတ်သတင်းစာများတွင် မေ ၂၃ ရက်နေ့က  ချင်းပြည်နယ် ထန်တလန်မြို့တွင် PDF တို့ လက်ချက်ကြောင့် အဆောက်အအုံ ၅၀ ကျော် မီးလောင်သည်ဟု ဖော်ပြထားသည်။

ဒေသခံတို့ကမူ ၎င်းတို့မြို့သည် စစ်ကောင်စီတပ်၏ လက်ချက်ကြောင့် အကြိမ် ၃၀ နီးပါး မီးလောင်ခဲ့ပြီး မြို့၏ သုံးပုံနှစ်ပုံ ပျက်စီးပြီးဖြစ်သည်ဟု ဆိုသည်။

NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြည်သူလူထုနစ်နာမှုကို အတတ်နိုင်ဆုံးဖြည့်ဆည်းနိုင်ရန် ဆောင်ရွက်ပေးရေးအတွက် မူဝါဒချမှတ်ထားပြီးဖြစ်သည်ဟု ဧပြီ ၁၈ တွင် ပြောသည်။ 

“မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ပြည်သူတွေရဲ့အိုးအိမ်တွေကို ပြည်သူ့တော်လှန်ရေးအောင်မြင်ချိန်မှာ ပြန်လည်တည်ဆောက်ပေးမှာဖြစ်ပါတယ်လို့ ကတိပေးလိုပါတယ်” ဟု သူက NUG အစိုးရဖွဲ့စည်းတည်ထောင်ခြင်း ၁ နှစ်ပြည့်အထိမ်းအမှတ်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button